21
Mar

တီထွင် စိတ်ကူး ကောင်းတဲ့သူ



အသားဖြူဖြူ
ဥပဓိရုပ်ကောင်းကောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အသက် ၅၅ နှစ်အရွယ် လွှတ်တော်အမှတ်
ခွန်မီချိုင်း ဝိရာဝေဒရ ကို ထိုင်နိုင်ငံမှာတော့ ဦးကွန်ဒုံးရယ်လို့ လူသိများပါတယ်။

သူတည်ထောင်ထားတဲ့
Cabbages & Condom ဆိုတဲ့ စားသောက်ဆိုင်မှာ ဒီဇိုင်းမျိုးစုံ အရောင် အသွေးမျိုးစုံ
ကွန်ဒုံးတွေကို နံရံပေါ်မှာ စားပွဲပေါ်မှာ အလှဆင် ပန်းအိုးမှာ စသည်ဖြင့် နေရာ အနှံ့မှာ
တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာရောက် သုံးဆောင်သူတွေ အတွက် ကွန်ဒုံး တွေကို အခမဲ့
ယူသွားနိုင်အောင် စီစဉ်ထားပါတယ်။

ကွန်ဒုံးနဲ့
ပတ်သက်ပြီး မကြောက်ပါနဲ့ ကွန်ဒုံးဟာ အပင်ကရလာတဲ့ ရာဘာလေးပါပဲ။ ကွန်ဒုံးအတွက် ရှက်နေ
မယ်ဆိုရင် တင်းနစ် ဘောလုံးအတွက် ပိုပြီး မျက်နှာပူစရာ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့
သူ့မှာ ရာဘာ ပိုများတာကိုး လို့ ပြောတတ်တဲ့ ခွန်မီချိုင်း ဟာ ကွန်ဒုံးသုံးစွဲရေးနဲ့
သားဆက်ခြားရေး နည်းလမ်း အသွယ်သွယ်နဲ့ စည်းရုံး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ထိုင်နိုင်ငံရဲ့
လူဦးရေနဲ့ လူနေမှု ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးအသင်း ပီဒီအေ (Population
Community Development Association) မှာ ခွန်မီချိုင်းက တည်ထောင်သူ အနေနဲ့ရော နယက အနေနဲ့ရော
ပါဝင်နေတာပါ။ ၁၉၇၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ NGO တစ်ခုဖြစ်တဲ့ ပီဒီအေ ဟာ မိသားစု စီမံကိန်းတွေကို
ဦးဆောင်စေခဲ့ပါတယ်။

မိသားစု
စီမံကိန်းကို အောင် မြင်ချင်တယ် ဆိုရင် ပဋိသန္ဓေ တားဆေးတွေကို ကျေးရွာတွေမှာ ဟင်းသီးဟင်းရွက်တွေ
လွယ်လွယ်ကူကူ တွေရသလို တွေ့နိုင်ရစေမယ် လို့ ခွန်ချိုင်းက ခံယူထားတယ်။ ကျေးလက်နေသူတွေ
သန္ဓေတားဆေးကို ပိုမို လက်ခံစေဖို့အတွက် သံဃာတော်တွေ ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်ရေကို
သန္ဓေတားဆေးတွေ ကွန်ဒုံးတွေပေါ်မှာ ပက်ဖြန်းပေးပြီး ကျေးရွာတွေမှာ ဖြန့်ဖြူးခဲ့တယ်။ မွေးဖွားခြင်းစာ
ဝေဒနာ ခံစားမှုကို ဖြစ်စေတယ်။ ဆိုတဲ့ ဗုဒ္ဓတရားတော် အဆိုအမိန့်ကို မူတည်ပြီး မွေးဖွားတာကို
တားဆီးရင် ဒုက္ခကို တားဆီးရာရောက်တယ် လို့ ခွန်မီချိုင်းက ထောက်ပြပါတယ်။ သံဃာတော်များကလည်း
ဒီအချက်ကို သဘောပေါက် နားလည်ပြီးဖြစ်လို့ ကြည်ကြည်ဖြူဖြူနဲ့ အကူအညီပေးတယ်။

ကျေးလက်ဒေသတွေမှာ
သာသနာရေးဆိုင်ရာ အကြီးအကဲနဲ့ ကျောင်းဆရာ ဆရာမတွေ သြဇာညောင်းသူတွေ ဖြစ်တယ်ဆိုတာ ပီဒီအေက
လေ့လာသိရှိခဲ့တယ်။ ဒါကြောင် ကွန်ဒုံးသုံးရာမှာ ရှက်ကြောက်စိတ်ကို ပယ်ဖျောက်ပေးဖို့
ဆရာဆရာမတွေ ကွန်ဒုံးကို ကစားစရာ ဘောလုံးသဖွယ် သဘောထားပြီး ကွန်ဒုံးမှုတ်ပြိုင်ပွဲ ကျင်းပပေးတယ်။
ပျော်ရွှင်မှုရှိရင် တိုးတက်မှုရှိမှာပဲ လို့ ယုံကြည်တဲ့ ခွန်မီချိုင်းက သန္ဓေတားဆေး သီချင်း
စပ်ဆိုစေပြီး ပျော်ရွှင်စရာ ဖန်တီးပေးတယ်။ ကွန်ဒုံးကို မိန်းကလေးတွေ အနေနဲ့ ဆံပင်ချည်စရာအဖြစ်
သုံးနိုင်သလို မိုးရွာရင် လက်ကိုင်ဖုန်းကို ကွန်ဒုံးထဲ ထည့်သွားလို့ရတယ် လို့ ကြံကြံဖန်ဖန်
စိတ်ကူးတတ်တဲ့ ခွန်မီချိုင်းက ပြောပါတယ်။

အဝေးကကြည့်ရင်
SEX ဆိုတဲ့ စားလုံးကိုသာ ထင်သာ မြင်သာရှိပြီး အနီးရောက်မှာ Sex Education Cam လို့
စာတန်းထိုးထားတဲ့ ကားတစ်စီးနဲ့ အလုပ်ရုံတွေ ကျောင်းတွေမှာ ပညာပေး လုပ်ငန်းတွေ လုပ်ပေးတယ်။
သားကြောဖြတ် ကိရိယာတွေ အစုံအလင်ပါတဲ့ကားနဲ့ ကျေးရွာတွေအထိ သွားရောက်ကာ ကလေးများတာဟာ
ပိုလို့ ဆင်းရဲစေတာပဲ လို့ ရှင်းပြပြီး သားကြောဖြတ်တဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးကြတယ်။
မရှိ နွမ်းပါးသူတွေဆီက ဆေးဖိုးဝါးခ အနေနဲ့ များများစားစား မယူပဲ လုပ်ငန်း လည်ပတ်စရိတ်
ကာမိအောင်သာ အနိမ့်ဆုံးနှုန်းနဲ့ ယူတယ်လို့ သိရတယ်။

ကလေးတွေကိုလည်း
ပြောပြရသေးတယ်။ မင်းတို့ ရမယ့် အမွေကို မောင်နှမတွေ အများကြီးနဲ့ ခွဲဝေမယူချင်ရင် မင်းတို့
အဖေကို သားကြောဖြတ်ဖို့ ခေါ်လာခဲ့လို့ ဆိုပြီး ခွန်မီချိုင်း ကပြောတတ်ပါတယ်။ ကလေးဖခင်တွေသာမက
မိခင်တွေကိုလည်း တစ်နှစ် ကိုယ်ဝန် မဆောင်ရင် ဝက် ၂ကောင်ရမယ်လို့ပြောပြီး ကျန်းမာရေးကို
စီးပွားရေး ရှူ့ထောင့်ကနေ ပြောပြပြီး စည်းရုံးနိုင်ခဲ့တယ်။ ကိုယ်ဝန်မဆောင်ရင် ဝင်ငွေပိုရမှန်းသိလို့
ကိုယ်ဝန်တားပြီး ဝက်မွေး လာလိုက်ကြတာ ခုဆိုရင် သူတို့ ယောက်ျားတွေတောင် ဝက်ခြံမှာ အလုပ်ပြန်ပေးနိုင်တဲ့
အမျိုးသမီးတွေ ရှိနေပြီလို့ လည်းသိရတယ်။

သားဆက်ခြားရေးကို
ကျယ်ကျယ်ပြန့်ပြန့် သိလာတဲ့ ထိုင်းနိုင်ငံရဲ့ လူဦးရေ တိုးမှုနှုန်းဟာ ၁၉၇၀မှာ ၃.၂ ရာခိုင်နှုန်းရှိရာနေ
ယနေ့ချိန်မှာ ၀.၈ ရာခိုင်နှုန်း ထိ ကျဆင်းခဲ့တယ်။ အရင်က ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်ဟာ
အကြမ်းအားဖြင့် လူဦးရေ အရေအတွက် တူညီပြီး ကျေးလက်ဒေသတွေမှာ ပျမ်းမျှ အားဖြင့် မိသားစု
တစ်ခုကို ကလေး ၇ ယောက်နှုန်း စီရှိကြတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံက ဖိလစ်ပိုင် ထက်လူဦးရေ
သန်း ၃၀ ပိုလျော့နေတာ တွေ့ရပြီး မိသားစု တစ်စုမှာ ပျမ်းမျှနှုန်း ကလေး ၂ ယောက် သို့မဟုတ်
၃ ယောက်ရှိတယ်။

ပီဒီအေရဲ့
လုံ့လ စိုက်ထုတ်မှုရလဒ်အနေနဲ့ လူဦးရေ တိုးနှုန်း ကျဆင်းရုံသာမက HIV ပြန့်ပွား ကူးစက်နှုန်ဟာလည်း
ကျဆင်းလာခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ အမြင့်ဆုံး အနေနဲ့ ရောဂါပိုး ကူးစက်ခံရသူ ၁၄၃,၀၀၀ ရှိခဲ့ပြီး
၂၀၀၃ ခုနှစ်မှာ ၁၉.၀၀၀ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ရာခိုင်နှုန်းပြည့် ကွန်ဒုံး သုံးစွဲရေး
အစီအစဉ်အရ ကြေးစား လိင်လုပ်သားတိုင်း ကွန်ဒုံးရှိရမယ်။ သူတို့နဲ့ လာပြီး ပျော်ပါး သူတွေကိုလည်း
ကွန်ဒုံး သုံးခိုင်းရမယ်။ ဒါမှ မဟုတ်ရင် အုပ်ချုပ်သူ မနနေဂျာကို အကြောင်းကြား ရမှာဖြစ်တယ်။
ဒီအစီအစဉ်အရာ AIDS တားဆီးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ခွန်မီချိုင်း တာဝန်ယူခဲ့စဉ်က
၁၉၉၁ ခုနှစ်ဝန်းကျင်ကတည်းက စတင်ခဲ့တာဖြစ်တယ်။

ပီဒီအေ
မှာ စီမံကိန်း လုပ်ငန်းပေါင်း ၃၀ ရှိတဲ့အနက် အမျိုးသမီးရေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးမှု
သစ်တောနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရေကောင်းရေသန့် ရရှိရေး အိမ်တွင်းမှု သက်မွေဝမ်းကျောင်း  သင်တန်း အစရှိတာအပြင် ဆင်းရဲ မွဲတေမှုတိုက်ဖျက်ရေးနဲ့
ကျေးလက်ဒေသ စီးပွားရေး တိုးတက်ဖို့ အတွက်ပါစီမံကိန်းတွေရှိတယ်။ ဒါတင်မက ချေးငွေထုတ်ချေးပေးတဲ့
အစီအစဉ်တွေပါရှိတယ်။

ငွေချေးငှားနိုင်ဖို့ဆိုတဲ့
အခွင့်အရေးဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ရပ်လို့ ကျနော် မြင်ပါတယ်။ ဒါမှသာ ဆင်းရဲသူတွေကို
ကျနော်တို့ ကူညီနိုင်မယ်လေ လို့ ခွန်မီချိုင်းက သူ့အယူအဆကို ပြောပြပါတယ်။ ချေးငွေ ထုတ်ချေးပြီးတဲ့အခါ
HIV ရောဂါပိုး ရှိသူနဲ့ ရောဂါပိုး မရှိသူ စီးပွားရေး လုပ်ဖေါ်ကိုင်ဖက် ၂ ယောက်တစ်တွဲကိုလဲ
ငွေချေးယူဖို့ ခွင့်ပြုထားတယ်။

ချေးငွေတွေ
ပြန်မဆပ်ကြရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မွေးခွန်းကိုတော့ စွန့်စားမှု ယူတယ်ဆိုတာ မရှိရင်
ဘဝကြီးက ပျင်းစရာ ကောင်းသွားလိမ့်မယ် လို့ဖြေသွားပါတယ်။

ဆင်းရဲ
မွဲတေမှု တိုက်ဖျက်ဖို့ရာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖေါ်ထုတ်ပေးရမယ်။ စီးပွားရေး လုပ်ငန်း
လုပ်နိုင်ဖို့ ကူညီ ထောက်ပံ့မှုတွေ ပေးရမယ်။ တွေးတတ် ခေါ်တတ်အောင် ကူညီပေးရမယ်။ လုပ်ငန်း
လုပ်နိုင်ဖို့ အရည်အချင်းတွေ သင်ပြပေးရမယ်။ ဒါဟာ ကျေးလက် စီးပွားရေး စီမံခန့်ခွဲမှု
မဟာဘွဲ့ (Village MBA) လို့ သူက ကင်ပွန်းတပ်ပါတယ်။ ဆင်းရဲမှုကို ကုသရာမှာ စီးပွားရေး
လုပ်ဆောင်ပုံက ဆေးကောင်းတစ်လက်ဖြစ်ပြီး စီးပွားရေး လုပ်ဆောင်သူက ဆရာဝန်ကောင်း တစ်ယောက်ဖြစ်သတဲ့လေ။

ထိုင်း
အမျိုးသား ဆရာဝန် ဖခင်နဲ့ စကော့ အမျိုးသမီး ဆရာဝန် မိခင်တို့က မွေးဖွားခဲ့တဲ့ ခွန်မီချိုင်းဟာ
စီးပွားရေး အမြင် ရှိသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သြစတြေးလျ နိုင်ငံ မဲလ်ဘုန်း တက္ကသိုလ်ကနေ
ဝါဏိဇ္ဖဗေဒဘွဲ့ကို ၁၉၆၄ ခုနှစ်က ရရှိခဲ့ပါတယ်။

သူ့ရဲ့
ဆန်းသစ် တီထွင်တဲ့ စိတ်ကူးတွေကြောင့် ထိုင်းနိုင်ငံမှာ နှစ်စဉ် NGO ၂၀၀ ခန့် လုပ်ငန်း
မလည်ပတ် နိုင်လို့ လုပ်ငန်း ရပ်စဲချိန်မှာ သူဦးဆောင်တဲ့ ပီဒီအေ ဟာ နှစ်ပေါင်း ၃၀ကြာ
ရပ်တည်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

NGO
တွေဟာ အမေ့နို့ကို စို့နေရသလိုမျိုး ထောက်ပံ့သူတွေရဲ့ ငွေကြေးပေါ်မှာပဲ မှီခိုနေလို့
မရပါဘူး။ လုပ်ငန်း စတင်ဖို့ အတွက် အမေ့နို့က ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်မှာလည်း ကိုယ်ပိုင်
ငှက်ပျော စိုက်ခင်းရှိဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ကိုယ်ပိုင်မလုပ်တတ်လို့
ရှုံးမှာကြောက်ရင် ကျွမ်းကျင် သူကိုငှားပါ။ စီမံခန့်ခွဲမှုက အရေးကြီးတယ် လို့လည်း ဆိုပါတယ်။  NGO တွေ စီးပွားရေး လုပ်တာ ဘာမှားလို့လဲ အနာဂတ်မှာ
ရှင်သန်ဖို့အတွက် စီးပွားရေး လုပ်ငန်းမှာ ရင်းနှီး မြုပ်နှံဖို့လိုတယ်။ အလှူရှင်တွေဆီကနေ
တောင်းခံနေရုံနဲ့ ရေရှည်မှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းက ရလာတဲ့
ဝင်ငွေကို စီမံကိန်းလုပ်ငန်းတွေမှာ ပြန်သုံးစွဲရမယ် လို့ သူ့သဘောထားကို ပြောပြပါတယ်။

ဒါတင်မက
စီးပွားရေး လုပ်ငန်းတစ်ခုတည်းနဲ့ စိတ်မချရပဲ ပထမ လုပ်ငန်းက ရလာတဲ့ အမြတ်ငွေကို ဒုတိယ
လုပ်ငန်းတစ်ခုမှာ ပြန်ရင်းနှီးသင့်တယ်လို့ လည်းဆိုတယ်။ ဒါကို အချိန်တန် အရွယ်ရောက်လာရင်
တစ်ဦးတည်းသော သမီးက အိမ်ကို စွန့်ခွာသွားမှာပဲဆိုတဲ့ သဘောနဲ့ နှိုင်းယှဉ်ကြည့်ရမယ်လို့
ပြောပါတယ်။

ပီဒီအေမှာ
စားသောက်ဆိုင် အပန်းဖြေစခန်း စသည်ဖြင့် စီးပွားရေး လုပ်ငန်းခွဲပေါင်း ၁၆ ခုရှိတယ်။
လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Cabbages & Condoms ကနေ လစဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅,၀၀၀
နီးပါးရတယ်။ နောက်ထပ် လုပ်ငန်းသစ်တစ်မျိုးဖြစ်တဲ့ Coffee & Condoms ဆိုတဲ့ ကော်ဖီဆိုင်
ကိုလည်း ထိုင်းနိုင်ငံထဲမှာ မကြာမီ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒါအပြင် အမေရိကန်
ပြည်ထောင်စုကနေ စီးပွားရေး ခြေဆန့်ဖို့ အစီအစဉ်တွေရှိတယ်။ ပီဒီအေရဲ့ စီမံကိန်းတွေမှာ
ကုန်ကျတဲ့ ငွေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းကို ဒီလုပ်ငန်းတွေက ရပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို
အလှူရှင်တွေ ဆီက ရပါတယ်။

ထိုင်းနိုင်ငံမှာ
ယခုလက်ရှိ NGO ပေါင်း ၅၁၂ ဖွဲ့ရှိပြီး ၁၀ဖွဲ့လောက်သာ စီးပွားရေး လုပ်ငန်းက ရတဲ့ ဝင်ငွေနဲ့
ကိုယ့်လုပ်ငန်းကို  ပြန်လည် ထောက်ပံ့ကြတာမျိုးရှိတယ်လို့
သိရတယ်။ ခွန်မီချိုင်း ကတော့ ကိုယ့်ကိုယ်ကို ပြန်လည် ကူညီနိုင်ဖို့ သင်ယူရမယ်လို့ ပြောသွားပါတယ်။

အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top