3
Jul

တစ်ကောင်ဖွား

ကျွန်တော့် ဖခင် ဆရာသာဓု ငယ်ကတည်းက
လူမှန်းမသိခင် သူ့ဖခင် ကွယ်လွန် သွားခဲ့ပါသည်။ မိခင် မုဆိုးမကြီးနှင့်အတူ
ဈေးရောင်းရပါသည်။ လမ်းဘေး ဈေးသည် အတန်းအစားမျိုး ဖြစ်ပါသည်။ အလွန်ဆင်းရဲ ရှာပါသည်။
သူ့မိခင်ကြီးက ကျောင်းပင် ထားမပေး နိုင်ရှာပါ။ ကံကောင်းချင်တော့ ကျွန်တော့် အဘွား
နောက်ယူသော ယောက်ျား(ပထွေး) သည် လူကောင်း၊ သူကောင်း တစ်ယောက် ဖြစ်နေခြင်းပင်။
သူကောင်းသောကြောင့်သာ ကျွန်တော့် အဖေ ပျက်စီးမသွားခြင်း အကြောင်းတစ်ခု ဖြစ်ပါလိမ့်မည်။
မည်သို့ပင်ရှိစေ နောင်တစ်ချိန် စာရေးဆရာ ဒါရိုက်တာကြီး တစ်ဦး ဖြစ်ခဲ့သော ဆရာသာဓုသည်
လမ်းဘေး ဈေးသည် ဘဝ နှင့် ဆေးလိပ် စွဲသွားတာကတော့ တစ်ခုတည်းသော အကျင့်ဆိုးဟု ဆိုရ
ပါလိမ့်မည်။ ထိုကိစ္စသည် ဟိုစဉ်က သိပ်ပြီး မထူးဆန်းသော်လည်း လက်ရှိ အခြေအနေတွင်
လူငယ်လေးများ ဆေးလိပ်၊ စီးကရက် သောက်သုံးတတ်ခြင်းမှာ အလွန်ကြီးမားသော ပြဿနာ တစ်ရပ်
ဖြစ်နေပါပြီ။


မည်သို့ပင်ဆိုစေ အဖမဲ့သား လမ်းဘေး ဈေးသည်ဘဝမှ နိုင်ငံကျော် တစ်ယောက်
ဖြစ်လာသော အဖေကြောင့် ကျွန်တော်တို့ ကံကောင်း ခဲ့ကြရသည် မှန်သော်လည်း စစ်စစ်
ပေါက်ပေါက် ပြောရလျှင် ကျွန်တော်တို့ အရွယ်မရောက်ခင်မှာ အဖေနှင့် အမေ အိမ်ထောင်ကွဲ
သွားခြင်း၊ အဖေ နောက်အိမ်ထောင် ပြုခြင်းတို့ကား နှလုံးသားမှာ အမာရွတ်ကလေး ဖြစ်ကျန်ခဲ့တာ
သေချာပါသည်။ ထို့ကြောင့်ပင် ကျွန်တော့် အလှည့်တွင် အိမ်ထောင်ရေး ပြဿနာ
မဖြစ်ရလေအောင် ဂရုစိုက်ခြင်း ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ကျွန်တော့် ဖခင် ငယ်ငယ်
ရွယ်ရွယ်နှင့် စီးကရက်စွဲသွားခဲ့သလို ကျွန်တော်တို့ လူပျိုပေါက် အရွယ်တွင်
အဖေနှင့် အမေက လွတ်လပ်ခွင့်တွေ ပေးလွန်းသောကြောင့် ကျွန်တော်သည်လည်း ဆေးလိပ်နှင့်
အရက် စွဲသွားခဲ့ရသည်မှာလည်း နမူနာယူစရာ ဖြစ်ခဲ့ပါသည်။ သင်ခန်းစာ ဆိုကြပါစို့။
ဘာပဲဖြစ်ဖြစ် မိဘမဲ့သော အမိ သို့မဟုတ် အဖ မဲ့သော ပြီးတော့ လွတ်လွတ်လပ်လပ်
နေခွင့်ရသော လူပျိုပေါက်၊ အပျိုပေါက် တို့သည် လမ်းလွဲလိုက်တတ် ကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့်ပင် ကျွန်တော်သည် သားသမီး လေးယောက်စလုံးကို ဂရုအစိုက်ဆုံး ကာလမှာ
သူတို့ လူပျိုပေါက် ဖြစ်စမှာသာ ဖြစ်ခဲ့ပါတော့သည်။ ကျွန်တော်ဟာ ကျွန်တော့် ဖခင်၏ ဘဝနှင့်
ကျွန်တော်တို့ ဘဝကို ပေါင်းစပ်ပြီး ထိုသို့ ကောက်ချက် ဆွဲသော်လည်း ထိုင်းနိုင်ငံမှ
AIDS ရောဂါရှင်လေး တစ်ဦး၏ မိဘမဲ့ခြင်း၊ လွတ်လပ်ခြင်းကို တစ်ပြိုင်နက်
ခံစားလိုက်ရသော အကြောင်း ဖြစ်နေပါသည်။ ထိုင်းတောင်ပိုင်း လန်းပန်း ဆေးရုံ
အပြင်လူနာ ကုသ ကူညီရေးစခန်းမှ ဝေဒနာရှင်ကလေးက သူ့ဘဝအကြောင်းကို သူ့ဘာသာ ရေးထားသော
စာတစ်ပုဒ် ဖြစ်ပါသည်။

 

ကျွန်တော် အမေသေတော့ ကျွန်တော်က
တစ်လသားပဲ ရှိသေးတာ။ အဖေက နောက်မိန်းမ ယူလိုက်ပါတယ်။ ဒီတော့ ကျွန်တော့်မှာ
အဘွားနဲ့ပဲ နေခဲ့ရတာ။ အဘွားလက်ပေါ် ကြီးခဲ့ရတယ် ဆိုပါတော့။ ကျွန်တော်
အထက်တန်းကျောင်း မနေခဲ့ရပါဘူး။ ဒါပေါ့။ ပိုက်ဆံမှ မရှိပဲကိုး။ သိပ် စိတ်ထိခိုက်တာပဲဗျာ။
ဒါကြောင့် အဘွားနဲ့အတူ မနေတော့ဘဲ ဗန်ကောက်ကို ထွက်လာ ခဲ့ပါတယ်။ ဗန်ကောက်မှာ ကျွန်တော့်ကို
ချုပ်ချယ်မဲ့သူ မရှိဘူး။ သိပ်လွတ်လပ်တယ်။ လုပ်ချင်တာ လုပ်လို့ရတယ်။ ကျွန်တော်ကလည်း
ကျွန်တော့်ဘဝ အတွက် လက်ငင်းရော နောင်ရေးပါ ဘာမှ မစဉ်းစားဘူး။ မကောင်းတာမှန်သမျှ
အကုန်လုပ်တော့တာပဲ။ စီးကရက်သောက်တာက အစ ဘိန်းဖြူပါ အလိုလို ပါလာတော့ တာပဲပေါ့။

 

ကျွန်တော့်အသက် ဆယ့်ခုနစ်နှစ် ပြည့်တော့
အဖေ ဆုံးသွားပါတယ်။ ဒီတော့ အဖေ့ အသုဘ အတွက် ကိုယ့်ရွာကိုယ် ပြန်ရတာပေါ့လေ။ အဖေ
သေပြီဆိုတာနဲ့ ကျွန်တော်ဟာ လုံးဝ ခိုကိုးရာမဲ့ သွားသလိုပဲ။ လောကကြီးမှာ ဘယ်သူမှ
အားကိုးရာ မရှိတော့ဘူးလို ဖြစ်သွားတယ်။ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးလူဟာ ကျွန်တော်ပဲလို့
ထင်မိ ပါတော့တယ်။ ဒီတော့ လုပ်ချင်တာ လုပ်တော့တာပဲ။ အလုပ်လည်း မှန်မှန် မဆင်းတော့လို့
အလုပ်ရှင်ကလည်း ကျွန်တော့်ကို မောင်းထုတ် လိုက်ပါတော့တယ်။ ဒီလိုနဲ့ အဘွားဆီတလှည့်
ပြန်ရောက်ရော ဆိုပါတော့ဗျာ။

 

ကျွန်တော် မူးယစ်ဆေးစွဲ နေတာသိလို့
ကျွန်တော့် ဆွေမျိုးတွေက ကျွန်တော့်ကို နည်းမျိုးစုံနဲ့ ဆေးဖြတ် ပေးကြပါသေးတယ်။
ဒါပေမဲ့ အကြောင်းမထူးပါဘူး။ နောက်ဆုံးတော့ ကျွန်တော်ဟာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု
နဲ့ ပုလိပ်အဖမ်းခံရပြီး ထောင်နှစ်နှစ် ကျသွား ပါတော့တယ်။ ထောင်ကလွတ်တော့ ဗန်ကောက်
ပြန်သွားပြီး အလုပ်ရှာရပြန်တာပေါ့။

 

အဲဒီမှာ မိန်းမ တစ်ယောက်နဲ့ တွေ့တော့တာပါပဲ။
မကြာပါဘူး။ သူ့ကို လက်ထပ်ပြီး အဘွားရွာကို ပြန်ခဲ့ပါတယ်။ မိသားစုအတွက်
ကျရာအလုပ်ကို မရွေးတမ်း လုပ်ခဲ့ပါတယ်။ “အလုပ်ဟူသမျှ ထမင်းကွ” ဆိုတာ လိုပေါ့လေ။
ဒီလိုနဲ့ တနေ့တော့ ထန်းပင် တက်ရာမှာ ပေသုံးဆယ်လောက် အမြင့်ကနေ ပြုတ်ကျလို့
ခြေသွင်သွင် ကျိုးသွားပါရော။ လန်းပန်း ဆေးရုံ တက်ရတော့ တာပေါ့။ အဲဒီမှာတင် ပြဿနာ
တက်တော့တာပါပဲ။ ကျိုးသွားတဲ့ ခြေထောက်ကို ကုရင်းနဲ့ သွေးတွေ ဘာတွေ သွင်းတယ် ပြုဟယ်
လုပ်ရတော့ သွေးစစ်လိုက်တာမှာ ကျွန်တော်ဟာ AIDS ဖြစ်နေပြီ ဆိုတဲ့အဖြေ ပေါ်လာတော့
တာပါပဲ။ အဲဒီတော့ ကျွန်တော် အကြီးအကျယ် တုန်လှုပ် ချောက်ချား သွားရတော့တာပဲ။ ငါ့ဘဝတော့
သွားပါပြီ ဆိုပြီးတော့ ပေါ့လေ။ ဒီလိုနဲ့ ဆေးရုံက ပြန်ဆင်းလာပေမယ့် ကျွန်တော့်
အဖြစ်ဆိုးကို ဘယ်သူ့မှ ဖွင့်မပြော ခဲ့ပါဘူး။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ
ကျွန်တော့် မိန်းမက ကလေးနှစ်လ ကိုယ်ဝန်ရှိနေပြီ။ ဒီတော့လည်း ထုံးစံအတိုင်း
ဆေးရုံသွားပြ ရတော့တာပေါ့။ ဒီမှာတင် ကျွန်တော့် မိန်းမကိုလည်း ဆေးစစ်လိုက်ရော
....။ ဒါပေါ့ဗျာ သူ့မှာလည်း AIDS ရောဂါ စွဲကပ် နေပါပြီတဲ့။ ကျွန်တော့် မိန်းမခမျာ
ငိုလိုက်တာ ထွန့်ထွန့်လူးပါပဲ။

 

ပထမတော့ ကျွန်တော်တို့ နှစ်ယောက်
ကိုယ့်ကိုယ်ကို သတ်သေမလို့ လုပ်ကြသေးတယ်။ ဒါပေမဲ့ ဆရာဝန်က နားချလို့ မလုပ်ဖြစ်ခဲ့တော့ပါဘူး။
ဆရာဝန်က ကျွန်တော့် မိန်းမကို AZT ဆေးတွေ ပေးပါတယ်။

 

သမီးဦးလေးကို မွေးတော့ ထုံးစံအတိုင်း
ကလေးကိုလည်း ဆေးစစ်ရပါတယ်။ ဟာ ... သမီးလေးက ဆေးအောင်သတဲ့။ ဘာရောဂါ လက္ခဏာမှ
မပြဘူးတဲ့။ ဝမ်းသာလိုက်တာ လွန်ပါရောဗျာ။ ဒါပေမဲ့ စိတ်တော့ မချရသေးဘူးလေ။ ဒီလိုနဲ့
သမီးလေး တစ်နှစ်ခွဲမှာ ကျွန်တော်တို့ သူ့ကို ထပ်ပြီး သွေးတွေ ဘာတွေလည်း
စစ်ကြတာပေါ့။ ကံကောင်း လိုက်ပုံများဗျာ။ သမီးလေးမှာ AIDS မဖြစ်ဘူးတဲ့။

 

ခုဆို သမီးလေးဟာ နှစ်နှစ်
ပြည့်ခဲ့ပါပြီ။ သမီးလေးနဲ့ ကျွန်တော့်မယားဟာ ကျွန်တော် ဘဝအတွက် မီးရှူး
တန်ဆောင်လိုပါပဲ။ သူတို့ဟာ ကျွန်တော့်အတွက် အရာရာ အားကိုး မျှော်လင့်ချက်တွေလည်း
အပြည့်အဝ ရှိနေပါပြီ။ တကယ်လို့ ကျွန်တော်ရော ကျွန်တော့်မိန်းမရော လောကကြီးမှာ
မရှိကြတော့ဘူးဆိုရင် တစ်စုံတစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့ တစ်ခုခုက သမီးလေးရဲ့
နောင်ရေးကို စိတ်မဆင်းရဲအောင် ပြုစု ပျိုးထောင် ပေးကြလိမ့်မယ်လို့ မျှော်လင့်
နေမိပါတော့တယ်။ တကယ်တော့ ကျွန်တော့် ဘဝမှာ ဒီသမီးပဲ မျှော်လင့်ချက်၊ ဒီသမီးလေးပဲ
စိုးရိမ်တကြီး စောင့်ကြည့်ရမဲ့လူသား မဟုတ်ပါလားလေ။

သုမောင် -

တစ်ကောင်ဖွား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top