30
Jun

စတေးခဲ့သမျှဟာ ဘ၀အတွက်ပါ

ကျွန်တော့်ဇာတိက မြစ်ဝကျွန်းပေါ်ဒေသပါ။ နယ်မြို့လေးတစ်မြို့ပေါ့။ အဖေကတော့ ကျွန်တော်ငယ်ငယ်တည်းက နောက်အိမ်ထောင် ပြုသွားခဲ့လို့ ကျွန်တော် သေသေချာချာ မမြင်ဖူးလိုက်ပါဘူး။ ကျွန်တော်ရယ် အမေရယ် ညီမလေးရယ် ဒီမိသားစု  ၃ ယောက်နဲ့ပဲ ကျွန်တော့်မိသားစုလေး တည်ရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။

အမေကတော့ ခေါင်းရွက်ဈေးရောင်းပြီး ကျွန်တော့်ကို ၁၀ တန်းအောင်အောင် သင်ပေးခဲ့ပါတယ်။ ညီမလေးကလည်း အခုမှ အလယ်တန်းကျောင်းသူဆိုတော့ ငွေမရှာနိုင်သေးဘူးလေ။ ကျွန်တော်လည်း အဝေးသင် တက္ကသိုလ်တက်ရင်းပဲ ဘွဲ့ယူခဲ့ရပါတယ်။ မြို့မှာ ကြုံရာ ကျပန်းလုပ်ရင်းပဲ မိသားစု စားဝတ်နေရေးကို  ဖြေရှင်းနေကြရတာပေါ့ဗျာ။ ဆွေမျိုးဆိုလို့ပြေးကြည့်ရင် အမေ့ဘက်က ဘကြီးတစ်ယောက်ပဲ ရှိတယ်လေ.... ဘကြီးကတော့ သူ့မိသားစုနဲ့ သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတာပေါ့လေ။

ပြီးခဲ့တဲ့နာဂစ်မုန်တိုင်းထဲမှာ ဘကြီးနဲ့ သူ့မိသားစုဝင် ၂ ဦးဆုံးပါးသွားခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအတွက် အလွန်ကို အထီးကျန်စေတဲ့ အိမ်မက်ဆိုးကြီး ပေါ့ဗျာ။ ဆွေမျိုးဆိုတာ ကျွန်တော်တို့အတွက် လုံးဝ ဆိတ်သုဉ်းသွားပြီလေ။
 
ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ရောင်လည်လည်နဲ့နေခဲ့တာ ကြာပြီလေ။ ကျွန်တော့် သူငယ်ချင်းက နာဂစ်ဒေသအတွက် လာလုပ်ကြတဲ့ အန်ဂျီအိုတွေမှာ အလုပ်လျှောက်ဖို့တိုက်တွန်းတယ်။ ကျွန်တော်လည်း ကြံရာမရတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်းတောင် မသေမသပ်နဲ့ရေးပြီး လျှောက်လွှာတင်ခဲ့တယ်။

ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူးဗျ.. ကျွန်တော် အလုပ်ရခဲ့တယ် သန့်လေးသန့် စီမံချက်မှာ ရေသန့်လုပ်ငန်းအတွက် လူထုအတွင်း ကွင်းဆင်း လုပ်ရတဲ့ လုပ်သားအဖြစ်နဲ့ပါ။ အန်ဂျီအိုဆိုတာလည်း အကြီးကြီးတော့ မဟုတ်ပါဘူး။ နာဂစ်အပြီးမှ ဖွဲ့ထားတဲ့ ပြည်တွင်းက အဖွဲ့ငယ်တစ်ခုပါ။
 
ကျွန်တော် တစ်လကို လခ တစ်သိန်းခွဲ ရပါတယ်။ ဒီငွေလေးနဲ့ပဲ အမေနဲ့ ညီမလေးကို ပြန်ထောက်ပံ့နိုင်ခဲ့တယ်လေ။ ကျွန်တော်လေ အရမ်းပျော်တာပဲ... ကိုယ့်လုပ်အားခနဲ့ အမေ့ကို ကျေးဇူးဆပ်နိုင်လို့ အလွန်ကို ပီတိဖြစ်မိတာပေါ့နော်....။ ဒီအဖွဲ့လေးမှာ ကျွန်တော့ကို အလွန်ဂရုစိုက်တဲ့ ကျွန်တော့ရဲ့ ကြီးကြပ်ရေးမှုး တစ်ယောက်ရှိတယ်ဗျ။ အသက် ၃၅ လောက်ရှိပြီ။ လူပျိုကြီး တစ်ယောက်ပေါ့။ ရုပ်ရည်လည်း သန့်တယ်၊ အပြောဆိုလည်း ကောင်းတယ်၊ ကျွန်တော့ကိုလည်း အများကြီး သင်ကြားပေးတယ်၊ အတွေ့ကြုံလည်း အလွန်များတယ်လို့ထင်ရတာပဲလေ။ သူ့ကောင်းမှုနဲ့ ကျွန်တော် သင်တန်းတွေ တက်ခွင့်ရတယ်လေ.... HIV/AIDS သင်တန်း၊ Gender သင်တန်း၊ စိတ်လူမှု မြှင့်တင်ရေး  သင်တန်း၊ သဘာဝဘေးဒဏ်အတွက် ကြိုတင်ပြင်ဆင်ရေး သင်တန်း.. အို... စုံတောပဲဗျာ။

တစ်ချို့တစ်ဝက်လည်း မေ့နေပါပြီ။ တစ်ချို့ဟာတွေလည်း လုံးဝနီးပါ မသိတော့ဘူးလေ။ ဒီအဖွဲ့လေးမှာ လုပ်နေရင်း ကျွန်တော် ကွန်ပျူတာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတယ်။ အဲ..ပြီးတော့ အင်တာနက်လည်း သုံးတတ်စပြုလာတယ်။ အွန်လိုင်းပေါ်တတ်ပြီး သူများတွေနဲ့လည်း အလာပသလာပတွေ ပြောတတ် ကြူတတ်လာတယ်လေ။ ဖေ့စ်ဘွတ်တွေ တွစ်တာတွေ ဗွီဇက်အိုတွေလည်း သုံးတတ်လာတာပေါ့ဗျာ။ အွန်လိုင်းမှာလည်း သူငယ်ချင်းတွေ တော်တော် ရလာခဲ့တယ်။ လူချင်းမမြင်ဖူးပေမယ့် အွန်လိုင်းမှာတော့ အတော့်ကို ခင်ကြတာကိုး...။အလုပ်နဲ့ပက်သက်ပြီး ရွာတွေအထိ ဆင်းပြီး ရေသန့်ရှင်းရေးအတွက် လုပ်ရတာတွေ ကတော့ မမေ့နိုင်တဲ့ အထင်ကရ ဖြစ်ရပ်လေးတွေပါပဲ။

တခါတလေလဲ နယ်ဆင်းရင်း စက်လှေပျက်တာတွေ၊ ဒီတက်လို့ သွားရခက်တာတွေလည်း မှတ်မိနေပါသေးတယ်။ ကျွန်တော်အလုပ်ဝင်ပြီး ၁ နှစ်လောက်နေတော့ ကျွန်တော်လုပ်နေတဲ့ ရေသန့်လုပ်ငန်းက ပြီးဆုံး သွားခဲ့တယ်လေ။ ကျွန်တော်လည်း အလုပ်လက်မဲ့ဘ၀ ပြန်ရောက်သွား တာပေါ့ဗျာ။  ကျွန်တော် အရမ်းကို စိတ်ပျက် သွားခဲ့မိတယ်။ ပုံမှန်ဝင်ငွေ မ၇ှိလေတော့ အမေနဲ့ ညီမလေးကို မရှာကျွေးနိုင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော် ဘာအလုပ်လုပ်ရရင်ကောင်းမလဲပေါ့။
နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း အကြံဥာဏ်တောင်းတယ်လေ... အလုပ်လေးဘာလေး ရလိုရညားပေါ့ဗျာ။ တစ်လ နှစ်လလောက် ကျွန်တော် အလုပ်ရှာပါတယ်။

ကျွန်တော်တို့မြို့ကလည်း နယ်မြို့ဖြစ်နေပြန်တော့ အလုပ်က ရဖို့ သိပ်မလွယ်ဘူးလေ။ နောက်ဆုံး အလုပ်ပေါတဲ့ ရန်ကုန်မှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ဆိုတာက သိလေတဲ့အတိုင်း နေစရိတ် စားစရိတ်က မိုးထိမြင့်တယ်လေ။ အသိအကျွမ်းတွေ ဆွေမျိုးတွေရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော့မှာက ဆွေမျိုးကလည်း မရှိ အသိအကျွမ်းကလည်း ရှားလေတော့ နောက်ဆုံးတော့ အဆောင်နေဖို့ပဲ ဖန်တီးလာခဲ့တယ်လေ။ ကျွန်တော် လှည်းတန်းမှာ အဆောင်နေ ဖြစ်ခဲ့ပါတယ်။ အဆောင်မှာတော့ လူစုံ နယ်စုံပဲ။ ကျွန်တော့ ရန်ကုန်မှာ ၃ လလောက် တ၀ဲလည်လည်နဲ့ အလုပ်ရှာနေခဲ့တယ်လေ။ နောက်ဆုံး ခရီးသွားလုပ်ငန်း တစ်ခုမှာ ကျွန်တော် လက်ထောက်မန်နေဂျာ အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော့ သူဌေးက နိုင်ငံခြားသားလေ။ ပွင့်လင်းတယ်။ တိကျတယ်။

စီးပွားးရေးဆန်တယ်။ အလုပ်နဲ့ ခင်မင်မှုကို ခွဲထားတယ်လေ။ အလုပ်ကိစ္စအတွက် သူဌေးက နေပြည်တော်ကို မကြာခဏဆိုသလို ခရီးသွားရလေ့ရှိတယ်။ ဒီတော့ သူဌေးအတွက် ကူဖော်လောင်ဖက်အနေနဲ့ ရုံးက လက်ထောက်မန်နေဂျာတွေက လိုက်ပေးရပါတယ်။ လိုက်ပေးသူ အတွက်လည်း လခအပြင်  အပိုဝင်ငွေလေး ပိုရတာပေါ့လေ။ အစပိုင်းမှာတော့ သူဌေးနဲ့အတူ ကျွန်တော့ရဲ့ စီနီယာအစ်ကိုကြီးတစ်ယောက် သွားကြတာပါ။ အခုတလော အဲဒီအကိုကြီးကို မတွေ့တာ ၃ ရက် ၄ ရက်ရှိနေပြီဗျ။ သူဌေးက ကျွန်တော့်ကို တစ်ခါမှ နေပြည်တော်လိုက်ဖို့ မခေါ်ပါဘူး။ တစ်နေ့တော့ သူဌေးဘာစိတ်ကူးပေါက်လဲမသိပါဘူး ကျွန်တော့ကို နေပြည်တော်
ခရီးအတွက် အထုပ်ပြင်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ဘာမသိ ညာမသိနဲ့ လိုက်ခဲ့ရတယ်လေ။

နေပြည်တော်ရောက်တော့ တည်းခိုခန်းမှာ သူဌေးနဲ့အတူ ၂ ယောက်ခန်းမှာ တည်းရတယ်လေ။ အဲဒီညကျမှပဲ သူဌေးရဲ့ ဇာတိရုပ်ပေါ်လာပါတော့တယ်။ သူက သာမန်မဟုတ်ပဲ လိင်တူဆက်ဆံသူ (Gay-ဂေး) ဖြစ်နေတာပါပဲ။ ကျွန်တော့အတွက်တော့ ကမ္ဘာပျက်တဲ့ညပါပဲ။ သူက ကျွန်တော့ကို သူ့အတွက် အာသာဖြေဖို့ အတင်းကျပ်ခိုင်းစေတယ်လေ။ ကျွန်တော် ငြင်းပါတယ်... လုံးဝကို မဖြစ်နိုင်ကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။ နောက်ဆုံး သူ့အလိုမလိုက်ရင် အလုပ်ဖြုတ်
မယ်လို့လဲ ခြိမ်းခြောက်တဲ့အထိပါပဲ။ ကျွန်တော်လည်း ရတောင့်ရခဲအလုပ်လေးကို မပြုတ်ချင်ဘူးလေ။ မတတ်သာတဲ့အဆုံး သူ့အလိုလိုက်ပေးရတာပေါ့လေ။

ကျွန်တော်က အကာကွယ်သုံးဖို့ပြောတာတောင် သူက ဒီအတိုင်းက သဘာဝပိုကျတယ်ဆိုပြီး ငြင်းတယ်လေ။ ဘယ်တတ်နိုင်ပါတော့မလဲ.....ကျွန်တော့ဘ၀နဲ့ ကျွန်တော့်အကြောင်းပဲလေ။ ကျွန်တော့ဘ၀တော့ အရောင်စွန်းခဲ့ပါပြီ။ မသန့်ရှင်းတော့တဲ့ ဘ၀အခြေနေတစ်ခုကို ကျွန်တော်ရခဲ့ပြီလေ။ အမေနဲ့ညီမလေးသာ သိရင် ဘယ်လောက် ရှက်ကြလိမ့်မလဲလေ..။ နေပြည်တော်က ပြန်လာပြီး တစ်ပတ်နေတော့ ကျွန်တော့ကို မန်နေဂျာက နောက်နေ့ အလုပ်မဆင်းနဲ့တော့တဲ့..... ။

ကျွန်တော်လေ ဘ၀လုံးလုံးပျက်ခဲ့တာပါပဲ.... အလုပ်လည်းပြုတ်တယ် ကျွန်တော့ရဲ့ သန့်ရှင်းတဲ့ လူပျိုဘ၀လည်း အရောင်စွန်းထင်းခဲ့ပြီလေ... ကျွန်တော့်မှာ အဲဒီသူဌေးကို တရားစွဲဖို့နေနေသာသာ နေပြည်တော်က အဖြစ်ပျက်တွေကို ပြန်မတွေးဝံ့လွန်းလို့ မျက်နှာတောင် မဖော်ရဲပါဘူးဗျာ။ တစ်နေ့တည်းမှာပဲ သိလိုက် ရတာက အရင်က သူဌေးနဲ့အတူတူ နေပြည်တော်လိုက်သွားတဲ့ အစ်ကိုကြီးကိုလည်း အလုပ်ထုတ်လိုက်တာ ၂ပတ်ရှိသွားပြီတဲ့လေ....။

အလုပ်မ၇ှိပြန်တော့ အဆောင်မှာပဲ ကျွန်တော် တမှိုင်မှိုင်တတွေတွေပဲပေါ့လေ။ ဘာအလုပ်ကို ဆက်လုပ်ရမှန်းမသိတော့တဲ့ ဘ၀ပါ။ ဒီလိုနဲ့ တစ်လလောက်နေတော့ ကျွန်တော်တို့အဆောင်ကို လူသစ်တစ်ယောက် ပြောင်းလာတယ်။ သူက အသက် ၃၀ ၀န်းကျင်   ရုပ်ရည်သန့်သန့် အသားဖြူဖြူ အစ်ကိုကြီးတစ်ယောက်။ ဇာတိ ကတော့ နယ်ဘက်ကပဲ။ ဒါပေယ့် ရန်ကုန်ကိုတော့ ကျွမ်းကျင်ပုံရတယ်။ တစ်ညတော့ အဆောင်မှာ ဘီယာအတူသောက်ရင်း ကျွန်တော်က အလုပ်မရှိတော့ စိတ်ပျက်မိတဲ့အကြောင်း သူ့ကို ရင်ဖွင့်မိတယ်လေ။ သူကတော့ ခပ်ပြုံးပြုံးနဲ့ ဘာပြောတယ်မှတ်လဲ.... ရန်ကုန်မှာ ငွေရှာရ မခက်ပါဘူးကွာ...တဲ့။

ကျွန်တော် မျက်စိအပြူးသား ကြောင်ပြီး သူ့ကိုမေးခွန်းမေးမယ် ကြုံခိုက် သူက.... မင်းမှာ ရုပ်ရည်ရှိတယ် ငါ့ညီ.. ဒါဆို မင်းအတွက် တစ်ဝမ်းစာမကဘူး ဆယ်ဝမ်းစာ ဖူလုံတယ်ကွ... မင်းအတွက် ငါအလုပ်ကောင်းကောင်းလေး ရှာပေးမယ်... စိတ်ချ။ မင်းမနက်ဖြန်ညကနေစပြီး အလုပ်ဆင်းနိုင်မလား? တစ်ခုပဲ... မင်းနာမည်ကို Jack လို့တော့ ပြောင်းခေါ်ရမယ်။ ဒါမှ သူတို့တွေကကြိုက်ကြမှာ။ နာမည်က ခေတ်လည်းဆန်တယ်လေ။ မင်းနာမည်အရင်းကိုလည်း မထိခိုက်ဘူး.... ဒါဆို ငါတို့မနက်ဖြန် လုပ်ငန်းစကြမယ်။

သူ့အမေးမှာ ကျနော် မဖြေနိုင်ပဲ ဆို့နေခဲ့ပါတယ်။ သေသေချာချာလည်း သူပြောတာတွေကို ကျွန်တော် နားမလည်နိုင်ပါ။ သူက မနက်ဖြန် ညနေ ၆ နာရီမှာ အ၀တ်စားကောင်းကောင်းဝတ်ပြီး အဆောင်ကနေ အဆင်သင့် ပြင်ထားလို့ပြောပြီး အိပ်ယာဝင်ဖို့ တာ့တာပြသွားခဲ့ပါတယ်။ နောက်နေ့ညနေတော့ အဆောင်ရှေ့မှာ ဆလွန်းကား တစ်စီးထိုးရပ်လာပါတယ်။ ကားခေါင်းခန်းထဲမှာ မနေ့က အလုပ်လုပ်မယ် ပြောခဲ့တဲ့သူ ထိုင်နေလေရဲ့။ သူက ကျွန်တော့်ကို လက်ဟန်ခြေဟန်နဲ့ ကားပေါ်တတ်ဖို့ပြောပါတယ်။ ကျွန်တော်လည်း အူလည်လည်နဲ့ လိုက်သွားခဲ့ပါတယ်။ ခြံအကျယ်ကြီးတစ်ခုကို ကားဝင်ရပ်ပြီး အိမ်ထဲမှာဝင်ထိုင်ဖို့ သူကပြောပါတယ်။

နောက်တော့ သူက ခပ်တိုးတိုးလေးပြောပြီး ကားနဲ့ ပြန်ထွက်သွားပါတယ်။ “မင်း ဒီည ဒီက အန်တီမမကြီးကို အစွမ်းကုန် ပြုစုပေးလိုက်.... မနက်ဖြန် မနက် ၆ နာရီ ငါကားလွတ်ပြီး မင်းကို ကြိုခိုင်းလိုက်မယ်... ခပ်ကြမ်းကြမ်းလေး ကြွေးလိုက်ကွာ.... ဒီမမကြီးက မင်းကို မုန့်ဖိုးတွေ အများကြီးပေးလိမ့်မယ်... ငါသွားပြီနော်.... မင်းတာဝန်ကျေပါစေ....။”

ဒီလိုနဲ့ ကျွန်တော်ကို အဲလူကြီးက အန်တီကြီးတွေ မမကြီးတွေ အများကြီးနဲ့ လိုက်ချိတ်ပေးပါတယ်။ သူ့ကိုတော့ ပွဲခ တစ်ဝက်ပေးရတာပေါ့။ အခုတော့ သူပြောသလို
ကျွန်တော် ငွေရှာတတ်လာပြီလေ။ အိမ်ကိုလည်း တစ်လ အနည်းဆုံး ၃ သိန်းလောက်တော့ ပြန်ထောက်နိုင်တယ်လေ။ လက်ထဲမှာလည်း ရွှေတွဲလဲ  ငွေတွဲလဲ ပေါ့ဗျာ။ အန်တီတွေကလည်း လက်ဆောင်တွေ အများကြီးပေးကြတယ်လေ..... တွေးကြည့်ရင်တော့ ပျော်စရာကြီးပဲပေါ့ဗျာ။ စန်းထတယ်ပဲ ပြောရမလား.... မကြာလိုက်ဘူး ၃ လလောက်နေတော့ ကျွန်တော်က Jack မင်းသားလေးဖြစ်လာတယ်လေ။ အော်ဒါတွေလည်း မနားတမ်းလိုက်ရတယ်လေ။ ရက်ချိန်းတွေကလည်း စေ့လို့ပါပဲ။ မနည်းကိုကြိုးစားရတယ်လေ။

ဒါပေမယ့် ဒီအလုပ်ကို ကျွန်တော် မနှစ်မြို့ပါဘူး။ ဒါပေမယ့်လည်း တခြားအလုပ်ရယ်လို့လည်း ရန်ကုန်မှာ မယ်မယ်ရရမှ မရှိတာလေ။ ဒီလိုပဲ ရေလိုက်ငါးလိုက်ပေါ့..... အဖော်လား... သုံးတစ်လှည့် မသုံးတစ်လှည့်ပါပဲ... မမကြီးတွေက အဲဒီ အနံ့ကြီးက ဖီလင် မလာဘူးတဲ့လေ.... မကြာလိုက်သလိုပါပဲ ၆ နှစ်ကျော် ၇ နှစ်အတွင်း တော်တော်လည်း ကျွန်တော် ငွေရှာနိုင်ခဲ့ပါတယ်။ လူရေလည်း လည်လာတယ်လေ။ ပွဲစားလည်း မလိုတော့ဘူး။ ကိုယ့်ပွဲ ကိုယ်ဆက်ပေါ့။ ကျနော့လို လူသစ်တွေ ၀င်လာရင်တော့ သတိထားရတယ်လေ။ ဖောက်သည်တွေ မိတ်မပျက်အောင်ပေါ့။  ၀ါရင့် ကျားကလေး Jack အဖြစ်၇ပ်တည်လာတာ ၈ နှစ်ကျော်လို့ ၉နှစ်တောင် စွန်းခဲ့ပေါ့....။

တစ်နေ့တော့ ကျွန်တော် အပြင်းဖျား ပါတော့တယ်။ ဘာကြောင့်ရယ်မသိဘူး အဖျားက တစ်လလုံးနီးပါ ဆက်တိုက် ဖျားပါတော့တယ်။ ဆရာဝန်က တီဘီလို့ ပြောပါတယ်။ တီဘီဆေးသောက်လည်း အဖျားက အကင်းမသေဘူးလေ။ အကြိတ်တွေလည်း ယောင်လာပါတယ်။ တစ်ခါတစ်ခါလည်း ၀မ်းပျက်တာ မျိုးတွေ ရှိလာတယ်လေ။ နောက်ဆုံး ဆရာဝန်က သွေးစစ်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော့်ကို ကျွန်တော်သိနေမိသလိုပါပဲ။ သွေးအဖြေက HIV positive တဲ့လေ။ ကျွန်တော့အတွက် လမ်းဆုံးသွားပါပြီ။ Jack မင်းသားအတွက် နေ၀င်ချိန်ပေါ့ဗျာ။ ဒါလောကကြီးက ကျွန်တော့ကို ဒဏ်ခတ်လိုက်တာပါပဲ။

ကျွန်တော် နေပြည်တော်မှာ သူဌေးနဲ့အတူ လိင်တူကိစ္စဖြစ်ခဲ့တာတွေ... ရန်ကုန်မှာ သူများ မယားတွေကို ကာမ အဖော်ပြုပေးရတဲ့ လိင်လုပ်သားလုပ်တာတွေက တရားနည်းလမ်းမှ မကျတာပဲလေ။ ဒါပေမယ့် ကျနော် စိတ်ဓာတ်မကျခဲ့ပါဘူး။ ကျွန်တော့် မိသားစုကို ကျွန်တော့်ဘ၀နဲ့ စတေးပြီး ငွေရှာပေးနိုင်ခဲ့တယ်လေ။

ကျွန်တော် ဒီလို စတေးခဲ့တာတွေကလည်း ဆင်းရဲလွန်းတဲ့ ဒီဘ၀က ရုန်းထွက်ချင်တဲ့ စိတ်တွန်းအားတွေ ရည်ရွယ်ချက်တွေ ကြောင့်ပါ။ ကျွန်တော့ကိုယ်ကျွန်တော် တော့ ရွံရှာမိပါတယ်။ ဒါပေမယ့် ကျနော် စတေးခဲ့သမျှဟာ ကျွန်တော့ ဘ၀ ကောင်းဖို့အတွက်လို့သာ ခံယူလျှက်.......

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top