23
Jul

ထိုမိန်းမ



မိန်းမသားတို့၏
သဘာဝမှာ ဟိုစပ်စပ် သည်စပ်စပ်နှင့် လူရာဝင်တတ်သော၊ စကားကြွယ်သော၊ ဖော်ရွေသော
ယောက်ျားသူငါများကို ခံတွင်းတွေ့ တတ်ကြပါသည်။ ထို့ကြောင့် အရောတ၀င် ကြည်ဖြူ
တတ်ကြပါသည်။ ထိုအခါ ယောက်ျားများအကြိုက်ကို တစ်ခါတစ်ရံ အလိုက်ပေး ပေါင်းသင်း တတ်ကြရာက
မမှားသင့်သည်များ မှားယွင်း သွားတတ်ကြပါသည်။ အခွင့်အရေးသည် နေရာတကာ မပေးကောင်းပေ။
အခွင့်အရေး ယူတတ်သူများနှင့် ကြုံလျှင်သာ ဆိုးတတ်ပါသည်။

 

အောက်ဖော်ပြပါ
ဖြစ်ရပ်ကလေးတစ်ခုကို ဖတ်ကြည့်စေချင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း
လက်လုပ်လက်စား မိန်းမ တစ်ဦး၏ ကိုယ်တွေ့ ရင်ဖွင့် ပြောပြချက်ဖြစ်ပါသည်။
ဒုက္ခသည်များ ကို စောင့်ရှောက်ရင်း သူတို့ ရင်ဖွင့် စကားများ ရေးသော
စာတိုကလေးများကို စုဆောင်း၍ Japan International Cooperation Agency မှ ဓမ္မဒါနအဖြစ်
ဘာသာပြန်ဆို ပေးထားပါသည်။

 

ကျွန်မမှာ ခုလဆို ဖောက်သည်ချခွင့်
ရတဲ့အတွက် (စာအုပ်စီစဉ်သူများကို) အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်ရပါတယ်ရှင်။ ကျွန်မဟာ
ကုရာနတ္တိ ရောဂါ အေ့ဒ်(စ်) ကြောင့် ကြေကွဲ ၀မ်းနည်းမှုတွေ ဘ၀မှာ ဖြစ်လာရတယ်ဆိုတာ
ပြောပြချင်ပါတယ်။

 

ကျွန်မအသက် (၂၃) နှစ်ပါ။ ကျွန်မမှာ
ညီမငယ် တစ်ယောက်နဲ့ ကျပ်မပြည့်တဲ့ မောင် တစ်ယောက် ရှိပါတယ်။ ညီမကတော့ အိမ်ထောင်ကျသွားပါပြီ။
ကျွန်မက မောင်လေးကို ပြုစုရင်း ကျပန်းအလုပ် လုပ်ကိုင် စားသောက်နေသူပါ။ မိဘတွေကတော့
ကျွန်မ အသက် နှစ်ဆယ့်နှစ်နှစ်မှာ ဆုံးပါးကုန်ကြပါပြီ။

 

ကျွန်မ ဗန်ကောက်မြို့ကြီးပေါ်မှာ
အိမ်ဖော် အလုပ်လုပ်ပါတယ်။ ဂုဏ်ကြီးရှင်တွေရဲ့ အိမ်မှာပဲ ပေါ့လေ။ အဲဒီမှာ ကိုးလပဲ အလုပ်လုပ်ပြီး
ကျွန်မ အလုပ်က ထွက်လိုက်ပါတယ်။ အကြောင်းကတော့ ကျွန်မရဲ့ အိမ်ကြီးရှင် အမျိုးသားရဲ့
အမူအရာတွေကို မကြိုက်လို့ပါ။ သူ့အပြုအမူတွေက ထူးခြားပါတယ်။ ကျွန်မကိုယ် ကျွန်မ
မလုံလဲဘူးပေါ့။ ဒါနဲ့ တခြားအိမ်တစ်အိမ်မှာ ကလေးထိန်းအဖြစ် ပြောင်းလုပ်ပါတယ်။ တစ်လ
ဘတ် (၃၀၀၀) ရတော့ အိမ်ကိုလည်း ပြန်ပို့ နိုင်တာပေါ့လေ။

 

ကျွန်မတို့ အိမ်နားမှာ
ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု ရှိပါသည်။ ကျွန်မဟာ ညနေတိုင်းဆိုရင် အိမ်ရှင်ရဲ့
ကလေးနဲ့အတူ လမ်းလျှောက် ထွက်ရပါတယ်။ အဲဒီမှာတင် လူတစ်ယောက်နဲ့ တွေ့ဆုံတော့တာပါပဲ။
သူက ပန်းရံ အလုပ်သမား ဆိုပါတော့။ ရင်းနှီး ခင်မင် သွားကြတော့လည်း သူ့ရဲ့ အပြောအဆို
သူ့ရဲ့ လူရည်လည်မှုတွေ အပေါ် သဘောကျမိတာ ၀န်ခံပါတယ်။

တစ်နေ့ အလုပ်အားလပ်ရက် ရတာနဲ့
(သူလည်း အလုပ်အားတာမို့) ကျွန်မတို့ အလည်ခရီး ထွက်ဖြစ် သွားကြပါတယ်။
အဲဒီနေ့မှာပဲပေါ့။ ကျွန်မရဲ့ မဆင်မခြင်မှုကြောင့် ပါပဲလေ။ ကျွန်မဟာ သူ့ရင်ခွင်ထဲ
ရောက်သွားမိပါတယ်။ သူ့ကို ယုံမိတာကိုး။ သူက လည်လည်ဝယ်ဝယ် ရှိတယ် မဟုတ်လား။
ဒီတော့လည်း အကာအကွယ်တွေ ဘာတွေ မယူခဲ့မိဘူးပေါ့။ ဒီနောက်ပိုင်း ကျတော့လည်း ကျွန်မဟာ
သူ့ကို ရှောင်နေမိ ပြန်ပါတယ်။ သူကလည်း ကျွန်မနဲ့ ခပ်ဝေးဝေး ရှောင်နေလေ့ ရှိပါရဲ့။
သူ့မှာက ကျွန်မကို လှည့်ဖျားစရာတွေ အများသားလေ။ ကျွန်မကလည်း တော်တော်ရူးရူးမိုက်မိုက်
လုပ်ခဲ့မိတာကိုး။ ကျွန်မမှာ ကိုယ်ဝန် နှစ်လ ရပြီဆိုတော့မှ နေရပ်ပြန်ပြေး ရတော့တာပါပဲ။
အဲဒီအချိန်မှာတော့ ကျွန်မဟာ သူ့ကို အရမ်း မုန်းနေပါပြီ။ သတ်ပစ်ချင်လောက်အောင် ကိုပါပဲရှင်။
သူနဲ့ ဆုံပါသေးတယ်။ သူကတော့ ကျွန်မကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်ဘူးလို့ ဇွတ်ငြင်း နေတော့တာပါပဲ။

ကိုယ်ဝန် ကိုးလရတော့ ကျွန်မ ဆရာဝန်နဲ့
ပြကြည့်ပါတယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ ကျွန်မရဲ့ သွေးစစ်ချက်မှာ ပြဿနာ ရှိနေတယ်တဲ့။
ပြီးတော့ သားသမီး ရလာရင်လည်း ကလေးကို မိခင်နို့ မတိုက်ရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့
ကျွန်မမှာ ....ကျွန်မမှာလေ... အေအိုင်ဒီအက်(စ်) ရောဂါ စွဲကပ်နေလို့ ပါပဲတဲ့ရှင်။
ကျွန်မကမ္ဘာလေး ပျက်စီးသွားပါပြီ။ မျှော်လင့်ချက်တွေ ပျောက်ကုန်ပါပြီ။
တုန်လှုပ်ချောက်ချားမှု၊ ၀မ်းနည်းကြေကွဲမှု တွေသာ အထပ်ထပ် ရစ်ပတ်နေပါတော့တယ်။

ဒီဘ၀ ရောက်မှတော့ ကျွန်မအနေနဲ့
မိန်းမသားတွေ အပေါ်မှာ ကျေးဇူးပြုနိုင်တာ တစ်ခုပဲ ရှိပါတယ်။

“ ကျွန်မလို စိတ်အလို မလိုက်မိ ကြပါစေနဲ့”

“ ကျွန်မလို မစူးစမ်း မဆင်ခြင်မိ ကြပါစေနဲ့”

“အို ယောက်ျားတွေရဲ့ စကားတွေ၊
သူတို့ရဲ့ .... လူရည်လည်မှုတွေကို အထင်မကြီး မိကြပါစေနဲ့”

 

တကယ်လို့ စိတ်အလိုလိုက်မိမယ်
ဆိုရင်လည်း ကြိုတင်ကာကွယ်ကြပါ။

 

ကွန်ဒုံးသုံးကြပါ။ ကျွန်မတို့
မိန်းမသားတွေဟာ ရိုးသားတယ်။ ယုံလွယ်တယ် ဆိုတော့ ကွန်ဒုံးသုံးလေ့ မရှိကြဘူး
မဟုတ်လား။



သုမောင်
-
ကျေးဇူးပဲ
AIDS

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top