4
Feb

နားလည်လက်ခံမှု

ပတ်ဝန်းကျင် ဆိုတဲ့ စကားလေးသုံးလုံးဟာ တကယ်တော့ လူတွေရဲ့ ဘဝမှာအရေးသိပ်ပါတယ်လို့ ကျွန်တော်ထင်မိတယ်။ ကျွန်တော် ဒီအချိန်ထိ အသက်ဆက်ရှင် နေနိုင်တာ ကျွန်တော့်မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် ကြောင့်ပဲ။ တခြားကျွန်တော်လို့ ဝေဒနာရှင်တော်တော်များများဟာ ကျွန်တော်လို ကံကောင်းစေချင်တဲ့စိတ်နဲ့ ကျွန်တော့်အကြောင်းကို ပြောပြချင်မိတာပါ။
 
ကျွန်တော့်မှာ ဒီရောဂါ စဖြစ်မှန်းသိတာ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကပါ။ ကျွန်တော့်အမိုးက ဆေးရုံက ထမီအစိမ်းဝတ်သူနာပြု ဆရာမကြီးတစ်ယောက်ပါ။ အပါးကတော့ သူတို့မိဘဘိုးစဉ် ဘောင်ဆက်လုပ်ခဲ့တဲ့ မုန့်လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်နေသူ တစ်ယောက်ပါ။ သမီး (၃) ယောက်အောက်က အထွေးဆုံးသား ဖြစ်ခွင့်ရခဲ့တဲ့ ကျွန်တော်ဟာ အိမ်မှာဘာမဆိုလိုတရခဲ့ပါတယ်။
 
ကိုယ်ကျင်လည်နေထိုင်ရတဲ့ အသိုင်းအဝိုင်းက ကျဉ်းတယ်လို့ ထင်ခဲ့ပြီး ကျွန်တော်အသက် (၁၇) နှစ်မှာ သူငယ်ချင်းတွေ ဆွယ်တာနဲ့ ရှမ်းကမ်း (ထိုင်းနိုင်ငံ) ကို လာခဲ့ပါတယ်။ ကျွန်တော်က သူများတွေလို အလုပ်လုပ်ဖို့ဆိုတဲ့ စိတ်ကူးလဲ ရှိခဲတာ မဟုတ်ဘူး။ စမဖတ်ချင်တာရယ်၊ တခြားမြို့ရွာမှာ အတွေ့အကြုံသစ်လိုချင်တာရယ်နဲ့ပဲ ရောက်သွားခဲ့တာ။ ဒါပေမဲ့ ပါလာတဲ့ပိုက်ဆံတွေလဲကုန် ရွှေတွေလည်း ကုန်တဲ့အချိန်မှာ အိမ်ကိုလည်း မပြန်ချင်တော့ဘူး။ ဒါနဲ့ အလုပ်စလုပ်ခဲ့ရတယ်။ လုပ်ရတဲ့ အလုပ်က အပင်တွေကို မနက်ရေလောင်း၊ ပေါင်းသင်ရတဲ့အလုပ်။ အလုပ်အားတဲ့ အချိန်တွေမှာ ခြံနားက အရက်ဆိုင်သွား အရက်သောက်တယ်။ ဒါပေမယ့် အရက်သောတာက အနံ့ရတော့ အလုပ်ရှင်က သိပြီး ပြဿနာဖြစ်၇တာနဲ့ တဖြည်းဖြည်း ဆေးသုံးဖြစ်သွားတာ။
 
ခြံမှာပဲ အတူတူအလုပ်လုပ်တဲ့ အကိုကြီးတယောက်က အရင်ကတည်းက ဆေးချတယ်။ သူ့အဆက်အသွယ်နဲ့ပဲ ကျွန်တော်ရော တခြားအတူတူလုပ်တဲ့ ၅ ယောက်စလုံးရော ဆေးသုံးဖြစ်သွားတယ်။ လုပ်ခရသမျှက အဲဒီ ထဲပဲ ရောက်သွားကြတော့တာပေါ့။ အဆင့်မြင့် လာပြီး အကြောထဲ ထိုးသွင်းတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ အပ်ကလည်း ကြုံသလိုအဆင်ပြေသလိုပါပဲ။ တစ်ယောက် တစ်လှည့်ထိုးကြတာပဲပေါ့။ နောက်တော့ လူကဆေးမသုံး ရရင် မနေနိုင်တော့ဘူး။ နောက်ဆုံးတော့ ရွေးစရာက အမိုးအိမ်ပဲပေါ့။ ဆိုးလို့မိုက်လို့ ဝပြီလေ။ ကျွန်တော်ပြန်လာတာကိုပဲ အိမ်ကအားလုံးက ဝမ်းသာလို့၊ ကျွန်တော်ထွက်သွားတဲ့ သုံးနှစ်နီးပါးမှာ အမိုးအတော့်ကို အိုစာသွားတယ်။
 
အိမ်ရောက်ပြီး သုံးလေးရက်နေတော့ ကျွန်တော် တော်တော်ဖားလိုက်တယ်။ လက်ဖျံပေါ်က  အပ်ရာတွေက ယားလို့ ကုတ်ရင်ဖဲ့ရင်းနဲ့ အနာတွေဗလပွနဲ့ ဖြစ်လို့။ ကျွန်တော်အနာတွေက တော်တော်အခြေအနေဆိုးလာတယ်။ ပါလာတဲ့ ဆေးကလဲ ချွေတာသုံးတာတောင် တစ်ပတ်လောက်နေတော့ မရှိတော့ဘူး။ အိမ်ပြန်ရောက်ပြီး ကတည်းက အပြင်ကိုလည်း မထွက်နိုင်တော့ဘူး။ ဆေးမသုံးရရင် ကျွန်တော့် တကိုယ်လုံးဟာ ညောင်းကိုက်ပြီး အတော့်ကို မခံချိမခံသာ ဖြစ်နေပြီး၊ ဖျားတာထက် အဲဒီဝေဒနာက ပိုဆိုးတာ။ နောက်ဆုံး ဆေးဖြတ်ဖို့ ကျွန်တော်ကို ဆေးရုံတင်ရင်းက အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ရှိနေပြီ ဆိုတာသိလိုက်ရတယ်။

အမိုးရဲ့သားဖြစ်ခွင့်ရတာ ကျွန်တော့်အတွက်တော့ ကျေးဇူးတော်ပါပဲ။ အမိုးက ကျွန်တော်မှာ ရောဂါပိုးရှိနေပြီ ဆိုတာကို သေချာပြောပြပါတယ်။ လူသားတေါ အားလုံးရဲ့ နောက်ဆုံးနိဂုံးဟာ သေဆုံးခြင်းပဲလို့ ကျွန်တော်တို့အားလုံး သိထားပြီးသားပေမယ့် ကိုယ့်မှာ ဒီလိုသေနိုင်တဲ့ ရောဂါတစ်ခု ကပ်ငြိခံနေရပြီလို့ သိလိုက်ရချိန်မှာတော့ တော်တော်ကို တုန်လှုပ်မိတယ်။ အမိုးကို ဖက်ပြီး ကျွန်တော်ငိုမိတယ်။ တစ်သက်လုံး ကျွန်တော့်မိသားစု အပေါ်မှာ ကျွန်တော် နွဲ့ဆိုးဆိုး၊ အနိုင်ယူခဲ့တာ၊ သားတစ်ယောက် တာဝန်ကျေဖို့ ဆိုတာတော့ ဝေးပါသေးရဲ့ဗျာ။ ခုတော့ ကျွန်တော် သေရတော့မယ်တဲ့။ အမိုးကတော့ တုန်လှုပ်တဲ့ပုံ လုံးဝမပြဘဲ ခပ်အေးအေးပဲ ကျွန်တော့်ကိုယ်ပေါ်က အနာတွေကို ဆေးကြောသန့်စင် ဆေးထည့်ပေးရင်းက အပါးနဲ့ အစ်မတွေကို ကွှန်တော့ရောဂါအကြောင်း ပြောပြလိုက်မယ်ဆိုတာ ကျွန်တော့အနေနဲ့ သိပ်စိတ်မပူမိပေမယ့် အစ်မတွေရဲ့ သဘောထားကရော၊ သူတို့အားလုံးက ကျွန်တော့်ကို ချစ်ကြ၊ အလိုလိုက်တတ်ကြပေမယ့် ဒီလိုရောဂါမျိုး ဖြစ်နေပြီဆိုတာသိရင် ကျွန်တော့ကို ဘယ်လိုသဘောထားကြမှာလဲ။ အမိုးက ကကျွန်တော့ကို ဖြစ်လာပြီးမှ ရဲရဲရင်ဆိုင်ရမယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ နားလည်ပေးမှုက ကိုယ့်ရဲ့စိတ်ဓာတ်ရေးရာအတွက် အရမ်းအရေးကြီးတယ်လို့ ရှင်းပြပါတယ်။ သူတို့နားလည်အောင် ရှင်းပြဖို့က အမိုးတာဝန်ထားဖို့လည်း ပြောပြပါတယ်။

အမိုးရဲ့ စည်းရုံးရေးကောင်းလို့လား၊ ကျွန်တော့်အပေါ် ချစ်တဲ့ ချစ်တဲ့ချစ်စိတ်တွေကြောင်းလားတော့ ပြောတတ်ဘူး။ ကျွန်တော့်အပေါ်မှာ မိသားစုအားလုံးက သာမန်ရောဂါတခုကို ခံစားနေရတဲ့ လူမမာတစ်ယောက်ကို ဆက်ဆံကြ သလိုပဲ ကြင်ကြင်နာနာ ဖေးဖေးမမ ရှိကြပါတယ်။ ကျောင်းထွက်လိုက်ကတည်းက အိမ်မှာပဲ အိမ်အလုပ်တွေလုပ်ကူနေတဲ့ အစ်မအကြီးဆုံးကတော့ ကျွန်တော့် အတွက် အနီးကပ် သူနာပြုပေါ့။ အမိုးက ဘယ်လိုပြုစုပေးရမယ်ဆိုတာ သင်ပြပြောပြပေးတာ။ ဆွေးနွေးညှိနှိုင်း အကြံပေးခြင်းသင်တန်း တက်ဖူးတဲ့ ကျွန်တော်တို့ ဘုရားကျောင်းက သင်းအုပ်ဆရာပေါလ်နဲ့လည်း ဆွေးနွေး အကြံယူဖြစ်ပါတယ်။ သူငယ်ချင်းတွေက အားချိန်တွေမှာ အိမ်ကိုလာပြီး စကား စမြည်ပြောတတ်ကြသလို၊ တဖြည်းဖြည်းနဲပ အားငယ်စိတ်ဓာတ်ကျတဲ့စိတ်ကို ထိန်းချုပ်လာနိုင်ပါတယ်။ ကျွန်တော် ဖတ်ဖြစ်တဲ့ ဓမ္မစာအုပ်တွေကလည်း ကျွန်တော့်အတွက် ခွန်အားပါပဲ။ အမိုးတို့ အစ်မတို့ကို ဘာမှမပြောဖြစ်ပေမယ့် ဆရာပေါလ်ကိုတော့ ကျွန်တော့ ခံစားချက်တေါကို တစ်စတစ်စ ရင်ဖွင့်ဖြစ်လာပါတယ်။ ကျွန်တော် ဆိုးခဲ့တေခဲ့တာတွေ အပေါ် နောင်တရတာတွေကိုရော၊ မိဘအပေါ်ကို ကျွန်တော်တာဝန်မကျေတာတွေအတွက် ကိုယ့်ကိုယ် ကို ဒေါသဖြစ်မိတာတေါကိုရော အစုံပဲ ကျွန်တော်ပြောပြဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ကျွန်တော် ဆင်ရေယုန်တွေ သက်တော့သက်သာ လာပါတယ်။ ပျောက်သွားမယ်လို့တော့ မထင်ခဲ့ဘူး။ အစ်မက မရွံမရှာပဲ အနာကို မနက်တခါ၊ ညတစ်ခါ သန့်ရှင်းရေးလုပ်၊ ဆေးလိမ်းပေးပါတယ်။ ကျွန်တော့် အနာတွေဟာ သူရဲ့ဇွဲနဲ့ စိတ်ရှည်မူကြောင့်လား မပြောတတ်ဘူး၊ ခုတော့ အနာရွတ်ဘဲရှိပါတော့တယ်။ သူတို့ကြောင့် ကျွန်တော်ဟာ ရဲရဲရင့်ရင့်နဲ့ပဲ ကိုယ့်မှာ ဒီရောဂါရှိနေတဲ့အတွက် ထူးပြီးရှက်ရွံ့တုန်လှုပ် မနေဖြစ်တော့ဘူး။ အနာသက်သာသွားကတည်းက ဘုရားကျောင်း သွားတက်တယ်။ ရောဂါအကြောင်း ဘုရားကျောင်းမှာ လာဟောပြောတော့ ကျွန်တော်ပါ လူငယ်တွေ မူးယစ်ဆေးမသုံးစွဲကြဖို့ ဝင်ဟောပြောခဲ့ပါတယ်။ ခုဆို မနက်စောစော ထပြီးခြံဝိုင်းထဲမှာ လမ်းလျောက်လာနိုင်ပြီ၊ ဘုရားကျောင်းကိုလည်း ရာသီဥတု သာယာတဲ့ တနင်္ဂနွေနေ့မျိုးဆို ကျွန်တော်ရောက်အောင် သွားဖြစ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အားပေးနှုတ်တာတွေ၊ ဖေးဖေးမမနဲ့ တမင်သက်သက်ကို ကျွန်တော့်ဆီလာ စကားပြောကြတာတွေကြောင့် ကျွန်တော့်မှာ ဝမ်းသာအားတက်ရပါတယ်။ စနေနေ့ဆိုရင် ဘုရားကျောင်းတက်နိုင်ဖို့ နက်ဖြန်မိုးမရွာပါစေနဲ့၊ ရာသိဥတု သာယာပါစေလို့ ဆုတောင်းနေမိတတ်လာပါပြီ။

ဆွေးနွေးချက်။

- မိဘဆွေမျိုး အသိုင်းအဝိုင်း ပတ်ဝန်းကျင်ရဲ့ နားလည်ပေးမှုက လူနာ၏ စိတ်ဓာတ်ရေးရာ အတွက် အလွန်အရေးကြီးပါသည်။
- နားလည်စာနာပေးမှု၊ လက်ခံကြည်ဖြူမှု၊ ကူညီဖေးမမှုတို့ဖြင့် လူနာ၏ သဘောထား၊ ခံယူချက်၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပါမည်။
- ပတ်ဝန်းကျင်၏ လက်ခံနားလည်ပေးမှုက လူနာ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို များစွာတိုးတက်မှုရှိစေပြီး အပြုသဘောဆောင်သည့် အတွေးအခေါ်များကို ခံယူလာအောင် ပံပိုးပေးနိုင်ပါသည်။

ပင်လယ်ပြာပြာမှ ပြန်လည်ရေးသား တင်ပြထားပါတယ်................

ပင်လယ်ပြာပြာ - နားလည်လက်ခံမှု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top