11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၂၂)



ခုခံအားကျဆင်းမှု
ကူးစက်ရောဂါဝေဒနာရှင်များ သတိထားစရာ

မြတ်စွာဘုရားသခင်၏
ဟောကြားချက်အရ ခန္ဓာတစ်ခုရခြင်းသည် ဒုက္ခတစ်ခုရနေခြင်းသာ ဖြစ်ပါသည်။ ခန္ဓာရသူများထဲတွင်
ရောဂါရှိသော ခန္ဓာကိုယ်ရသူသည် ပိုမို၍ ဒုက္ခဆင်းရဲဖြစ်ရပါသည်။ ရောဂါထဲတွင်လည်း သူတစ်ပါးတို့၏
ပြစ်တင်ရှုတ်ချခြင်းကို ခံရလေ့ ရှိသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင် ဖြစ်ရခြင်းသည်
သာ၍ပင် ဆင်းရဲရပါသည်။ ထို့ထက် ပိုဆိုးသည်ကား ခုခံအားကျရောဂါရှိပြီး ပျောက်စေ လူလိမ်
ဆေးကုဆရာများ၏ လှည့်ဖြားမှုကိုခံရပြီး ငွေရော၊ အသက်ပါ ဆုံးရှုံးခဲ့ကြသည့် သူများ၏ ဘဝသည်
အဆိုးဆုံးဟု ဆိုရမည် ဖြစ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သည် ဟုဆိုကြသော ပျောက်စေလူလိမ်ဆရာများ၊
ဆေးဝါးများ တိုးပွားလျက်ရှိသည်ကို တွေ့နေရပါသည်။ သို့ဖြစ်၍ ဝေဒနာရှင်များ လိမ်ညာမှုမခံရစေရန်
ကျွန်တော် တွေ့ကြုံခဲ့ရသည့် လိမ်ညာနည်းတချို့ကို ဖော်ထုတ် တင်ပြအပ်ပါသည်။

၁။ HIV(+)  ကို HIV(-) ဖြစ်အောင် ကုသနိုင်သည်ဟု ပြောဆိုလိမ်ညာခြင်း။

ယနေ့အထိ
ကမ္ဘာပေါ်တွင် HIV(+) ကို HIV(-) ဖြစ်အောင် လုပ်ပေးနိုင်သည့် ဆေးဝါးများ မပေါ်ပေါက်သေးပါ။
ရောဂါတိုးနှုန်းကို ထိရောက်စွာ တားဆီးနိုင်သော ဆေးဝါးများကိုသာ ရှာဖွေဖော်ထုတ်နိုင်ပြီး
တစ်ကမ္ဘာလုံးတွင် သုံးစွဲလျက်ရှိပါသည်။ လူလိမ်ဆရာများသည် ဓာတ်ခွဲခန်းများနှင့် ပေါင်းပြီး
ဝေဒနာရှင်များကို HIV(-) ဖြစ်သည့် အဖြေများကို ထုတ်ပေးပြီး လိမ်ညာကုသလျက် ရှိပါသည်။
ယင်းသို့ HIV(-) ဖြစ်အောင် ကုသပေးနိုင်သည်ဟု ဆိုလာသူသည် လူလိမ်သာဖြစ်၍ ဝေးဝေးရှောင်သင့်ပါသည်။

၂။ ခုခံအားကျရောဂါကို အမြစ်ပြတ်အောင်၊
သို့မဟုတ် ထိန်းထားနိုင်အောင် ဆေးထိုးကုသပေးမည်ဟု လိမ်ညာခြင်း။

ခုခံအားကျရောဂါကို
အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးများ ယနေ့အထိ ကမ္ဘာပေါ်တွင် မပေါ်ပေါက်သေးပါ။
သို့သော်အချို့လူလိမ်များက ရောဂါ တစ်ခါတည်းပျောက်အောင် ဆေးတစ်လုံး ထိုးပေးမည်၊ ငွေဘယ်နှသိန်း
ပေးရမည် ဟူ၍လည်းကောင်း၊ HIV ရောဂါထိန်းဆေးကို သောက်စရာမလို၊ တစ်လတစ်ခါသာ ဆေးလာထိုးရမည်။
တစ်ခါထိုး ဘယ်နှသောင်း ဟူ၍လည်းကောင်း လိမ်လည် လျက်ရှိပါသည်။

HIV
ရောဂါကို ထိန်းချုပ်နိုင်သော ဆေးဝါးများတွင် သောက်ဆေးများသာ မြန်မာပြည်တွင် လောလောဆယ်
ရရှိနိုင်ပါသည်။ ထိုးဆေးများ မြန်မာပြည်သို့ မရောက်ရှိသေးပါ။ သို့ပါ၍ ထိုးဆေးဖြင့်
AIDS ရောဂါကို ကုသပေးမည်ဟု ဆိုလာသူသည် လူလိမ်သာ ဖြစ်ပါသည်။

၃။ ဆေးစသောက်စဉ် နေထိုင်ကောင်းသလို ရှိသော်လည်း
တာရှည်သုံးစွဲလျှင် အန္တရာယ်ရှိသော ဆေးဝါးများကို သုံးစွဲခြင်း။

ခုခံအားကျ
ကူးစက်ရောဂါ ဝေဒနာရှင်များသည် မစားချင်၊ မသောက်ချင်ဖြစ်၍ ပိန်ချုံးလာတတ်ပါသည်။ လတ်တလော
စားချင်သောက်ချင်စိတ် ရှိ၍ ဝဖြိုးလာစေရန် စတီးရွိုက်ဟော်မုန်းပါသော ဆေးများကို ရမ်းကုဆရာများ
ပေးလေ့ရှိပါသည်။ သောက်စတွင် ဆေးအာနိသင်ကြောင့် စားဝင် ဝဖြိုးလာသော်လည်း ရေရှည်၌ ဆေးက
ကိုယ်ခံအားကို ပိုမိုကျဆင်း စေသောကြောင့် CD4 သွေးဖြူဥများ ကျဆင်းပြီး ဒုက္ခရောက် သူများလည်း
ရှိပါသည်။

၎။ HIV ပိုးကို ထိန်းချုပ်နှိမ်နင်းနိုင်သော
ဆေးဝါးများအား မမှန်မကန် သုံးစွဲ၍ ကုသခြင်း။

HIV
ပိုးကို ထိန်းချုပ်နှိမ်နင်းနိုင်သည် Antiretroviral Drug (ARV) ခေါ် ဆေးဝါးများသည်
စနစ်တကျ သောက်သုံးနိုင်ပါက ရောဂါတိုးတက်မှုကို ထိန်းချုပ်ပေးနိုင်ပြီး ကိုယ်ခံအားကိုပါ
ထိရောက်စွာ မြှင့်တင် ပေးနိုင်သောကြောင့် တစ်ကမ္ဘာလုံးက AIDS အထူးကုဆရာဝန်များ အားထား
သုံးစွဲနေရသော ဆေးဖြစ်ပါသည်။

သို့သော်
၎င်းဆေးဝါးများကို ဆေးအချိန်အဆ မမှန်မကန်သုံးစွဲခြင်း၊ သင့်တော်မှန်ကန်သော ဆေးဝါးများကို
ရွေးချယ်သုံးစွဲမှုမရှိခြင်း၊ မသင့်တော်သော ဆေးဝါးများနှင့် ပေါင်းစပ်ကုသမိခြင်း၊ ဆေး၏
မလိုလားအပ်သော အာနိသင်များကို စောစောစီးစီး မသိရှိခြင်းတို့ ဖြစ်ပါက လူနာရှင်အား ဒုက္ခများစွာ
ဖြစ်စေပါသည်။ အချို့သော လူလိမ်ဆရာများသည် အထက်ပါ HIV ဆေးဝါးများကို လူနာမသိစေရန် ပုံစံပြောင်း၍
လူနာအား ပေးကျွေး ကုသပေးပါသည်။ သို့သော်ဆေးနှင့် ရောဂါအကြောင်းကို ကောင်းစွာ မသိရှိသောကြောင့်
ကုသခံရသော ဝေဒနာရှင်မှာ ကုက္ခရောက် ကြရပါသည်။

၅။
HIV ပိုးကို မနှိမ်နင်းနိုင်သည့်၊ လုံလောက်သော သက်သေမရှိသည့် ဆေးဝါးများကို သုံးစွဲလိမ်လည်ခြင်း။

HIV ပိုးကို ထိရောက်စွာ နှိမ်နင်းနိုင်သော
ဆေးဝါးများမှာ Antiretroviral Drug (ARV) များသာ ဖြစ်ပါသည်။ ၎င်းဆေးဝါးများမှာ လူပေါင်းများစွာကို
သုတေသနပြုပြီး အာနိသင်ကို စိတ်ချရသောကြောင့် တစ်ကမ္ဘာလုံးရှိ ဆရာဝန်များက HIV ရောဂါကုသရာတွင်
သုံးစွဲနေကြပါသည်။

သို့သော်
အသိဉာဏ်နည်းပါ၍ ဗဟုသုတချို့တဲ့သော ဝေဒနာရှင်များအား လူလိမ်များက သူတို့ထုတ်လုပ်သော
ဆေးဝါးများ၊ ဆေးပင်များကသာ AIDS ရောဂါကို ပျောက်ကင်းနိုင်သလို၊ ပြောဆိုလိမ်ညာလျက်ရှိ
ကြပါသည်။ အမှန်တကယ်တွင် ၎င်းတို့၏ ဆေးဝါးများမှာ သိပ္ပံနည်းကျ စမ်းသပ် သုတေသန ပြုလုပ်ထားခြင်းမျိုးမရှိဘဲ
ဆေး၏ အာနိသင်များမှာလည်း ယုံကြည်စိတ်ချရခြင်း မရှိပါ။

သို့ဖြစ်၍
ကုသမှုမခံယူမီ တက်ကျွမ်းနားလည် သူများနှင့် တိုင်ပင်၍ အကြံဉာဏ် ယူသင့်ပါသည်။ သေသေချာချာ
စုံစမ်းလေ့လာပြီးမှသာ ကုသမှု ခံယူသင့်ပါသည်။

ဆက်သွယ်မေးမြန်းနိုင်ပါသည်

အနောက်နိုင်ငံများတွင်
HIV/AIDS ဝေဒနာရှင်များကို ကုသမည့် ဆရာဝန်များအား ARV ဆေးဝါးများကို စနစ်တကျ မည်သို့သုံးစွဲ
ရမည်ကို သင်တန်းများပေးခြင်း၊ Diploma Course များပေးခြင်းဖြင့် လေ့ကျင့် သင်ကြားပေးနေပါသည်။

မြန်မာနိုင်ငံတွင်လည်း
HIV/AIDS လူနာများကို စနစ်တကျကုသနိုင်ရန် အနောက်နိုင်ငံများတွင် သွားရောက်၍ လေ့ကျင့်
သင်ကြားထားပြီး ARV ဆေးဝါးများကို ကျွမ်းကျင်စွာ သုံးစွဲနိုင်သည့် သမားတော်များလည်း
ရှိပြီးဖြစ်ပါသည်။

သို့ဖြစ်၍
မသမာသူများ၏ လိမ်ညာမှုမခံရစေရန် သေချာစွာစုံစမ်းပြီးမှ ကုသမှု ခံယူကြပါရန် တိုက်တွန်း
အပ်ပါသည်။

ကိုယ်ခံအားကျဆင်းမှု
ကူးစက်ရောဂါနှင့် ပတ်သက်၍ သိလိုသည် များရှိပါက HIV နှစ်သိမ့်ဆွေးနွေး ပညာပေး
Hotline ဖုန်းနံပါတ် ၃၇၀၅၆၈ နှင့် ၃၇၇၉၄၅ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း
တင်ပြအပ်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top