30
Jun

ဘတ် ၅၀၀



ကျွန်မ အသက် (၃၀) ပါ။ ၁၉၉၀ မှာ လက်ထပ်ခဲ့ပါတယ်။
အိမ်ထောင်ဦးစီး ဘဝ မှာ ပျော်စရာ ချည်းပဲပေါ့ရှင်။ ၁၉၉၃ မှာ ကျွန်မ ကိုယ်ဝန် ရှိခဲ့ပါရော။
ဒါနဲ့ ဆေးခန်းသွားပြီး သွေးစစ်တော့ ကျွန်မသွေးက ပြဿနာ နည်းနည်းရှိ သတဲ့။ ဒါပေမဲ့
သိပ်အရေး မကြီးပါဘူးတဲ့။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ကျွန်မယောက်ျားကိုပါ
သွေးစစ်ဖို့ စီစဉ်ပါတယ်။ သူ ဆေးကျပါတယ်။ သူ့မှာ HIV ပေါ့စတစ်ပေါ့။ ကျွန်မ ဝမ်းနည်းတုန်လှုပ်
ခဲ့ရပါတယ်ရှင်။ ဒီအကြောင်း သူ့ကို ဖွင့်ပြောတော့ သူက မယုံကြည်တဲ့ အပြင် ကျွန်မကိုတောင်
စိတ်ဆိုးမာန်ဆိုး လုပ်ပါ သေးတယ်။ ဒါနဲ့ ကျွန်မဟာ ဆရာဝန်ဆီ တစ်ခေါက် ရောက်ရပြန်ပါတယ်။
ဒီတစ်ခါတော့ ကျွန်မရဲ့ ကလေး အတွက်ပါပဲ။ ဒါပေမဲ့ ဆရာဝန်ကတော့ သားသမီးတွေဟာ မိခင်ဆီက
ကူးဖို့ ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်တဲ့။ ကျွန်မ ယုံကြည်ချင်ပါတယ်ရှင်။ ဒါကို
စဉ်းစားလိုက်တော့ ကျွန်မ အဖေအတွက် စိတ်မကောင်း ဖြစ်ရပြန်ရော။ ဟုတ်ပါရဲ့ အဖေ့မှာက
ရင်သွေးဆိုလို့ ကျွန်မ တစ်ယောက်တည်းရှိတာ မဟုတ်လား။ ကျွန်မရဲ့အဖြစ်တွေကို ဘယ်သူ့မှ ဖွင့်မပြောခဲ့တော့ပါဘူး။
တွေးလိုက်တိုင်း စိတ်ညစ်ရလို့ပါ။

 

၁၉၉၄ ခုနှစ်၊ သြဂုတ်လမှာ ကျွန်မဟာ
သမီးလေးကို မွေးဖွာ ခဲ့ပါတယ်။ ပျော်လည်းပျော် စိတ်လည်းညစ် ပေါ့ရှင်။ ကျွန်မရဲ့ သမီးလေးကို
ဒီရောဂါကြောင့် မသေစေချင်ပါဘူး။ မွေးတဲ့ညမှာ သူနာပြု ဆရာမလေးက ကျွန်မတို့ အတွက်
နွားနို့နဲ့ ရေပေးပါတယ်။ ကျွန်မက သမီးလေးကို ဘာမှ မတိုက်ကျွေးပါဘူး။ သေချင်လည်း သေပါစေ
ဆိုပြီးတော့ပေါ့။ ကျွန်မလည်း ဘာမှ မစားမသောက်ပါဘူး။ ဒါပေမဲ့ သမီးကလေးဟာ
မငိုပါဘူးရှင်။ တစ်ညလုံး လည်း ကောင်းကောင်း အိပ်ပါတယ်။ မနက်ကျတော့ ဆရာဝန်ကို
သွားမေးပါတယ်။ HIV ကူးစက်ပုံ ကူးစက်နည်း တွေပေါ့။ သိရသလောက်ကတော့ သမီးလေးဟာ
အခွင့်အရေးကောင်း ရမယ်ဆိုတာပါပဲ။ ဒါနဲ့ ကျွန်မ အခန်းပြန် ရောက်ရောက်ချင်း
သမီးလေးကို နွားနို့ရော ရေပါတိုက်ကျွေး ပါတယ်။

 

အိမ်ပြန်ရောက်တော့ ကျွန်မက
နို့မှုန့်တိုက်ပါတယ်။ ကျွန်မရဲ့ နို့ကို မတိုက်ပါဘူး။ ကျွန်မရဲ့ ပတ်ဝန်းကျင်က
တီးတိုးတီးတိုး သဖန်းပိုး လုပ်ကြသလို ကျွန်မ ယောက်ျားနဲ့လည်း အမြဲပဲ ရန်ဖြစ်နေ ရပါတယ်။
တစ်ခါတလေ သမီးလေးကို သတ်ပစ်၊ ကျွန်မကိုယ် ကျွန်မလည်း သေကြောင်းကြံဖို့ စိတ်ကူးမိပါရဲ့။
ဒါပေမဲ့ မလုပ်ဖြစ် ပါဘူးလေ။ ကျွန်မရဲ့ အဖြစ်အပျက်တွေကို အဖေနဲ့ မိသားစုတွေကို
ပြောပြတော့ သူတို့က နားလည် ပေးကြပါတယ်။ ကျွန်မ ယောက်ျားကတော့ အရက်၊ စီးကရက်နဲ့
အလုပ်ပဲ ဇွတ်နစ် နေပါတယ်လေ။

 

၁၉၉၄ ခုနှစ်၊ နိုဝင်ဘာမှာ ကျွန်မ
အစ်ကိုအကြီးဆုံးဟာ ဖျားပါတယ်။ AIDS လက္ခဏာတွေ ပြပါတယ်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီမှာ
သူ ဆုံးပါးသွားပါတယ်။ ၁၉၉၅ ဧပြီလမှာတော့ ကျွန်မ ယောက်ျားဟာ ကျွန်မ အစ်ကိုလိုမျိုး
လက္ခဏာတွေ ပြလာပါတယ်။ ကိုယ်ပေါ်မှာ အဖု၊ အပိန့်လေးတွေ ပေါက်လာတယ်။ ဖျားတယ်။
ခေါင်းကိုက်တယ်။ ဝမ်းလျှောတယ်။ ကျွန်မ ဆေးခန်း သွားပြပေးပါတယ်။ သူက ဆေးရုံ
ကြောက်တာကိုး။ ၁၉၉၅ ခုနှစ် နိုဝင်ဘာ မှာတော့ သူ အကြီးအကျယ် ဖျားနာ ပါတော့တယ်။
သူ့အသိုင်း အဝိုင်းက သူ့ကို အိမ်ခေါ် ကုကြပါတယ်။ ကျွန်မကလည်း အဲဒီအချိန်မှာ
သမီးတဖက်၊ ဖခင် လူမမာကြီး တစ်ဖက်နှင့် မနိုင်မနင်းပေါ့။ သမီးဖို့ နို့မှုန့်ဝယ်ဖို့တောင်
ပိုက်ဆံ မရှိလောက်အောင် ပါပဲ။ နောက်တစ်လ သူဆုံးပါးတော့ ငွေတောင် မထောက်ပံ့ နိုင်ခဲ့ဘူးလေ။
ကျွန်မယောက်ျားရဲ့ မိသားစုကလည်း ကျွန်မကို လှည့်မကြည့် တော့ဘူးပေါ့။

 

အဲဒီမှာ အကြင်နာကြီးမားပုံပေါ်တဲ့
လူတစ်ယောက်က ကျွန်မကို ဘတ် ၅၀၀ ထုတ်ပေးပါတယ်။ သူ့ကို  ခုထိ မှတ်မိ နေပါသေးတယ်။ အစတော့ ဘာကြောင့်
ငွေထုတ်ပေးမှန်း မသိပါဘူး။ လှူတယ်လို့ပဲ ထင်တာကိုး။ သူတို့အဖွဲ့က ကျွန်မတို့လို
AIDS ရောဂါသည်တွေကို ကူညီနေတာပါ။ နောက်ပိုင်းတော့ ကျွန်မတို့ ရောဂါသည် တွေချည်း
စုစည်းမိပြီး ဒေသအဖွဲ့ကလေး ဖွဲ့နိုင်ခဲ့ပါတယ်။ AIDS ဝေဒနာရှင်တွေအတွက် အားဆေးကတော့
လူမှုဆက်ဆံရေးပါပဲ။ ကျွန်မတို့ကို လူရာသွင်းမှုပါပဲ။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်မဟာ
အလုပ်တွေ နိုင်သလောက် လုပ်ခဲ့ပါတယ်။ အဖွဲ့ဝင် တွေကိုလည်း စည်းရုံး နိုင်ခဲ့ပါတယ်။
ကိုယ်ချင်းစာရတယ်ပေါ့။ ကြည့်ပါ။ ကျွန်မဟာ ယောက်ျားဆီက ရောဂါကူးခဲ့တာ မှန်ပေမဲ့
သူဟာ ပြည့်တန်ဆာ မိန်းမပျက်တွေနဲ့ ဆက်ဆံဖူးသူ မဟုတ်ပါ။ သူဟာ တခြားအကြောင်း
ကြောင်းနဲ့ ရောဂါရလာသူပါ။ ဒီလိုပဲ ဘဝဆိုးနဲ့ ကြုံတဲ့သူချင်း ကျွန်မတို့ နားလည်
စာနာရမယ် မဟုတ်ပါလား။

 

၁၉၉၇ ခုနှစ်မှာ ကျွန်မဟာ
ရောဂါသည်များ ကူညီရေးမှာ အားသွန်ခွန်စိုက် လုပ်ကိုင်နေပါပြီ။ ရောဂါသည်တွေရဲ့ ဒုက္ခတွေကိုလည်း
မျှဝေခံစားရင်း အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်နေပါပြီ။ ၁၉၉၉ ခုနှစ်မှာတော့ ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်
တွေဟာ ပိုပြီး တိုးတက်လာပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူအထိ ကျွန်မ
ခရီးဆက်နိုင်ခဲ့ပါတယ်။ ကျွန်မလား အင်္ဂလိပ်လို မတတ်ပါဘူး။ ဒါပေမဲ့ လူမှုရေး
အဖွဲ့အစည်းတွေက ဘာသာစကား အခက်အခဲကို ကူညီကြပါတယ်။ ၁၉၉၃ ခုနှစ် ဒီဇင်ဘာမှာ
ကျင်းပတဲ့ ကမ္ဘာ့ AIDS ဟောပြောပွဲတွေမှာ ကောင်းကောင်း မိန့်ခွန်းချွေ
နိုင်ခဲ့ပါတယ်။

 

တခါတလေ နာဖျားမကျန်း ရှိပေမယ့်
အလုပ်ထဲမှာ ပျော်ရွှင်မှု၊ မိသားစုရဲ့ အားပေးမှုတွေကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ
ချမ်းသာ နေနိုင်ခဲ့တာပါပဲရှင်။ ဒါနဲ့ စကားမစပ် ရှင်တို့ရော ဘတ် ၅၀၀ လောက် မလှူနိုင်ကြဘူးလား။

 

(ထိုင်း
AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက် ကယ်တင်ရေး အသင်းဝင် အမျိုးသမီး တစ်ဦး၏
ကိုယ်တိုင်ရေး ဘဝ ဖြစ်စဉ် အကျဉ်းဖြစ်သည်။ ဤစာစုကို  Lesson of life စာအုပ်တွင် ဖော်ပြခဲ့ပြီး  Japan International Cooperation Agency မှ
ထုတ်ဝေ၍ ကုသိုလ်အဖြစ် ဖြန့်ဖြူးပါသည်။ J.I.C.A က သူ့ကို စာရေးဆရာဟုပင်
သတ်မှတ်လေ၏။)

သုမောင် -

ဘတ်
၅၀၀

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top