7
Sep

ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်

ကျွန်မ စစခြင်းတုန်းက ကျွန်မဒီရောဂါ ဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိခဲ့ပါဘူး။ ကျွန်မ ချောင်းတွေ အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကနေပြီး ရွှေခြင်္သေ့ကို လိုက်ပို့ပေးဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ သူက အဲဒီကိုသွားနေတဲ့ ရောဂါသည်ပါ၊   ဒါပေမယ့် လိုက်မပို့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီး သွေးစစ်လိုက်တော့ ကျွန်မမှာ ကူးစက်ရောဂါ ရှိတယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါ ရှိတယ်လို့ပြောလိုက်တော့ ကျွန်မ အရမ်းကိုပဲ တုန်လှုပ်ခြောက်ချား သွားခဲ့တယ်။ ဆရာဝန်ကြီးက နင်ဒီရောဂါ ရှိလို့ တုန်လှုပ်သွားသလား၊ စိတ်ဓာတ်ကျသွား သလားလို့ မေးတော့ ကျွန်မ စိတ်ဓာတ်မကျဘူးလို့ ပြောလိုက်ပါ တယ်။ အဲဒီ အချိန်မှာ ကျွန်မ ဆရာဝန်နဲ့ တိုင်ပင်ပါတယ်။ နောက်ပြီး ဓာတ်မှန်ရိုက်ကြည့် လိုက်တော့ တီဘီ ရောဂါရှိမှန်း သိလိုက်ရပြန်တယ်။ ကျွန်မမှာ ရောဂါ (၂)  မျိုးပေါ့နော်။

ကျွန်မသွေးတွေအန်တယ်။ အစကတော့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီ ပေးခဲ့ကြပါတယ်။  ဒါပေမယ့် နောက်တော့ HIV ရောဂါရှိမှန်းသိပြီး ကျွန်မကို ရှောင်လာကြတယ်။ ရှုံ့ချကြတယ်။ ခွဲခြားလာကြတာပေါ့နော်။ သောက်ရေခွက်တောင်မှ စတီးခွက်နဲ့ ချမပေးဘူး။ ပလတ်စတစ်ခွက်နဲ့ ချပေးခဲ့ပါတယ်။ အော် ကိုယ်က ရောဂါသည်မို့ သူတို့တစ်တွေ ခွဲခြားဆက်ဆံကြ တာပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရပါတယ်။ ကျွန်မဟာ ကျန်းမာရေး ချို့တဲ့နေတဲ့အတွက် ဘာ အလုပ်အကိုင်မှလည်း မလုပ်နိုင်တဲ့ အချိန်ဆိုတော့ ငွေကြေးအခက်အခဲ စားရေးသောက်တာ အခက်အခဲ ဖြစ်လာခဲ့ပါတယ်။ မန္တလေးဆေး ရုံကြီး ဆေးသွားပြချိန်ဆိုရင် ငွေကြေး အဆင်မပြေလို့ အရမ်းစိတ်ဆင်းရဲရပါတယ်။ ကျွန်မတို့မှာ သားအမိနှစ်ယောက် တည်းရှိတော့ ခရီးသွားရင် ကလေးပါ ခေါ်သွားရပါတယ်။ ကျွန်မလေ ကျွန်မသားလေးကို အရမ်းသနားတယ်။ ကျွန်မသွားလေရာ ဒုက္ခခံပြီး လိုက်ရတယ်။ ကားနဲ့မသွားနိုင်လို့ ရထားနဲ့သွားရတော့ တခါတရံ မိုးချုပ်မှ ပြန်ရောက်တယ်။ ကျွန်မ အရင်ကလိုပဲ ကျန်းမာရေးကောင်းနေသူ ဖြစ်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မသားလေးရဲ့ရှေ့ရေးက အများကြီးရှိနေပါသေးတယ်။ မြန်မြန် နေကောင်းမှ အလုပ်လုပ်နိုင်မှာပါ၊ ကျွန်မပြန်ပြီး နေကောင်းလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့် ပါတယ်။ ဒါပေမယ့် တခါတရံကျတော့လည်း စိတ်အားတင်းတဲ့ကြားက အားငယ် အားလျော့မိတယ်။

ကျွန်မဘဝက အဆင်မပြေမှုတွေ များလွန်းတယ်။ ကျွန်မတို့ဘဝတွေဟာ ဘဝအရမ်းနာ၊ လူဖြစ်ရကျိုး မနပ်ခဲ့ဘူး။ လူတိုင်းဟာ သေလူချည်းပါဘဲ။ ကျွန်မသေရမှာလည်း မကြောက်ပါဘူး။ ကျွန်မတို့ဘဝတွေဟာ သေရေးထက် နေရေး ခက်နေတာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ မသေချင်သေးပါဘူး။ ဘာမှ မသိ နားမလည်သေးတဲ့ လူမမယ် သားလေးကို မထားခဲ့နိုင်သေးဘူး။ ကျွန်မတို့ကို ကူညီစောင့်ရှောက်နေ တဲ့ ရွှေခြင်္သေ့က စေတနာ့ ဝန်ထမ်းအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မအနူးအညွတ် တောင်းပန်တင်ပြချင်ပါတယ်ရှင်။ ဘာလဲဆိုတော့ ကျွန်မအလုပ် မလုပ်နိုင်သေးတဲ့ အတွက် မန္တလေးသွားတိုင်း သူများဆီက ချေးရ၊ သူများဆီမှာအကူအညီတောင်းရတဲ့အဖြစ်ကို ကျွန်မ ဝမ်းနည်းစိတ်ကုန်ပါတယ်။ သူများဆီက ချေးငွေကလည်း နှစ်ထောင် သုံးထောင်ပါ၊ အဲဒါလေးနဲ့ ဖြစ်သလို ချွေတာပြီး သွားရပါတယ်။

ဒါဟာကျွန်မအတွက် ကြီးမားတဲ့ အခက်အခဲပါပဲ။ ကိုယ့်ကျန်းမာရေးကြောင့် မဖြစ်မနေ အခက်အခဲကြားက ငါနေကောင်းမှ ဖြစ်မယ်လို့ အားတင်းပြီး သွားခဲ့ပါတယ်။ ကူညီစောင့် ရှောက် သူများအားလုံးကို ရင်ထဲမှ လှိုက်လှဲစွာပဲ ကျေးဇူးတင်ပါတယ်ရှင်။ ဒီထက်မကလည်း ကူညီစောင့်ရှောက်နိုင် ကြပါစေကြောင်း ဆုတောင်းပါရစေ။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ဘဝတွေရဲ့ အသက်တွေဟာ အမေ မွေးပေးတဲ့ အသက်မရှိတော့ပါဘူး။ ဆရာသမားများရဲ့ စေတနာမေတ္တာနဲ့ ကုသပေးတဲ့ အသက်ပဲ ကျန်ပါ တော့တယ်။ ဟိုစကားလို ပေါ့ရှင် ကျားမြီးဆွဲထားကြသူများ ဒီကျားမြီးကို တသက်လုံး မလွှတ်တမ်း ဆွဲထားရ သူများ ဖြစ်ပါကြောင်းပြောရင်း ဆက်လက်အသက်ရှင်သူ ဝေဒနာရှင်တစ်ဦးရဲ့ ခံစားချက်ပါ စာသားထဲမှာ အမှားများပါခဲ့ရင်လည်း မေတ္တာနဲ့ သည်းခံခွင့်လွတ်ပါလို့ တောင်းပန်ပါရစေရှင်….လူတွေမှာ မဖြစ်ချင်တာဘဲ ခပ်များများရပြီး ဖြစ်ချင်တာတွေက နည်းနည်းပါးပါး
လေးရတာ မဆန်းတော့သလိုပါပဲ…..

ကျွန်မ အခုဆိုရင် ကျန်းမာရေးကောင်းနေပါပြီ။ ဒါကြောင့် ကျွန်မအရပ်ထဲမှာ အဝတ်လျှော်တယ်။ တစ်ခါတစ်လေ ကျတော့ လည်း အလုပ်မရှိပါဘူး။ အရင်တုန်းကတော့ အဖွဲ့က ထောက်ပံ့တော့ အဆင်ပြေတာ ပေါ့နော်၊ အခုနောက်ပိုင်းတော့ အဆင်မပြေဘူးလို့ပဲ ပြောရမှာပါ။ နောက်ပြီး ကျွန်မသားလေးကို သိပ်ချစ်တယ်။ သားလေးကို ကျွန်မမသေခင် လူတန်းစေ့အောင် လုပ်ပေးခဲ့ချင်တယ်။ မျက်နှာမငယ်စေချင်ဘူး။ ကျွန်မ ကျန်းမာရေးကောင်းနေချိန်လေးမှာ ကျွန်မအလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မမှာ အရင်းအနှီးမရှိဘူး ဖြစ်နေတယ်။ အဝတ်လျှော်တဲ့ အလုပ်ကလည်း အပ်တဲ့သူရှိမှ လုပ်ရတာပါ။ ဒီတော့ သိပ်တော့ မျှော်လင့်ချက်   မရှိပါဘူး။

ကျွန်မသားလေးက နောက်နှစ်ဆိုရင် ကျောင်းထားရတော့မယ်။ အဲဒီအတွက် အဆင်မပြေမှာ အရမ်း စိတ်ပူမိတယ်။ ကျွန်မ တစ်ခြားမြို့ကိုသွားပြီး အလုပ်လုပ်ချင်တယ်။ လုပ်မယ် လို့လည်း စိတ်ကူးထားတယ်။ ဘာ အလုပ်ရယ်လို့ သတ်မှတ်ချက် မရှိဘူးပေါ့၊ အဆင်ပြေတဲ့အလုပ်ကလေးပေါ့။ ကျွန်မသားလေးကိုရော ခေါ်သွား မှာပါ။ ကျွန်မက အခုလောလော ဆယ် ဆေးမသောက်ရသေးတော့ တစ်ခြားမြို့ဆိုရင် အဆင်ပြေနိုင်မယ် ထင် ပါတယ်။ တကယ်တော့လေ ကျွန်မတို့ဘဝတွေဟာ လူဖြစ်ရကျိုး မနပ်ပါဘူး။ ပျော်ရွှင်မှုဆိုတာလည်း တမင် တကာ ရှာကြံပြီး ဖန်တီးယူရသူပါ။ တစ်ခါတစ်လေကျတော့လည်း အဆင်မပြေမှုတွေကြားမှာ နေချင်စိတ်မရှိ တော့လောက်အောင် စိတ်ဓာတ်ကျတယ်။ စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားပစ်လိုက်ချင်တယ်။ သားကြောင့် ကိုယ့်စိတ်ကို ပြန်ပြန်ပြီး ထိန်းပစ်ရတယ်။

ကျွန်မဘဝမှာလေ ကျွန်မသားလေးသာ အဓိကပါ။ ကျွန်မ သားအတွက်ဆို ဘာမဆိုလုပ်ရဲပါတယ်။ ကျွန်မကျန်းမာရေး မကောင်းတဲ့အချိန်တုန်းကဆို ကျွန်မကလည်း ထမင်းမချက် နိုင်တော့ ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်မှာ ရင်ပွင့်မတတ် ခံစားခဲ့ရတယ်။ ကျွန်မ နေမကောင်း ဖြစ်နေချိန်မှာ အစားအသောက် ဆင်းရဲရှာတယ်။ မှန်မှန် မစားခဲ့ရဘူး။ ဒီအ ကြောင်းတွေ ပြန်တွေးပြီး ကျွန်မ  မြန်မြန်နေကောင်းအောင် ကြိုးစား ခဲ့တယ်။ ဒီထက် ကျန်းမာလာအောင်နေဖို့ ကျွန်မ ကြိုးစားဦးမှာပါ။ ကျွန်မ နေကောင်းစဉ်တုန်းက ကျွန်မအိမ်မှာ ပစ္စည်းအစုံအလင် ရှိပါတယ်။ ကျန်းမာရေး မကောင်းတော့ ရောင်းချပေါင်နှံပြီး သုံးခဲ့ရလို့ အခုဆိုရင် အိမ်မှာ ဘာမှမရှိသလောက် ဖြစ်နေပါပြီ။ တစ်ချို့ပစ္စည်းတွေ အပေါင်ဆိုင်မှာ မရွေးနိုင်သေးဘူး။ ဆုံးတဲ့ဟာ ဆုံးပေါ့ လေ။

အရင်တုန်းကလို ပြည့်စုံအောင် ပြန်ရှာမယ်။ အလုပ်ကြိုးစားချင်တယ်။ ကျွန်မလေအိပ်ယာထဲ ပြန်လဲမှာ အရမ်းကြောက်တယ်။ အိပ်ယာထဲ လဲစဉ်တုန်းက ကျွန်မ အရမ်းဒုက္ခရောက် ခဲ့တယ်။ ပြန်တွေးကြည့်ရင် သိပ်စိတ်နာဖို့ ကောင်းပါတယ်။ ကျွန်မအဝေးကို ထွက်သွားပြီး အလုပ်လုပ်ပြီး အဆင်ပြေခဲ့ရင် ကျွန်မသားလေး အတွက်ပဲ စဉ်းစားထားပါတယ်။ ကျွန်မ ဘဝမှာ ကျွန်မကလေးကပဲ ပထမပါ။ သားလေးအတွက်ပါပဲ အသက်ရှင် နေပါတယ်။ ကျွန်မကိုစောင့်ရှောက်ခဲ့တဲ့ ဆရာ/ဆရာမအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မ ဘဝမှာ သားလေးအတွက်တော့ မျှော်လင့်ချက် ပန်းတိုင်ဆိုတာ ရှိလာခဲ့ပါပြီ။ ကျွန်မဒီရောဂါ ရှိနေတဲ့အတွက် စိတ်ဓာတ်လည်း မကျဘူး။ စိတ်အားလည်း မငယ်ပါဘူး။

အခုတော့လည်း ငါမသေဘူး ရေကူးတတ်ပြီပေါ့နော်။ ရေကူးပြီဆိုတော့ ကမ်းတစ်ဖက်ထိရောက်အောင် ကူးပစ်လိုက်ချင်တယ်။ ကျွန်မကို ပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်ကြတယ်။ ကဲ့ရဲ့ကြတယ်။ အမျိုးမျိုးပေါ့နော်၊ ဒီအပြောတွေကို ကျွန်မ ဂရုမစိုက်ပါဘူး။ ပြောချင်ရာပြော ကြပါစေ။ မောရင် ရပ်သွားလိမ့်မယ်။ ကျွန်မခေါင်းထဲမှာ ရှိတာတော့ ကျွန်မဘဝကို အမြင့်ဆုံးမဟုတ်တောင် ဒီထက်မနိမ့်ကျအောင် ကြိုးစားပြီး အလုပ်လုပ်ချင်တယ်။

မစိမ့်

မိုးမခ - ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top