11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၂၀)



ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးများအကြောင်း
သိကောင်းစရာ

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါသည် ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့ရာ ယခုဆိုလျှင် ၂၃ နှစ်ခန့်
ရှိခဲ့ပြီ ဖြစ်ပါသည်။ ၂၃ နှစ်အတွင်း ဆေး သိပ္ပံပညာရှင်များ၏ မဆုတ်မနစ် ကြိုးစား အားထုတ်မှုကြောင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာ နှိမ်နင်းနှိင်သော ဆေးဝါးများ
Antiretroviral drug (ARV) ပေါ်ပေါက်ခဲ့ပြီး ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးမှုကို
၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာခဲ့ ကြပါသည်။

ထို့ကြောင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒါနာရှင်များ အတွက် ARV ဆေးဝါးများသည် အသက်တမျှ အရေးကြီးသော
ဆေးဝါးများ ဖြစ်လာခဲ့ပါသည်။

ARV
ဆေးဝါးများကို စနစ်တကျ ပုံမှန်မှီဝဲခြင်းဖြင့် မိမိ၏ခုခံအား ပြန်လည်တက်လာပြီး ပုံမှန်အလုပ်များကို
သာမန်လူတယောက်လို ပြန်လည် လုပ်ကိုင်လာနိုင်ပါသည်။ မိမိ၏စီးပွားရေးကို ပြန်လည်လုပ်ကိုင်
လာနိုင်သလို၊ ဝါသနာအရ အားကစားများကိုပင် ပြန်လည်ပြုလုပ်နိုင်သည်ကို တွေ့ကြရပါသည်။

ARV
ဆေးဝါးများကို ပုံမှန်မှီဝဲသုံးစွဲခြင်းဖြင့် ရောဂါရပြီးနောက် အနှစ်နှစ်ဆယ် ကျော်သည်အထိ
အသက်ရှင် နေထိုင်သူများလည်း ရှိပါသည်။

ထို့ကြောင့်
ARV ဆေးများသည် ခုခံအားကျ ရောဂါဝေဒနာရှင်များအတွက် တစ်ခုတည်းသော အားထားစရာ ဆေးဝါးများ
ဖြစ်ပါသည်။


ARV ဆေးဝါးများကို မြန်မာနိုင်ငံတွင်လည်း သင့်တင့်မျှတသော ငွေကြေးဖြင့် ဝယ်ယူသုံးစွဲနိုင်ပြီး
ဖြစ်ပါသည်။

သို့သော်လည်း
ARV ဆေးဝါးများကို မမှီဝဲမီ ထိုးဆေးဝါးများနှင့် ပက်သက်၍ သိထားသင့်သော အချက်များ ရှိပါသည်။

၎င်းအချက်များကို
အောက်တွင် ရှင်းလင်းတင်ပြ လိုက်ရပါသည်။

၁။ ARV ဆေးဝါးများကို လိုအပ်မှ မှီဝဲရပါမည်။

(က)
သွေးထဲတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ရှိရုံဖြင့် ARV ဆေးဝါးများကို မမှီဝဲသင့်ပါ။
မှီဝဲရန် မလိုပါ။

(ခ)
သွေးထဲတွင် HIV ပိုးရှိရုံဖြင့် မသေနိုင်ပါ။ မိမိ၏ရောဂါ ခုခံအားစနစ် အားကောင်းနေသမျှ
အခြားကူးစက်ရောဂါ များကို တွန်းလှန်တိုက်ဖျက်နိုင်ပြီး မသေနိုင်ပါ။ ခန္ဓာကိုယ်၏ ရောဂါခုခံအား
ကျဆင်းသွားသူများမှသာ အခြားကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြရပါသည်။ HIV ပိုး
တစ်ခုတည်းကြောင့် မသေနိုင်ပါ။

(ဂ)
ထို့ကြောင့် သွေးထဲတွင် HIV ပိုးရှိသော်လည်း ရောဂါခုခံအား ကောင်းနေသူများမှာ ARV ဆေးဝါးများကို
မှီဝဲရန်မလိုပါ။ ခုခံအားကျဆင်းနေသူများသာ ARV ဆေးဝါးများကို မှီဝဲရန် လိုပါသည်။

၂။ ARV ဆေးဝါးများ မှီဝဲရန် လို မလိုကို
လူနာ၏ အခြေအနေနှင့် CD4 count ခေါ် သွေးတွင်းရှိ သွေးဖြူဥတစ်မျိုး၏ အရေအတွက်အပေါ် မူတည်၍
ဆုံးဖြတ်ရပါသည်။

သွေးထဲတွင်
HIV ပိုးရှိပြီး ရောဂါလက္ခဏာ ရှိသူများမှာ ARV ဆေးဝါးများကို မှီဝဲရန် လိုပါသည်။ သွေးထဲတွင်း
HIV ပိုးရှိသော်လည်း ရောဂါလက္ခဏာ မရှိသော သူများအတွက် CD4 count ခေါ် သွေးဖြူဥ တစ်မျိုး၏
အရေအတွက်အပေါ် မူတည်၍ ဆေးဝါးမှီဝဲရန် သင့်မသင့် ဆုံးဖြတ်ရပါသည်။

(က)
CD4 count 200/cumm ထက် နည်းသူများသာ ARV ဆေးဝါးများကို မှီဝဲသင့်ပါသည်။

(ခ)
CD4 count 200/cumm ထက် များသူများမှာ ARV ဆေးဝါးများကို မှီဝဲရန်မလိုဘဲ သုံးလ၊ သို့မဟုတ်
ခြောက်လတစ်ခါ မိမိ၏ ကိုယ်ခံစွမ်းအား အဆင့်ကို သိရှိနိုင်ရန် CD4 count ကိုသာ ပြန်လည်စစ်ရန်
လိုပါသည်။

၃။ ARV ဆေးဝါးများကို မလိုအပ်ဘဲ စောစီးစွာ
စားသုံးပါက အောက်ပါဆိုးကျိုးများ ရရှိနိုင်ပါသည်။

(က)
ARV ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရတက်ပါသည်။ ARV ဆေးဝါးများသည် စနစ်တကျသုံးစွဲပါက
အားထားရသော ဆေးဝါးတစ်လက် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများ
ဥပမာ အသည်းရောင်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ရိုးတွင်းခြင်ဆီ အားနည်းခြင်း အစရှိသည်တို့
ဖြစ်တတ်ပါသည်။ ထို့ကြောင့် လိုအပ်မှသာ ကျွမ်းကျင်သော ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် သောက်သုံးရပါသည်။

(ခ)
ARV ဆေးဝါးများကို HIV ပိုးက ယဉ်ပါးသွားတတ်ပါသည်။ HIV ပိုးကို ARV ဆေးဝါးများက အပြည့်အဝမနှိမ်နင်း
နိုင်ပါက ဆေးဝါးသုံးစွဲမှု ကြာသည်နှင့်အမျှ ဆေးမတိုးတော့ဘဲ ဆေးအာနိသင် လျော့ပါးသွားနိုင်ပါသည်။
ထို့ကြောင့် မိမိ လိုအပ်သော အချိန်တွင် ဆေးဝါးများ အသုံးမဝင် ဖြစ်တတ်ပါသည်။ သို့ဖြစ်၍
လိုအပ်မှသာ ဆေးဝါးများကို မှီဝဲသင့်ပါသည်။

(ဂ)
မလိုအပ်ဘဲ ပိုက်ဆံကုန်ကျတတ်ပါသည်။ အကြမ်းအားဖြင့် HIV ပိုးကူးစက်ခံရပြီး ရှစ်နှစ်မှ
ဆယ်နှစ်ကြာမှသာ ARV ဆေးဝါးများ မှီဝဲရန်လိုအပ်ပါသည်။ ထို့ကြောင့် မလိုအပ်ဘဲ နှစ်နှင့်ချီ၍
ARV ဆေးဝါးများကို စားသုံးပါက ပိုက်ဆံများစွာ ကုန်ကျမည် ဖြစ်ပါသည်။

(ဃ)
ဆေးဝါးသုံးစွဲမှု ရှည်ကြာသည်နှင့်အမျှ မေ့လျော့၍ ဆေးမသောက်မိခြင်းများ အဖြစ်များပြီး
ဆေးယဉ်ခြင်း၊ ဆေးမတိုးခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် လိုအပ်သောအချိန်မှသာ ဆေးဝါးများကို
စနစ်တကျ ပုံမှန် မှီဝဲသင့်ပါသည်။

၎။ ARV ဆေးဝါးများကို နောက်ကျမှမှီဝဲပါက
အောက်ပါဆိုးကျိုးများ ရရှိတတ်ပါသည်။

(က)
ကိုယ်ခံစွမ်းအား ပြန်လည်တက်လာစေရန် ခက်ခဲတတ်ပါသည်။

(ခ)
အခြားသော ကူးစက်ရောဂါများပါ တွဲနေတတ်သောကြောင့် ၎င်းရောဂါများကို ဦးစားပေး ကုသနေရသဖြင့်
ARV ဆေးဝါးများ သောက်သုံးရန် ပိုမိုနောက်ကျတတ်ပါသည်။

(ဂ)
ဆေးဝါးများ၏ ဆိုးကျိုးများကို ပိုမိုခံစားရလေ့ ရှိပါသည်။

(ဃ)
သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်ရန် ခက်ခဲတတ်ပါသည်။

၅။ ARV ဆေးဝါးများကို သောက်သုံးရပြီဆိုပါက
တစ်သက်လုံး သောက်သုံးရမည် ဖြစ်ပါသည်။

ခုခံအားကျ
ကူးစက်ရောဂါကို မမြစ်ပျောက်ကင်းအောင် ကုသနိုင်သောဆေး ယခုအထိ မပေါ်သေးပါ။ ယခု ARV ဆေးဝါးများမှာ
ရောဂါတိုးတက်မှုကို ထိရောက်စွာ တားဆီးနိုင်သော ဆေးဝါးများသာ ဖြစ်ပါသည်။ ARV ဆေးဝါးများကို
ပုံမှန်မှီဝဲနေသမျှ ရောဂါဆိုးရွားလာခြင်းမရှိဘဲ သက်တမ်းရှည်စွာ နေထိုင်သွားနိုင်မည်
ဖြစ်ပါသည်။ ARV ဆေးဝါးများကို သောက်သုံးရာမှ ရပ်လိုက်မည်ဆိုပါက ကိုယ်ခံအားပြန်ကျပြီး
ရောဂါ တိုးလာတတ်ပါသည်။

၆။ ARV ဆေးဝါးများကို မိမိသဘောဖြင့် ဝယ်ယူမသုံးစွဲသင့်ပါ။

ARV
ဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သောကြောင့် တက်ကျွမ်းနားလည်သော ဆရာဝန်များ၏
ညွှန်ကြားချက်အရသာ မှီဝဲသင့်ပါသည်။ ဆေးဝါးမှီဝဲနေစဉ်တွင်လည်း ဆရာဝန်၏ ကြီးကြပ်မှု အောက်တွင်
ပုံမှန် ပြသကုသမှု ခံယူရပါမည်။

လိုအပ်ပါကသွေး
ပြန်လည်စစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း တို့ကိုလည်း ပြုလုပ်ရပါမည်။ သို့မှသာ ဆေးဝါးများ၏
ဆိုးကျိုးများကို ခံစားရမှုမှရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

၇။ ယခုမြန်မာပြည်ရှိ ARV ဆေးဝါးများမှာ
သောက်ဆေးများသာ ရှိပါသည်။ ထိုးဆေးမရှိပါ။

ထို့ကြောင့်
ခြောက်လခံထိုးဆေး၊ တစ်နှစ်ခံထိုးဆေး ထိုးပေးမည်ဆို သောသူများမှာ လူလိမ်များသာဖြစ်ကြောင်း
သိရှိရန် လိုပါသည်။ အနောက်နိုင်ငံ အချို့တွင် HIV ပိုးကို နှိမ်နင်းနိုင်သည့် ထိုးဆေးများ
သုံးစွဲနေပြီ ဖြစ်သော်လည်း မြန်မာပြည်သို့ မရောက်ရှိသေးပါ။ ၎င်းထိုးဆေးမှာလည်း နေ့တိုင်းထိုးရပြီး
ARV စားဆေး မတိုးတော့သော လူနာများတွင်သာ သုံးစွဲပါသည်။

၈။ ARV ဆေးဝါးများကို မပျက်မကွက် နေ့စဉ်ပုံမှန်
သောက်သုံးသွားရန် လိုပါသည်။

ARV
ဆေးဝါးအများစုကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်သုံးကြရန် လိုပါသည်။ သောက်ရမည့် ဆေးကို
မပျက်မကွက် ပုံမှန်သောက်သုံးရပါမည်။ ဆေးမေ့၍ မသောက်သည့် အကြိမ် များလာလေလေ၊ ဆေးအာနိသင်
လျော့နည်းလေလေ၊ ဆေးယဉ်လေလေ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဆေးကို တစ်နေ့တစ်ရက်မျှ မပျက်မကွက်သင့်ပါ။

၉။ ARV ဆေးဝါးများကို သတ်မှတ်ထားသည့်
အကြိမ်အရေအတွက် အတိုင်း သောက်သုံးရပါမည်။ လျော့၍ မရပါ။

တစ်နေ့နှစ်ကြိမ်
သောက်ရမည့်ဆေးကို နှစ်ကြိမ်သာ သောက်သုံးရပါမည်။ သုံးကြိမ်သောက်ရမည့် ဆေးကိုလည်း သုံးကြိမ်အပြည့်
သောက်ရပါမည်။ လျော့သောက်၍ မရပါ။ လျော့သောက်ခြင်းဖြင့် ဆေးယဉ်ခြင်း၊ ဆေးမတိုးခြင်းများ
ဖြစ်သွားတတ်၍ သတိထားရပါမည်။

၁၀။ ARV ဆေးဝါးများကို ဆေးဖက်ဝင်အပင်များ
(HERB) နှင့် တွဲဖက်မစားသုံးသင့်ပါ။

အချို့သော
ဆေးဖက်ဝင် အပင်များသည် ကိုယ်ခံအားကို တိုးတက်စေသည်၊ HIV ပိုးကို သတ်နိုင်သည် အစရှိသဖြင့်
ပြောဆိုသူများ ရှိပါသည်။ သို့သော် ထိုပြောဆိုချက်ကို ထောက်ခံသည့် သိပ္ပံနည်းကျ သက်သေ
အထောက်အထားများ လုံလောက်စွာ မရှိပါ။ ထို့ကြောင့် တစ်ကမ္ဘာလုံးရှိ တက်ကျွမ်းနားလည်သည့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အထူးကု ဆရာဝန်များသည် ဆေးဖက်ဝင်အပင်များကို မသုံးပါ။
ARV ဆေးဝါးများကိုသာ သီးသန့်သုံးစွဲပါသည်။ ARV  ဆေးဝါးများကို ဆေးဖက်ဝင်အပင်များနှင့် တွဲဖက် စားသုံးခြင်းဖြင့်
ARV ဆေးဝါးများ၏ ဆိုးကျိုးများ ပိုမိုခံစားရခြင်းများ ဖြစ်တတ်သော ကြောင့် ဆေးဖက်ဝင်
အပင်များကို တွဲဖက်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top