11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၂၁)



Antiretroviral
drug နှင့် ဆေးဖက်ဝင်အပင်များ

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါဝေဒနာ ရှင်များသည် ခုခံအားကို တိုးမြှင့်စေသည်ဆိုသော ဆေးဖက်ဝင် အပင်များကို
အများအပြော အရလည်းကောင်း၊ ကျော်အောင်ညာသော ကြော်ငြာများကို ယုံစားမိသော ကြောင့် သော်လည်းကောင်း
စားသုံးတတ်ကြပါသည်။

အမှန်တကယ်မူ
ဆေးဖက်ဝင် အပင်များက ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် ကျဆင်းနေသော ကိုယ်ခံအားကို
ပြန်လည်တိုးတက် စေနိုင်သည်ဟု ယုံကြည်စိတ်ချရသော သိပ္ပံနည်းကျ အထောက်အထား များမရှိပါ။
ထို့ပြင် ထိုဆေးဖက်ဝင် အပင်များသည် ခုခံအားစနစ်၏ မကောင်းသော အပိုင်းများကို သွားရောက်လှုံ့ဆော်ခြင်းဖြင့်
ရောဂါကို ပိုမို ဆိုးရွားစေနိုင်သည့် အန္တရာယ်ပင် ရှိနိုင်ပါသည်။

ထို့ကြောင့်
ဆေးဖက်ဝင် အပင်များဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ကုသခြင်းသည် အန္တရာယ် များသော
ကုထုံးတစ်ခုအဖြစ် နိုင်ငံတကာမှ ဆေးပညာရှင်များက လက်ခံထားကြပါသည်။

ဆေးဖက်ဝင်
အပင်များထဲတွင် အောက်ပါ ဆေးဖက်ဝင် အပင်များမှာ အသည်းထဲတွင်ရှိသော cytochrome P (၄၅၀)
အင်ဇိုင်းနှင့် ဓာတ်ပြုပြီး ARV ဆေးဝါးများ၏ အာနိသင်ကို လျော့နည်းစေခြင်း၊ ဆေး၏ ဘေးထွက်
ဆိုးကျိုးများကို ပိုမိုဖြစ်ပွားစေတတ်ခြင်း တို့ကြောင့် ARV ဆေးဝါးများနှင့် လုံးဝ
တွဲဖက်မမှီဝဲသင့်ပါ။

၁။
ကြက်သွန်ဖြူ (တစ်နေ့ဆယ်လုံးထက် ပိုမစားရပါ)

၂။
ဂျင်ဆင်း

၃။
ဂရိဖရုဖျော်ရည်

၎။
St john’s wort

၅။
Milk thistle

၆။
Geniposide

၇။
Scullcap

သတိထားကာ သုံးစွဲပါ

 ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာ ထိန်းချုပ်ဟန့်တားနိုင်သည့်
ANTIRETROVIRAL DRUG (ARV) ဆေးဝါးများသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှင်များအတွက်
အားထားရသည့် ဆေးစွမ်း ကောင်းတစ်လက် ဖြစ်ပါသည်။ သို့သော် အန္တရာယ်ကင်းစွာဖြင့် ဆေးဝါးများ၏
အာနိသင်ကို အပြည့်အဝ ခံစားရရှိနိုင်ရန်မှာ ဆေးဝါးများကို ညွှန်ကြားချက်အတိုင်း စနစ်တကျ
မှီဝဲရန်လိုပါသည်။

ANTIRETROVIRAL
DRUG (ARV) ဆေးဝါးများကို မမှန်မကန် သုံးစွဲမှုကြောင့် ဒုက္ခရောက်ကြရသော လူနာများကို
တွေ့မြင်နေရသောကြောင့် ARV ဆေးဝါးများကို သုံးစွဲရာတွင် သတိထားရမည့် အချက်အချို့ကို
တင်ပြလိုပါသည်။

ARV
ဆေးဝါးများကို သုံးစွဲရာတွင် အဓိကတွေ့ရသည့် ပြဿနာနှစ်ရပ်မှာ -

၁။
ဆေး၏ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း။

၂။
ဆေးယဉ်ပါး၍ HIV ပိုးက ဆေးဒဏ်ခံနိုင်ခြင်းတို့ ဖြစ်ပါသည်။

ARV
ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရမှုမှ ကင်းလွတ်စေရန် ARV ဆေးဝါးများကို သုံးစွဲရာတွင်
ကျွမ်းကျင်၍ အတွေ့အကြုံရှိပြီးသူ သမားတော်များ၏ အနီးကပ် ကြီးကြပ်မှုအောက်တွင်သာ သောက်သုံးသင့်ပါသည်။
ဆေးကုမ္ပဏီ၏ ကြော်ငြာများဖတ်၍ လည်းကောင်း၊ အခြားသောသူများ၏ ပြောစကားများ ဖြင့်သော်လည်းကောင်း
ဝယ်ယူမမှီဝဲသင့်ပါ။

ARV
ဆေးဝါးများသည် သာမန် နှာစေးချောင်းဆိုး ပျောက်ဆေးများကဲ့သို့ အလွယ်တကူ ပေါ့ပေါ့ဆဆ မှီဝဲရသော
ဆေးဝါးများမဟုတ်ပါ။ ARV ဆေးဝါးများကို အသုံးပြုမည့် ဆရာဝန်များကို အထူးသင်တန်းများ
ပေးရပါသည်။ သင်တန်းတက်ပြီး အတွေ့အကြုံရှိပြီးသူ ဆရာဝန်များသာ ARV ဆေးဝါးများကို စနစ်တကျ
မှန်မှန်ကန်ကန် အသုံးပြုတတ်ပါသည်။

ARV
ဆေးဝါးများသုံးစွဲရာတွင် သတိထားရမည့် အချက်အချို့ကို တင်ပြလိုပါသည်။

၁။ လူနာနှင့်သင့်တော်သော ARV ဆေးဝါးများကိုသာ
သုံးစွဲပါ။

ARV
ဆေးဝါးဆိုသည်မှာ တစ်မျိုးတည်းမဟုတ်ပါ။ ဆေးဝါးအမယ်ပေါင်း နှစ်ဆယ်နီးပါး ပါဝင်ပြီး လူနာ၏
အခြေအနေအပေါ် မူတည်၍ သင့်တော်သော ဆေးဝါးသုံးမျိုးကို အနည်းဆုံး တွဲစပ်၍ ပေးရပါသည်။ ဥပမာ
- ARV ဆေးဝါးတစ်မျိုးဖြစ်သည့် AZT သည် သွေးအားနည်းခြင်းကို ဖြစ်စေတတ်သောကြောင့် မူလကတည်းက
သွေးအားနည်းသော လူနာများကို မသုံးစွဲသင့်ပါ။

ထို့အတူ
ARV ဆေးဝါးတစ်မျိုးဖြစ်သည် NEVIRAPINE သည် အသည်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်တတ်သောကြောင့်
အသည်းရောဂါ ရှိသူများ ရှောင်ကြဉ်ရပါသည်။ အလားတူ စဉ်းစားချင့်ချိန်စရာ အချက်များစွာ
ရှိပါသည်။ ၎င်းအချက်များကို သတိမပြုမိသောကြောင့် သွေးအားနည်းသော လူနာများတွင် AZT ကို
မပြောင်းလဲဘဲ ကာလတာရှည်စွာ သုံးစွဲ၍ သော်လည်းကောင်း၊ အသည်းအားနည်းသော လူနာများတွင်
NEVIRAPINE ကို ဂရုမစိုက်ဘဲ သုံးစွဲမိ၍ သော်လည်းကောင်း ဒုက္ခရောက်ကြရသော လူနာအချို့ကို
ဝမ်းနည်းစရာ တွေ့ကြုံရပါသည်။

၂။ မှန်ကန်သော ဆေးဝါးပမာဏကို အသုံးပြုရန်လိုပါသည်

ARV
ဆေးဝါးများတွင် သူ့အမျိုးအစားအလိုက် တိကျသော ဆေးဝါးအလေးချိန် ပမာဏကို သုံးစွဲရပါသည်။
ဥပမာ - AZT ဆေးကို သုံးစွဲလျှင် ၃၀၀ မီလီဂရမ် အလေးချိန်ရှိသော ဆေးဝါးကို နံနက်တစ်ကြိမ်၊
ညတစ်ကြိမ် မှီဝဲရပါသည်။

AZT
ဆေးကို ဆေးကုမ္ပဏီက ၁၀၀ မီလီဂရမ် အလေးချိန်ရှိသော ဆေးတောင့်နှင့် ၃၀၀ မီလီဂရမ်ရှိသော
ဆေးတောင့် ဟူ၍ ခွဲခြားထုတ်လုပ်ထားပါသည်။

ထိုအချက်ကို
သတိမထားမိသော သူများက ၃၀၀ မီလီဂရမ် ဆေးကို နှစ်ကြိမ်မှီဝဲရမည့်အစား ၁၀၀ မီလီဂရမ်ဆေးကို
နှစ်ကြိမ် မှားယွင်းသုံးစွဲမိသဖြင့် ဆေးအာနိသင့် လျော့ပါး၍ ဆေးယဉ်ပြီး ဒုက္ခရောက်ရသူများ
လည်း ရှိပါသည်။

၃။ တစ်နေ့လျှင် မှန်ကန်သော အကြိမ် အရေအတွက်အတိုင်း
မှီဝဲရပါမည်။

ARV
ဆေးဝါးများသည် အမျိုးအစားအလိုက် တစ်နေ့တာ သောက်သုံးရမည့် အကြိမ်အရေအတွက် ကွာခြားပါသည်။
ဥပမာ - ARV ဆေးဝါးဖြစ်သည့် AZT.3TC, d4T, NEVIRAPINE အစရှိသည့် ဆေးဝါးများကို တစ်နေ့နှစ်ကြိမ်၊
EFAVIRENZ ဆေးကို တစ်နေ့တစ်ကြိမ်၊ INDINAVIE ဆေးကို တစ်နေ့သုံးကြိမ် သတ်မှတ်ထားသည့်အတိုင်း
မှီဝဲရပါသည်။ အကြိမ်ရေကိုလျော့ပြီး သောက်သုံး၍ မရပါ။ လျော့၍ သောက်သုံးပါက ဆေးယဉ်ခြင်း၊
ဆေးမတိုးခြင်းများ ဖြစ်ပြီး ဒုက္ခရောက်တတ်ပါသည်။      

၎။ ဆေးသောက်သုံးမှု တစ်ခုနှင့်တခုအကြား
တိကျသော အချိန်ကာလ အတိုင်းအတာ အတိုင်းသာ သောက်သုံးသင့်ပါသည်။

ဥပမာ
- AZT, 3TC တို့ကို တစ်နေ့နှစ်ကြိမ် သောက်သုံးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်အကြား
၁၂ နာရီခန့်သာ ကွာခြားသင့်ပါသည်။ အကြောင်း ကြောင်းကြောင့် ၁၂ နာရီ ကျော်သွားခြင်းမျိုး
မဖြစ်သင့်ပါ။ ထိုသို့ ဖြစ်ပါက သွေးထဲရှိ ဆေးပမာဏ လျော့နည်းသွားချိန် HIV ပိုးများပိုပွားပြီး
ဆေးယဉ်၊ ဆေးမတိုးခြင်းများ ဖြစ်တတ်ပါသည်။ အလားတူ INDINAVIR ကို သုံးကြိမ်သောက်သုံးရာတွင်
တစ်ချိန်နှင့် တစ်ချိန်အကြား ၈ နာရီ ပတ်ဝန်းကျင်ခန့်သာ ကွာသင့်ပါသည်။

၅။ ညွှန်ကြားထားသည့် အတိုင်း အစာစားချိန်အပေါ်
မူတည်၍ စားသုံးရပါမည်။

အချို့သော
ARV ဆေးဝါးများ ဥပမာ - AZT, 3TC တို့မှာ အစာမရှိဘဲသော်လည်းကောင်း၊ အစာစားပြီးမှ သော်လည်းကောင်း
စားသုံး၍ ရပါသည်။ သို့သော် ddl, INDINAVIR အစရှိသည့် ဆေးဝါးများကိုမူ အစာနှင့် ဝေးဝေး
(အစာမစားမီ တစ်နာရီကြို၍  သော်လည်းကောင်း၊ အစာစားပြီး
နှစ်နာရီကြာမှ သော်လည်းကောင်း) စားသုံးရပါသည်။ သို့မှသာ ဆေး၏ အာနိသင် အပြည့်အဝရရှိမည်
ဖြစ်ပါသည်။ ထို့ကြောင့် မည်သို့ သောက်သုံးရမည်ကို ကုသမည့် ဆရာဝန်အား သေသေချာချာ မေးမြန်းထားရန်
လိုပါသည်။

၆။ ဆေးသောက်ပြီး ထူးခြားမှု တစ်စုံတစ်ရာရှိပါက
ကုသမည့် ဆရာဝန်အား အမြန်ဆုံး အကြောင်းကြားရန် လိုပါသည်။

အချို့သော
ARV ဆေးဝါးများ ဥပမာ - NEVIRAPINE သည် ဆေးမတည့်မှု၊ အသည်းထိခိုက်မှုများ ဖြစ်ပေါ်တက်သောကြောင့်
ဆေးသောက်ပြီး ဆေးမတည့်သည့် လက္ခဏာများ (ဥပမာ - အရေပြား ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊
ဖျားခြင်း) ဖောလာခြင်း၊ မျက်လုံးဝါလာခြင်း အစရှိသည်တို့ ဖြစ်ပါက ကုသသူ ဆရာဝန်ထံ အမြန်ပြန်
ပြသင့်ပါသည်။ သို့မှသာ လိုအပ်သော ကုသမှုကို စောစောစီးစီး ပြုလုပ်ပေးနိုင်ပါသည်။ ဆေးသောက်ပြီး
အင်ပျဉ်များ ထွက်လာသော်လည်း အပူကန်သည်ဟု ယူဆပြီး ဆရာဝန်ထံ မပြမိသောကြောင့် နောက်ကျမှ
ဆေးရုံးရောက်ပြီး အသက်ဆုံးရှုံးရသော လူနာများ ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် ဆရာဝန်များမှလည်း
လူနာကို ဆေးမပေးမီ သေသေချာချာ မှာကြားရန် လိုအပ်ပါသည်။

၇။ ကောင်းမွန်စိတ်ချရသော ARV ဆေးဝါးများကိုသာ
သုံးစွဲပါ။

ARV
ဆေးဝါးများကို မမှီဝဲမီ ရက်လွန်ဆေးဝါးများ ဟုတ် မဟုတ် ဆေးဝါးသက်တမ်းကို ကြည့်၍ သော်လည်းကောင်း၊
တရားဝင်မှတ်ပုံတင်၍ တင်သွင်းသော ဆေးဝါးဟုတ် မဟုတ် ကို မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်
အမှတ်ကို ဆေးဘူးပေါ်မှာ ကြည့်၍ သော်လည်းကောင်း စိစစ်ရန်လိုပါသည်။ ရက်လွန်ဆေးဝါးများ၊
နယ်စပ်မှသွင်းလာသော ဆေးဝါးများမှာ ဈေးသက်သာသော်လည်း အာနိသင်မပြည့်ဘဲ အန္တရာယ် ရှိနိုင်ပါသည်။

၈။ ARV ဆေးဝါးများနှင့် အခြားဆေးဝါးများအကြား
အချင်းချင်း ဓာတ်တုံ့ပြန်မှု အများအပြားရှိသောကြောင့် ထပ်မံ၍ ဆေးဝါးများ၊ သို့မဟုတ်
ဆေးဖက်ဝင်အပင်များ တွဲဖက်၍ မှီဝဲလိုပါက ကုသသောဆရာဝန်ကို သေချာစွာ မေးမြန်းပြီးမှ မှီဝဲသင့်ပါသည်။

ဥပမာ
- NEVIRAPINE ခေါ် ARV ဆေးဝါးတစ်မျိုးကို သောက်သုံးနေသူသည် တီဘီဆေး၊ သို့မဟုတ်
KETOCONAZOLE ကို ရှောင်ကြဉ်ရပါမည်။ အသည်းထိခိုက်မှုကို ပိုမို ဖြစ်ပေါ်စေနိုင်သောကြောင့်
ဖြစ်ပါသည်။

အလားတူ
ဂရိတ်ဖရုဖျော်ရည်နှင့် ST.John’s Wart ခေါ် ဆေးဖက်ဝင်အပင်တစ်မျိုးသည် INDINZAVIR ခေါ်
ARV ဆေးတစ်မျိုး၏ အာနိသင်ကို လျော့နည်းစေသောကြောင့် ရှောင်ကြဉ်ရပါမည်။

၉။ ရောဂါ သက်သာလာပါက ဆေးသောက်သုံးမှုကို
လျှော့ချ၍ မရပါ။

ရောဂါသက်သာလာပါက
ဆေးနှစ်ကြိမ် သောက်သုံးနေမှုကို တစ်ကြိမ်သို့ လျှော့ချ သောက်သုံးခြင်း၊ တစ်ရက်ခြား သောက်သုံးခြင်း
မပြုလုပ်ရပါ။ မူလအတိုင်းသာ ဆက်လက် သောက်သုံးရပါမည်။ ဆေးသောက်သုံးမှုကို လျှော့ချလိုက်ပါက
ဆေးယဉ်ကာ အာနိသင်လျှော့ပါး သွားတတ်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top