22
Mar

ခွန်ပိုင်စံ



အသားအရေ
ခြောက်ကပ်ကပ် ညိုတိုတိုနဲပ သူ့ရဲ့ မွဲပြာပြာ နှုတ်ခမ်းကနေ ဆေးလိပ်တိုကို တမက်တမော ရှိုက်နေတတ်တယ်။
အနက်ရောင် တီရှပ်ရယ် အပြာရောင် ဂျင်းဘောင်းဘီရယ် ဘယ်ဘက် နားရွက်မှာ တပ်ထားတဲ့ နားကွင်းရယ်
ကျောဘက်မှာ စုစည်းထားတဲ့ ဆံပင်ရှည် တွေရယ် တွေဟာ သူ့ကို ရော့ခ်ဂီတာသမား တစ်ယောက်နဲ့
အလားသဏ္ဌာန်တူစေတယ်။ ကြမ်းတမ်းတဲ့ သူ့ရုပ်သွင်နဲ့ ဘယ်လုက်ဖျံပေါ်က ကန့်လန့်ဖြတ် ဓါးဒဏ်ရာ
အမာရွတ်တွေက ခွန်ပိုင်စံ ဖြတ်သန်း ခဲ့ရတဲ့ ဘဝမလှပပုံကို တစေ့တစောင်း ဖေါ်ပြနေသလိုပါပဲ။

အသက်
၃၅နှစ်ရှိပြီဖြစ်တဲ့ ခွန်ပိုင်စံ စူပါနဝမ် ဟာ အရင်က မူးယစ်ဆေးသုံးစွဲဖူးသူ တစ်ဦး ဖြစ်ခဲ့တယ်။
အရာရာကို သိလိုစူးစမ်းတတ်တဲ့ ၁၄နှစ်သား အရွယ်မှာ သူငယ်ချင်းတွေကြား မူးဆေးသုံးမှ လူစွမ်းကောင်း
ဖြစ်တယ်ဆိုတဲ့ တလွဲစိတ်ကူးကြောင့် မူးယစ်ဆေးနဲ့ နှောင်တွယ်မိရာက ဆေးစွဲရုံတင်မကပဲ
HIV ပါ ကူးစက်ခံရသူ တစ်ဦးလည်းဖြစ်တယ်။

ခွန်ပိုင်စံအတွက်
နှောင်းခဲ့ပြီ ဆိုပေမဲ့ အမှားကိုသိလို့ အမှန်ကို ပြင်ဆင်ခဲ့တဲ့သူဟာ အခုတော့ ထိုင်းနိုင်ငံ
AIDS ကုသမှု ဆောင်ရွက်ရေး အဖွဲ့ TTAG  -
Thai AIDS Treatment Action Group မှာ တာဝန် ထမ်းဆောင်နေတယ်။

စိတ်ဝင်စားစရာကောင်းတဲ့
သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြတဲ့အခါ ခွန်ပိုင်စံက

ကျနော်ကျင်လည်ခဲ့ရတဲ့
ပတ်ဝန်းကျင်မှာ မူးယစ်ဆေး စွဲသူတွေ အများကြီး တွေ့ရပေမဲ့ ကျနော်ကိုယ်တိုင် ဆေးသမားတစ်ယောက်
ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ပထမဆုံး ကျနော်ဆေးခြောက် စရှူတော့ တကယ့်ကို
စိတ်လှုပ်ရှားစရာပါပဲ။ ဘာလို့လဲဆိုတော့ မူးယစ်ဆေး ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပွဲတွေမှာ
မူးယစ်ဆေးကို မကောင်းဘူး အန္တရာယ်များတယ် လို့ဆိုကြတာကိုး။ ဒါပေမဲ့ ကျနော့် ကိုယ်တွေ့မှာ
အဲဒီလိုပြောတာ မမှန်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ ကျနော် ဆက်ရှူမိတော့တာပါပဲ။ အဲဒီနောက်
ဘိန်းဖြူကို စသုံးတတ်လာပြီး တစထက်တစ စွဲမှန်းမသိ စွဲလာတယ်။ ဆေးစွဲသွားသူတွေထဲမှာ ခန္ဓာကိုယ်
အလေးချိန် လျော့ချင်လို့ စသုံးရာကနေ စွဲသွားကြတာလည်း ရှိတယ်။

တကယ်တော့
မူးယစ်ဆေး ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပွဲတွေဟာ လုံလောက်တဲ့ သတင်းအချက် အလက်တွေကို မပေးနိုင်ပါဘူး။
လွတ်လပ် ပွင့်လင်းတဲ့ ပြောဆိုဆွေးနွေးမှုနဲ့ ပညာပေး အစီအစဉ်တွေ ရှိဖို့လည်း လိုအပ်တယ်။
မကောင်းဘူး မသုံးနဲ့လို့ ပြောရုံနဲ့ မလုံလောက်ဘူး။ သေသေချာချာ ရှင်းပြ သင့်ပါတယ်။

ကျနော်
မူးယစ်ဆေး တကယ်ဖြတ်ချင်တဲ့ အချိန်တွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆေးဖြတ်ပြီး အိမ်ပြန်ရောက်သွားတဲ့
အခါမှာတော့ ဘာမှလုပ်စရာမရှိတော့ ဘယ်လိုခံစားရမယ်ဆိုတာ တွေးသာကြည့်ပါတော့။ ကျနော့်နောက်ကြောင်း
ရာဇဝင်အရ အလုပ်ရှာရတာလည်း ဘယ်လောက်ထိ ခက်မလဲဆိုတာ။ အလုပ်လည်း မရနိုင်ဘူး။ ကျနော့် မိသားစုကလည်း
မျက်လုံး အမြဲတမ်း ဒေါက်ထောက်ကြည့်နေကြတာ သူတို့ အကြည့်ထဲမှာ ကျနော့်ကို မယုံကြဘူးဆိုတာ
ကျနော် မြင်နေရတယ်။ ပြန်လည်ထူထောင်ရေး စခန်းက ပြန်ထွက် မလာနိုင်သေးခင် ၂ နှစ်လောက်မှာ
အမေ့ကိုလည်း ဆုံးရှုံးလိုက်ရတယ်။ အောင်မြင်နေကြတဲ့ ကျနော့် သူငယ်ချင်းတွေကို တွေ့လိုက်ရတဲ့
အခါကျတော့ အရမ်းပဲ ရှက်မိတယ်။ စကားပြောမယ့်သူလည်း မရှိ။ အလုပ်လက်မဲ့ ပတ်ဝန်းကျင်ကလည်း
နှိမ်ချ ပစ်ပါယ်ထားတော့ ကျနော့်မှာ သိပ်အထီးကျန် ဆန်ပြီး ဘာဆိုဘာမှ မရှိတော့ပဲ အားလုံး
ဗလာကျင်းသွားတယ်လို့ ခံစားရတယ်။ အဲဒီလို အခါမျိုးမှာ မူးယစ်ဆေး ပြန်သုံးဖို့ တစ်ခုတည်းကိုပဲ
ကျနော် တွေးမိတော့တယ်။

ကျနော့်
အမြင်ကို ပြောရမယ်ဆိုရင် မူးယစ်ဆေး သုံးသူတွေကိုလည်း လူသား တစ်ယောက်လို ဆက်ဆံဖို့ အရေးကြီးပါတယ်။
သူတို့ကို ဖယ်ကျဉ်မထားပဲ အသိုင်းအဝိုင်းမှာ လက်ခံပြီး သတင်းအချက် အလက်လုံလုံလောက်လောက်
ပေးရုံတင်မကပဲ အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးရပါမယ်။ သူတို့ ပြောချင်တဲ့ စကားတွေကိုလဲ
ပြောနိုင်ဖို့ အခြေအနေလည်း ဖန်တီးပေးရမယ်။

ထိုင်းနိုင်ငံမှာ
မူးယစ်ဆေး တစ်မျိုးဖြစ်တဲ့ မက်သာဒုန်း Methadone ကို မူးယစ်ဆေး ထိုးသူတွေ အတွက် အစားထိုးဆေးတစ်မျိုးအနေနဲ့
ပေးပါတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ပါ။ ဒါပေမဲ့ အပတ်စဉ် အရေအတွက်
အကန့်အသတ်နဲ့ ထုတ်ပေးတာဖြစ်လို့ မူးယစ်ဆေး သုံးသူတွေဟာ ခဏခဥ ဆေးလာမထုတ်ချင်တဲ့အပြင်
မက်သာဒုန်းဟာ ဘိန်းဖြူလို မဟုတ်ပဲ အားပျောတဲ့အတွက် သုံးရတာ မကျေနပ် မတင်းတိမ် နိုင်သူတွေလည်းရှိပါတယ်။

အကြောင်းကြောင်းကြောင့်
နောက်ဆုံးတော့ လွန်ခဲ့တဲ့ ၁၃နှစ်ကတည်းက ကျနော် မူးယစ်ဆေးနဲ့ လမ်းခွဲခဲ့ပါတယ်။ ဒါပေမဲ့
HIV ကတော့ ကျနော်နဲ့အတူ ရှိနေဆဲပါ။

ထိုင်းနိုင်ငံမှာ
ကျနော့်လို မူးယစ်ဆေးထိုး HIV ရှိသူ ၅၀ ရာခိုင်နှုန်းဟာ ကူးစက်ခံရပြီး ဒီနှုန်းအတိုင်းသာ
၁၅နှစ်တိုင်တိုင် မပြောင်းလဲပဲ ရှိနေခဲ့တယ်။နောက်ထပ် ကူးစက်ခံရသူ ၃ပုံ၁ ပုံ ဟာလဲ မူးယစ်ဆေး
သုံးမှုနဲ့ ဆက်စပ်နေပြီး ကိန်းဂဏန်းကလည်း မြင့်တက်နေပါတယ်။ ဒါပေမဲ့ အစိုးရဆီကတော့ ထိရောက်တဲ့
တုန့်ပြန်မှု မရဘူး။

ထိုင်းအစိုးရရဲ့
မကြာသေးခင်က မူးယစ်ဆေး ဆန့်ကျင်ရေး ထိုးစစ် War on Drugs မှာ ပထမ သုံးလ အတွင်း လူပေါင်း
၂,၅၀၀ ကျော် အသတ်ခံရတယ်။ ဒါ့အပြင် လူပေါင်း ငါးသောင်းကျော် အဖမ်းခံရပြီး ရာပေါင်း ထောင်ပေါင်းများစွာဟာ
စစ်တပ်ရဲ့ ပြန်လညထူထောင်ရေး စခန်းတွေရှိရာ အပို့ခံရတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မူးယစ်ဆေး
သုံးစွဲသူတွေကို ဇွတ် အတင်း မြေအောင် ခိုလှုံ ပုန်းရှောင်ခိုင်းသလို ဖြစ်နေပြီး အစကတည်းကမှ
ရဖို့ ခက်ခဲတဲ့ဆေးဝါး ကုသမှုတို့နဲ့ ဝေးရာကို တွန်းပို့လိုက်သလိုပါပဲ။ ပြဿနာ ပိုကြီးထွားလာရတယ်။
ထိုင်းမှာ ဆရာဝန် မဟုတ်ပဲ ဆေးထိုးအပ် ကိုင်ဆောင်တာဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အလုပ်လို့
သတ်မှတ်ပါတယ်။ တရားမဝင် လက်ထဲမှာ ဆေးထိုးအပ်ရှိတာနဲ့ မူးယစ်ဆေး သမားပဲဆိုပြီး အရမ်းကာရော
ဖမ်းဆီးတာလည်း ပြဿနာဖြေရှင်းတဲ့ နည်းမှန် လမ်းမှန် မဟုတ်ပါဘူး။

ပြောရမယ်ဆိုရင်တော့
မိနစ်တိုင်းမှာ လူတစ်ယောက်ဟာ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို သုံးလို့ ကူးစက်ခံနေရတယ်။
ကမ္ဘာနဲ့ချီလိုက်ရင် အာဖရိကတိုက်အပြင်ဘက်က အသစ် ကူးစက်ခံရသူ သုံးယောက်မှာ တစ်ယောက်က
မူးယစ်ဆေးနဲ့ ဆက်စပ်နေတယ်။ အရှေ့ဥရောပနဲ့ အာရှမှာ ပိုးရှိတဲ့ ဆေးထိုးအပ်ကိုသုံးလို့
ကူးစက်ခံရမှုနှုန်းဟာ ပမာဏ အများဆုံးပါပဲ။

WHO
က မူးယစ်ဆေးသုံးစွဲသူတွေမှာ တူညီတဲ့ အခွင့်အရေးနဲ့ ဆေးကုသမှု ခံယူခွင့်ရှိတယ်လို့ ဆိုတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ HIV ပျံ့ပွားမှုနှုန်းကို လျော့ချတဲ့ဆေး ARV ရဖို့ကိုလည်း ငြင်းပယ်ခံရတယ်။
ထို့အတူ သန့်ရှင်းတဲ့ ဆေးထိုးအပ်လိုမျိုး အခြေခံကျတဲ့ ကာကွယ်မှု ပစ္စည်းတွေလည်း မရပါဘူး။
မက်သာဒုန်း ဟာလည်း နိုင်ငံအတော်များများမှာ တရားမဝင်ဆေး အဖြစ်မှာပဲ ရှိနေဆဲဖြစ်ပြီး
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အရေးပါ အရာရောက်တဲ့ ဆေးစာရင်းမှာ မက်သာဒုန်းကို ထည့်သွင်းထားသင့်ပါတယ်။

မူးယစ်ဆေး
သုံးစွဲဖူးသူတွေကိုလည်း မူးယစ်ဆေး သုံးစွဲသူတွေကို ကူညီတဲ့ အစိုးရရဲ့ လုပ်ငန်းတွေမှာ
ဝင်ရောက်ပါစေဖို့လည်း လိုတယ်။ သူတို့က အကြောင်းပိုသိတယ်။ အစိုးရအနေနဲ့လည်း ဆေးစွဲသူတွေအပေါ်
နားလည်မှုပေးဖို့ လိုပါတယ်။ မူးယစ်ဆေး သုံးစွဲသူတွေအနေနဲ့ HIV က ကင်းလွတ်အောင် ကြိုတင်ကာကွယ်ဖို့
နည်းလည်းတွေနဲ့ ပိုးကူးစက်ခံရရင်လည်း ကုသမှု ခံယူဖို့ အခုကို လိုအပ်နေပါပြီ။ ကျနော်တို့မှာ
မကြာခဏ ဆိုသလို အခြေခံ အကျဆုံးဖြစ်တဲ့ လူ့အခွင့်အရေး ကိုတောင် ခံစားခွင့်မရှိပါဘူး။

ကျနော်တို့
နေထိုင်ရာ ဒီနေ့ ကမ္ဘာမှာ တရားမမျှတမှုတွေရှိတဲ့ ကမ္ဘာမဟုတ်ပဲနဲ့ အခွင့်အရေး ယူတာတွေ အကျိုးရှာ
အမြတ်ထုတ်တာတွေနဲ့ ပြိုင်ဆိုင်မှုတွေကသာ ရှေ့တန်းကနေ ဦးဆောင်နေတာပါ။ လောဘရဲ့ သွေးထိုး
လှုံ့ဆော် တာကို ခံနေရပြီး လူတစ်ယောက်ရဲ့ တန်ဖိုးကို အသိအမှတ်မပြုတဲ့ အဖွဲ့အစည်းကြီးတွေရဲ့
ထိန်းချုပ်မှုကို ခံနေရတဲ့ ကမ္ဘာကြီး ဖြစ်နေပါပြီ။ လက်တစ်ဆုပ်စာ လူစုထဲမှာ ဓနဥစ္စာ အလျှံပယ်
ဖြစ်နေချိန်မှာ လူသန်းပေါင်း မျာစွာကတော့ အခြေခံ လိုအပ်ချက်တွေ ရရှိဖို့တောင် ငြင်းပယ်ခံနေရတယ်။

ဒီနေ့ခေတ်
ကျနော်တို့ တိုင်းပြည် အုပ်ချုပ်ရေး ယန္တရား တွေကို ဒီလို လူတစ်စုက ခုတ်မောင်းနေပြီး
သူတို့ကလည်း အများအကျိုးစီးပွားကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ လိုတယ်။ သူတို့ပိုင်ဆိုင်မှုတွေကို
ကာကွယ်ဖို့ကိုပဲ အလေးထားကြတယ်။

HIV
ရှိသူ တစ်ယာက်အနေနဲ့ ၁၃နှစ်ကြာနေလာခဲ့ပြီးတဲ့ နောက်မှာ ကျနော် တွေးမိတာက ဆင်းရဲတာနဲ့
HIV ရှိနေတာကြီးက အထိခိုက် အနာကျင်ဆုံး အတွေ့အကြုံပါပဲ။ ဆင်းရဲမှုနဲ့ ကုသမှု ခံယူဖို့
မတတ်နိုင်တာတွေကြောင့် HIV နဲ့ ဆက်စပ်ရောဂါတွေရပြီး သူငယ်ချင်းတွေ အများကြီး ကျနော့်ရှေ့မှာတင်
သေသွားကြတာကို ထပ်ခါတလဲလဲ ကြုံတွေ့ဖူးတယ်။ ကျနော့်ကို သတ်တာက AIDS မဟုတ်ပါဘူး ကိုယ်ကျိုးရှာ
လောဘပါ။

ဆင်းရဲတဲ့
နိုင်ငံတော်တော် များများဟာ အမေရိကန်နဲ့ အနောက် ကမ္ဘာက ဘဏ်ကို များပြားလာတဲ့ ကြွေးမြီတွေ
ပေးဆပ်နေရတာနဲ့ပဲ ကျန်းမာရေး စောင့်ရှောက်မှု မျိုးလို အခြေခံ လိုအပ်ချက်တွေကို လူထုတွေ
အတွက် ဖြည့်စွမ်းမပေးနိုင်တော့ဘူး AIDS ခံစားနေရတဲ့ ထောင်ပေါင်းများစွာသော သူတွေဟာ
သူတို့ကို ကူညီနိုင်မယ့် ရန်ပုံငွေ မရှိလို့ နေ့စဉ်နဲ့ အမျှ သေနေရချိန်မှာ စစ်ပွဲတွေ
အတွက်တော့ အတိုင်းအဆမရှိတဲ့ ငွေကြေးထောက်ပံ့မှုတွေ ရနေတယ်။

တကယ်တော့
ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးရယ်သာမကပဲ ကြိုတင် ကာကွယ်ရေး ထိခိုက်နစ်နာမှု လျော့ချရေး
ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနဲ့ သင့်တင့်လျောက်ပတ်တဲ့ လူနေမှု အဆင့်အတန်း ဆိုတာတွေဟာ
AIDS တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကြီးရဲ့ အစိတ်အပိုင်း တွေပါ။

အခုအခါမှာ
HIV ရှိသူတွေအတွက် ချေးငွေထုတ်ချေးကြတာလည်း ရှိပါတယ်။ တခါတရံမှာတော့ ဒီ ချေးငွေဟာလည်း
ပြဿနာကို ဖန်တီးတတ်တယ်။ ကျနော်တို့ တကယ်လိုတာ ငွေမဟုတ်ပါဘူး လူ့အသိုင်းအဝိုင်းရဲ့ ဖေးမစောင့်ရှောက်မှုကိုလည်း
လိုပါတယ်။

နောက်တစ်ခုအနေနဲ့
HIV ကူးစက်ခံရသူတွေအတွက် သီးသန့် ကူညီ စောင့်ရှောက်တဲ့ နေရာတွေ ထားရှိတာဟာ ကောင်းတဲ့
အချက်ရှိသလို မကောင်းတဲ့ အချက်လည်း ရှိတယ်။လို့မြင်တယ်။ သူတို့အတွက် ခိုလှုံစရာနေရာရတာ
ကောင်းပါတယ်။ ဒါပေမဲ့ လူတွေက HIV ရှိသူတွေနဲ့ မနေချင်လောက်အောင် ဖြစ်လာမှာကိုလည်း စိုးရိမ်မိတယ်။

HIV
ရှိသူတွေကို ကူညီရာမှာ ARV ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ရရှိစေတဲ့အတွက် ကျန်းမာရေးနဲ့
ဘဝ ရပ်တည်ရေး အရည်အသွေးတွေ တိုးတက်လာမှု အတိုင်းအတာ ဟာ ကြီးမားတယ်ဆိုတာ သက်သေ သာဓကတွေလည်း
ရှိပါတယ်။ ထို့အတူ ပါပဲ HIV/AIDS ရှိသူတွေနဲ့ သူတို့ မိသားစုမှာ ကျန်းမာရေး အခြေအနေနဲ့
လုပ်အားခတွေ တိုးမြှင့်လိုက်တာမို့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြား ကုန်ကျစရိတ်
တွေကိုလည်း သိသိသာသာ လျော့ချ လာတယ်။

ထိုင်းနိုင်ငံ
ဘန်ကောက်မှာ ဇူလိုင်လက ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံမှာ
WHO က အစကနဦးမှာ HIV ရှိသူ ၅ယောက် မှာ သုံးယောက် ဟာ ARV ဆေး ရစေနိုင်ဖို့ လမ်းညွှန်ချက်တွေ
ချမှတ်လိုက်ပါတယ်။ လက်ရှိ အခြေအနေမှာ HIV ပိုးရှိသူ ခြောက်သန်းဟာ ဆေးရရှိနိုင်ဖို့အတွက်
စောင့်မျှော်နေကြပါတယ်။ AIDS ကလည်း ဆေးကို စောင့်နေမှာ မဟုတ်သလို ကျနော်တို့ကလည်း မစောင့်နိုင်ပါဘူး။
လုပ်ပိုင်ခွင့်တွေကို တလွဲ ဆံပင်ကောင်း သုံးနေမှုတွေနဲ့ အဖွဲ့အစည်းကြီးတွေရဲ့ လောဘကို
ရင်ဆိုင်နေရချိန်မှာ ကျနော်တို့ အစိုးရတွေက တာဝန် ယူ လုပ်ကိုင်ပေးချိန်ကို ကျနော်တို့
မစောင့်နိုင်တော့ပါဘူး။

အုပ်ချုပ်သူတွေနဲ့
အဖွဲ့အစည်းကြီးတွေက HIV/AIDS ကာကွယ် တိုက်ဖျက်ရေး ဦးစီး ဦးဆောင်ပြု  လှုံ့ဆော်လှုပ်ရှားသူတွေကို မလိုလားပါဘူး။ ဘာလို့လဲဆိုတော့
ကျနော်တို့က သူတို့ခြေလှမ်းကို သိနေပြီး သူတို့ရဲ့ အယောင်ဆောင် မျက်နှာဖုံးတွေကို ခွာချနေလို့ပါပဲ။
ကျနော် အတွက်တော့ အဲဒီ လှုံ့ဆော် လှုပ်ရှားသူတွေဟာ ဂုဏ်ပြုထိုက်သူတွေပါ။ သူတို့ဟာ ကျနော့်ရဲ့
မိတ်ဆွေ စစ်တွေပါ။ ကျနော့်မှာ လူလူချင်း ခွဲခြားပြီး နှိမ့်ချ ဆက်ဆံခံရတာတွေနဲ့ တရားမျှတမှု
မရှိတာတွေကို ရင်ဆိုင်နေရချိန်မှာ သူတို့က ကျနော့်ဘက်က ရပ်တည်ပေးကြတယ်။ ကိုယ်ပိုင်
အကျိုးစီးပွား အတွက်သာ လုံးပန်းနေသူတွေနဲ့ ရင်ဆိုင်ဖို့ကိုလည်း သူတို့ဟာ သတ္တိရှိကြတယ်။
သူတို့ဟာ AIDS တိုက်ဖျက်ရေးကို ရှေ့တိုး ဆောင်ရွက်နိုင်ဖို့နဲ့ ကမ္ဘာကြီးမှာ တရားမျှတမှုတွေ
ရှိနေဖို့ ကူညီပေးကြတဲ့ သူတွေပါ။

HIV/AIDS
ရှိသူတွေအားလုံး ဆေးဝါး ရရှိနိုင်ဖို့ဆိုတာ ဒီညီလာခံရဲ့ အဓိက ဦးတည်ချက် ဖြစ်ပြီး ကျနော်တို့
အားလုံးရဲ့ အိမ်မက်ဖြစ်ပါတယ်။ ကျနော်တို့ နေထိုင်ရာ ဒီနေ့ ကမ္ဘာကြီးမှာ အရာရာကို အလွယ်တကူ
အောင်မြင်ရယူနိုင်ဖို့ဆိုတာ မလွယ်ဘူး ဆိုပေမဲ့ ကျနော်တို့ လူသားတွေ ပြောင်းလဲမှုတွေ
လုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ဆရာဝန်တွေ သူနာပြုတွေနဲ့ လူတော်တော်များများက
ကျနော်နဲ့ ကျနော့် သူငယ်ချင်းတွေကို ARV ဆေးပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိမ်မက်ပဲလို့
ပြောခဲ့ဖူးပါတယ်။ အကြာခင်ကပဲ ထိုင်းအစိုးရဆီက ဒီနှစ် မကုန်ခင်မှာ HIV ရှိသူ ငါးသောင်းကို
ဆေးဝါးရအောင် စတင် ဆောင်ရွက် ပေးပြီး ဆေးဝါး လိုအပ်သူ အားလုံး အတွက်လည်း ရစေရမယ်လို့
ကြေငြာချက် ထုတ်ပြန်ထားတယ်။ ဒီနေ့မှာ အားလုံးကို ကျနော် တိုက်တွန်းချင်တာက တနေ့သော
အခါမှာ ချစ်ခြင်းမေတ္တာ တရားတွေ မျှဝေခံစားမှုတွေ ငြိမ်းချမ်းမှုတွေနဲ့ ဖြည့်တင်းထားတဲ့
ကမ္ဘာကြီး ဖြစ်လာဖို့ အိမ်မက် မက်ကြပါလို့ ကျနော်တို့ အားလုံးသာ အိမ်မက် အတူတူ မက်ကြမယ်
ဆိုရင် ကျနော်တို့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

အိမ်မက်တွေ
ယုံကြည်တဲ့ ခွန်ပိုင်စံ တစ်ယောက် လက်တွေ့မှာတော့ ထိုင်းမူးယစ်ဆေး သုံစွဲသူများ ကွန်ယက်
Thai Drug User’s Network မှာလည်း တွဲဖက်တည်ထောင်သူ အဖြစ်နဲ့ ဆောင်ရွက် နေပါတယ်။ သူဟာ
ထိုင်းနိုင်ငံ သာမက အိမ်နီချင်းနိုင်ငံများမှာရှိတဲ့ HIV နဲ့နေထိုင်သူတွေအတွက် သတင်းအချက်
အလက်တွေ စာရွက်တွေ အကြံပေး သတင်းလွှာတွေ ထုတ်ပေးခြင်းအပြင် အင်တာနက် ကွန်ယက်တစ်ခု တင်ထားခြင်း
အားဖြင့်လည်း ကူညီမှုတွေ ပေးနေပါတယ်။ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
AIDS ညီလာခံမှာလည်း ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုဖီအာနန် တို့နဲ့အတူ AIDS
ပြဿနာကို ဆွေးနွေးတင်ပြခွင့် ရခဲ့ပါတယ်။

အတိတ်ကာလ
တစ်ချိန်ဆီက မသန့်ရှင်းတဲ့ မူးယစ်ဆေး သုံးခဲ့မိတဲ့အတွက် သူ့ခန္ဓာကိုယ်မှာ မသေဆုံးနိုင်တဲ့
HIV ပိုးတွေ တွယ်ကပ်ငြိဝင်နေပေမဲ့ ARV ကို လုံးဝ မသောက်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ခုခံအားအတိုင်းအတာကို
ပြတဲ့ စီဒီဖိုး - ကောင့် CD 4 Count  ဟာ သာမန်လူနီးပါး
၃၅၀ နဲ့ ၄၀၀ ကြားမှာ ရှိနေတာကလည်း အံ့သြစရာပါ။ သာမန်လူမှာ CD4-Count က ၅၀၀ ကနေ ၁၅၀၀
ကြားရှိတယ်။

ခွန်ပိုင်စံအတွက်
မသန့်ရှင်းတဲ့ ဆေးထိုးအပ်ရဲ့ ဆိုးကျိုးဟာ HIV နဲ့တင် အားမရပဲ အသည်းရောင်ပိုး
Hepatiaticf C ကလည်း သူ့အသက်ကို ရန်ရှာ ခြိမ်ခြောက်နေပါတယ်။ သွေး သို့မဟုတ် ပိုးရှိတဲ့
ဆေးထိုးအပ်ကနေ ကူးစက်ဖို့လွယ်တဲ့ ဒီ အသည်းရောဂါဟာ အလွန်အင်မတန် နာကျင်ခံခက်ပါတယ်။ ရောဂါပိုး
ဝင်ဝင်ချင်း သိဖို့ရာလည်း ခက်ပြီး ရောဂါပိုးဝင်ပြီး ၁၀နှစ်အကြာမှာ အသည်းကို အကြီး အကျယ်
ပျက်စီးစေပါတယ်။ ၁၀နှစက်နေ ၂၀နှစ်အတွင်း ကုသမှု မခံယူဘူးဆိုရင် အသက်ဆုံးရှုံးနိုင် ပါတယ်။
သူဟာ မကြာမီကမှ အမေရိကန်နိုင်ငံမှာ သူ့အသည်းရဲ့ အသားစကို ဆေးစစ်ပြီး ပြန်လာတာ ဖြစ်ပါတယ်။
ဆေးကုသမှု ခံယူဖို့ရာကတော့ တစ်နှစ်ကို ဘတ်ငွေ သုံးသိန်ကနေ လေးသိန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ
၇,၅၀၀ ကနေ ၁၀,၀၀၀ အထိ) ကကုန်ကျမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ မတတ်နိုင်ပါဘူး။ ခွန်ပိုင်စံ
အနေနဲ့ ကံကြမ္မာမျက်နှာသာပေးမယ့် နေ့ကိုပဲ စောင့်မျှော် နေရပါတော့မယ်။

 

အေးမြချမ်း
၏ “ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top