24
Jul

စာဖတ်သူ အကြိုက်



ကျွန်မအဖေသေတော့ ကျွန်မ ငါးနှစ်သာ
ရှိပါသေးတယ်။ ကျွန်မမှာ ညီအစ်ကို မောင်နှမ (၇) ယောက်ရှိပါတယ်။ အစ်ကိုနှစ်ယောက်က
ဆုံးပါးသွားပါပြီ။ အမေဟာ သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ကျရာအလုပ်ကို
လုပ်ကိုင်ခဲ့ပါတယ်။ ငယ်စဉ်က ကျွန်မက ကျောင်းမှာ ထိပ်တန်း အမှတ်စာရင်းဝင် ဖြစ်ပေမဲ့
ပိုက်ဆံ မလိုက်နိုင်တဲ့အတွက် ကျောင်းကထွက်ပြီး အလုပ် ၀င်ခဲ့ရပါတယ်။
အလုပ်တစ်ဘက်နဲ့ပဲ ညနေပိုင်းမှာ စာကျက်ပြီး စာမေးပွဲဝင်ခဲ့ရပေမဲ့ အမေဆီကိုတော့
ငွေမှန်မှန် ပို့နိုင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ကျမဟာ “ချင်းမိုင်”
မြို့က စတိုးဆိုင်တစ်ဆိုင်မှာ ဖိနပ်ရောင်းတဲ့ အလုပ်လုပ်ပါတယ်။ ပင်ပန်းပေမဲ့
လုပ်ရတာပါပဲ။ ပျော်လည်း ပျော်ပါတယ်။ အဲဒီမှာ အလုပ်အတည်တကျ မရှိသေးတဲ့
လူတစ်ယောက်နဲ့ စတွေ့ပါတယ်။ သူဟာ လူချော တစ်ယောက် ပါပဲ။ ဒါပေမဲ့ ကျွန်မသူ့ကို
မကြိုက်ပါဘူး။ သူ့မိဘ အသိုင်းအ၀ိုင်းကလည်း ဆင်းရဲချို့တဲ့ ပါတယ်။ သူဟာ လိပ်စာအမြဲပြောင်းပြီး
ကျပန်းအလုပ်တွေပဲ လုပ်နေသူပါ။

အဲဒီအချိန်မှာ သူ့ထက်သာတဲ့
ယောက်ျားလေး မိတ်ဆွေနှစ်ယောက် ကျွန်မမှာ ရှိနေပါပြီ။ ကျွန်မဟာ “လန်ပန်း” မြို့ စတိုးဆိုင်ကြီးဆီ
အလုပ်ပြောင်းခဲ့ရာမှာ အမေတို့ ညီအစ်မနဲ့လည်း အတူနေနိုင်ခဲ့ပေမဲ့ သူကတော့ ကျွန်မရှိရာ
အရပ်ကို လိုက်နေခဲ့ ပါတယ်။ အမေ့ကို ကျွန်မ ဖွင့်ပြော ရပါတယ်။ သူ့ကို လုံးဝချစ်လို့
မရဘူးလို့။ အမေကလည်း ကျွန်မကို နားလည်မှု ရှိပါတယ်။ သူကတော့ ကျွန်မကို စိတ်ဆိုးတာ ပေါ့လေ။
ဒါပေမဲ့ လက်ထပ်ခွင့်တော့ အမေ့ဆီ ဇွတ်တောင်း နေတာပါပဲ။ ဒီအတောအတွင်း ကျွန်မကို
ချစ်မြတ်နိုးနေတဲ့ တခြားတစ်ယောက်က ရှိနေပြန်ပါတယ်။ သူတစ်ယောက်က အဖေ မုဆိုးဖိုပါ။
သူကျွန်မအပေါ် ကောင်းရှာတာမို့ သူ့ကို လက်ထပ်လိုက်မယ်လို့ ကျွန်မ စိတ်ကူးခဲ့ပေမဲ့
အကြောင်း မသင့်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုပထမလူက သူ့မိဘတွေ ကျွန်မ အမေဆီ
ခေါ်လာပြီး စေ့စပ်လို့ပါပဲ။ ကျွန်မက သူ့ကို မချစ်နိုင်ဘူးလို့ အမေ့ကိုပြောပေမဲ့
သူ့မိဘတွေက ...


“မိန်းကလေးရယ် စေ့စပ်ရုံ
စေ့စပ်ထားတာပဲ။ လက်ထပ်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ အဆင်မပြေရင် စေ့စပ်တာ
ပြန်ဖျက်လိုက်ရုံပေါ့” ကျွန်မကို ဖျောင်းဖျပါတယ်။ ဒါနဲ့ ဒီအကြောင်းတွေကို ကျွန်မရဲ့
ဒုတိယလူကို ရှင်းပြတော့ သူအတော် စိတ်ညစ်သွားပြီး ကျွန်မကို စွန့်ခွာ သွားပါတော့တယ်ရှင်။

ဒါနဲ့ပဲ ကျွန်မဟာ အဲဒီပထမလူနဲ့ပဲ
အိမ်ထောင်ကျသွားရော ဆိုပါတော့။ ဒါပေမဲ့ မကောင်းပါဘူးလေ။ သူနဲ့ ကျွန်မ အမြဲတမ်း
ရန်ဖြစ်နေခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် နောက်တစ်နှစ် အကြာမှာ ကျွန်မ ကိုယ်ဝန် ရှိလာတော့တာပါပဲ။
အင်း သွေးတွေဘာတွေ စစ်ရတော့တာ ပေါ့လေ။

၁၉၉၂ ခုနှစ် စက်တင်ဘာလမှာ ကျွန်မဟာ
လန်ပန်းဆေးရုံမှာပဲ သမီးလေး တစ်ယောက် မွေးဖွား ပေးနိုင်ခဲ့ ပါတော့တယ်။ ကျွန်မ အလုပ်တွေ ကြိုးစားလုပ်ကိုင်
ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက်ျား အလုပ်မရှိ လို့ပါပဲ။ ပြီးတော့ သူက
ကြက်ခြံလုပ်ငန်း လုပ်ချင်တယ်ဆိုလို့ ... ကျွန်မတို့ မော်တော်ဆိုင်ကယ်နဲ့ ကျွန်မရဲ့
ဆွဲကြိုးကို ရောင်း အိမ်ကိုလည်း ဘဏ်တိုက်မှာ အပေါင်ထားပြီး ပိုက်ဆံချေး ရပါတယ်။
တစ်လကို ဘတ်သုံးထောင့် ခြောက်ရာ ပြန်ဆပ် ရပါတယ်။

၁၉၉၄ ခုနှစ်မှာ ကျွန်မယောက်ျား
စပြီး ဖျားပါတော့တယ်။ ကျွန်မက မေးတာပေါ့လေ။ AIDS ဖြစ်နေပြီလားလို့။ သူက ဘာမှ
မပြောခဲ့ပါဘူး။ ကျွန်မသိပါတယ်။ သူ့မှာ ဒီရောဂါဆိုးကြီး ဖြစ်နေပြီဆိုတာ။ ဒါနဲ့ သူဟာ “၀ပ်ချင်းဝေ” မှာရှိတဲ့
“အန်တောင်” ဆေးရုံမှာ သူ့ရောဂါကို သွားကုပါတယ်။ အဲဒီမှာ ကျွန်မရဲ့ ညီမက ရှိတော့
သူ့ကို စောင့်ရှောက် ပေးနိုင်ပါတယ်။ ကျွန်မကတော့ လိုက်မသွား နိုင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်မကိုယ်တိုင်လည်း အနာတွေပေါက်ပြီး အိပ်ရာထဲ လဲနေပြီလေ။
အိပ်ရာထဲ လဲနေပေမဲ့ ကျွန်မမှာ ကောင်းကောင်း အိပ်မရအောင် ဖြစ်နေခဲ့ ရပါပြီ။

၁၉၉၅ မှာကျွန်မယောက်ျား
ဆုံးပါးသွားပါတယ်။ သူမသေခင်က ပြောခဲ့တယ်။..“ငါ့မိဘနဲ့ အစ်ကိုတွေက နင့်ကို အကြွေးဆပ်ဖို့
ထောက်ပံ့လိမ့်မယ်” ဆိုတာကလည်း ဖြစ်မလာခဲ့ပါဘူး။ သူတို့က ပိုက်ဆံ မဖြစ်စလောက်ပဲ
ပေးပါတယ်။ ဒါနဲ့ ကျွန်မ အလုပ် ပြန်လုပ်ရပါရော။ အလုပ်ထဲမှာ နည်းနည်း နေသာထိုင်သာ
ရှိပေမဲ့ အိမ်ပြန်ရောက်တာနဲ့ ကျွန်မမှာ ငိုဟယ် ရယ်ဟယ် ပါပဲရှင်။

၁၉၉၇ ခုနှစ်ကျမှ ကျွန်မ အကြွေး ကျေပါတယ်။
ဒါတောင် အမေက ကူဆပ်ပေးလို့ပါ။ ကျွန်မလည်း အလုပ်က ထွက်လိုက် ပါတယ်။ ကျွန်မယောက်ျားရဲ့
အသိုင်းအ၀ိုင်းကလည်း ကျွန်မကို အကူအညီ မပေးကြတဲ့အပြင် ကျွန်မသမီးနဲ့
တွေ့ခွင့်ကိုလည်း ပိတ်ပင် လိုက်ကြပါတယ်။ ဒါနဲ့ ကျွန်မလည်း သမီးနဲ့ တွေ့ခွင့်ရရေး
ရှေ့နေနဲ့ တိုင်ပင်ရတာပေါ့လေ။ သူတို့က ကျွန်မဒီရောဂါသည်မို့ ကလေးနဲ့ ပေးမတွေ့
ကြတာပါ။ ကျွန်မကလည်း သမီးလေး ပြန်တောင်းဖို့ မဟုတ်ပါဘူး။ တွေ့ခွင့် ရရုံလေးပါ။
နောက်ဆုံးတော့ နေ့လယ်နေ့ခင်းပိုင်းမှာ သမီးနဲ့ တွေ့ခွင့်ရပြီး ညပိုင်းတော့ သမီးကို
သူတို့က ပြန်ခေါ် သွားကြပါတယ်။

ခုတော့ ကျွန်မသမီးလေးဟာ
ခုနစ်နှစ်နဲ့ လေးလ အရွယ်ရောက် နေပါပြီ။ ကျွန်မလည်း ဘ၀ ပြဿနာတွေကို ထပ်ပြီး
မစဉ်းစားတော့ဘဲ ..... ရရာ အလုပ်ကို လုပ်ရင်း သမီးရဲ့ နောင်ရေးအတွက် ပိုက်ဆံ စုနေပါတော့တယ်ရှင်။

 

ကျွန်မရဲ့ နောက်ဆုံးရည်ရွယ်ချက် ပန်းတိုင်ကတော့
.... ဝေဒနာရှင်တွေကို တတ်အားသရွေ့ စောင့်ရှောက်ဖို့နဲ့ တစ်နေ့မှာ ရောဂါသည်တွေကို
ကူညီနေတဲ့ အသင်းမှာ ဥက္ကဌကြီး အဖြစ်နဲ့ ရွေးချယ် ခံရရေး ပါပဲလေ။

သုမောင်
- စာဖတ်သူ အကြိုက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top