23
Mar

ဘွားရဲ့ မြေးကို ဘယ်သူ ကူမယ်



မေရင်းခရိုင်
ချင်းမိုင်မြို့ တနေရာက အကာအရံမရှိတဲ့ ဝါးတဲလေးရဲ့ အစွန်မှာ နွမ်းပါးပုံရတဲ့ မျိုးသမီးကြီး
တစ်ဦးဟာ စိတ်မသက်မသာနဲ့ ထိုင်နေတယ်။ သူ့ရင်ခွင် ထဲက မူလတန်းကျောင်း ဝတ်စုံနဲ့ ကလေးငယ်ဟာ
ဆေးထိုးအပ် တစ်ချောင်းကို ငိုမဲ့မဲ့ မျက်နှာနဲ့ စိုက်ကြည့်နေတယ်။ ဆေးထိုးအပ် ပြွန်ထဲကို
ကလေးငယ်ရဲ့ သွေးနမူနာတွေ တဖြည်းဖြည်း ဝင်လာတဲ့အခါ သူကလေးဟာ မျက်ရည်တွေ အရွှဲသားနဲ့ ငိုနေပါတယ်။

အဘွားဖြစ်သူ
အမျိုးသမီးကြီးက မြေးငယ်လေးကို အငိုတိတ်အောင် အမျိုးမျိုး ချော့မော့နေတယ်။ သူတို့ မြေးအဘွား
၂ယောက်အတွက် ဒီလို အဖြစ်မျိုး သုံးလတစ်ကြိမ်ကြုံရမြဲဖြစ်လို့ အထူးအဆန်း မဟုတ်တော့ပေမဲ့
မကြုံတွေ့လိုတဲ့ အဖြစ်အပျက်ပါ။ ဒါပေမဲ့ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲက HIV အခြေအနေကို သိရအောင်လို့
သွေးစစ်ရတာမျိုးဟာ ရှောင်လွှဲလို့ မရနိုင်တဲ့ အရာပါ။

သူကလေး
အခါလည်သားအရွယ်မှာ သေဆုံးသွားတဲ့ ဖခင်နဲ့ သူလေးနှစ်သား အရွယ်ရောက်မှာ သေဆုံးသွားတဲ့
မိခင်တို့က HIV ရှိတဲ့သူ့ကို ဘွားအေနဲ့ ထားရစ်ခဲ့လေပြီ။ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့
ဖွားခေါင် Bua Kaow ဟာမြေးလေးအတွက် ဘွားအေဆိုလည်းဟုတ်သလို မိဘဆိုလည်း ဟုတ်ပါတယ်။

ကလေးကိုယ်တိုင်ကတော့
သူ့မှာ မပျောက်ကင်းနိုင်တော့တဲ့ ရောဂါ ရှိနေတာကို မသိရှာပါဘူး။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့
ပျော်ပျော်ရွှင်ရွှင် ဆော့ကစားပြီး သင်္ချာထူးချွန်တဲ့ ဗူး Boo လို့ အမည် တွင်တဲ့ ၈နှစ်အရွယ်
ကလေးငယ်ဟာ စာမေးပွဲတွေမှာ ပထမ ဒါမှမဟုတ် ဒုတိယ ဆုကို ရလေ့ရှိတယ်။ သားကြီးလာရင် ဖေဖေ့လို
စစ်သားပဲ လုပ်မယ် လို့ ဗူး က ချစ်စဖွယ် ပြောပြပါတယ်။

သူ့ရဲ့
ဖခင်က ထိုင်းနိုင်ငံရဲ့ အရွယ်ရောက်သူတိုင်း စစ်မှုထမ်း ဥပဒေအရ စစ်ထဲဝင်ခဲ့ပြီး စစ်သား
ဖြစ်လာသူတစ်ဦးပါ။ နယ်စပ်ဒေသ တနေရာမှာ တာဝန်ကျရာက ပြန်လာတော့ သူ့မှာ ရောဂါပိုး ပါလာပြီဆိုတာ
မသိခဲ့ဘူး။ ဒါကြောင့် ဇနီးသည်နဲ့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး ဖြစ်လာမယ့် ရင်သွေးငယ်ကိုပါ
သူ့ဆီက ရောဂါပိုးတွေ ကူးစက်စေခဲ့တယ်။ ဗူး လေး လူမှန်းမသိတတ်ခင်မှာ သူ့ဖခင် ကွယ်လွန်သွားတော့
သားဖြစ်သူအတွက် HIV ဆိုတဲ့ တစ်သက်တာ အိမ်မက် ဆိုကလွဲလို့  ဘာမှ ချန်မထားနိုင်ခဲ့ဘူး။ နောက်နှစ် ၂ နှစ်အကြာ
သူနာပြု တစ်ဦးဖြစ်တဲ့ မိခင်ကွယ်လွန် သွားပြန်တဲ့ အခါမှာ မိခင်ကလည်း သူ့ခင်ပွန်းကို
စိတ်နာတာနဲ့  ခံစားခွင့်တွေ အားလုံးကို တစ်ဖက်ဆွေမျိုးတွေ
ကိုသာလွှဲပေးခဲ့တယ်။

ဖွားခေါင်ရဲ့
သားနဲ့ ချွေးမဟာ HIV/AIDS နဲ့ ကွယ်လွန်သွားကြပြီး မရှေးမနှောင်းမှာ ခင်ပွန်းဖြစ်သူ  ကလည်း နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့အခါ သူတို့အတွက်
ရွှေတောင်ကြီးလဲပြို ရုံသာမက သစ်ရိပ်တွေလည်း ပြို၊ နံရံတွေလည်း ပြိုခဲ့ပြီး အားကိုးရာဆိုလို့
သူ့လက် သူ့ခြေသာ ကျန်ပါတော့တယ်။ အိမ့်ဆည်းလည်း သံလေးနဲ့ သာယာနေရမယ့် ချင်းမိုင်မြို့စွန်
တစ်နေရာက နံရံကပ် နှစ်ထပ်အိမ်လေးဟာလည်း အခုတော့ မြေးအဖွား နှစ်ယောက်တည်းနဲ့ ခြောက်ကပ်ကပ်
နိုင်လှတယ်။ လင်ယောက်ျား၊ သား၊ ချွေးမ၊ တို့ရဲ့ ဝင်ငွေနဲ့ သက်တောင့် သက်သာ နေနိုင်ခဲ့တဲ့
ဖွားခေါင်ဟာ သူများ လယ်မြေမှာ ပေါင်းသင်၊ မြက်နှုတ် အစရှိတာတွေကို မိုးလင်းကနေ မွန်လွဲအထိ
လုပ်ရတယ်။ အိမ်သားတွေရဲ့ ဝင်ငွေနဲ့ ဖွယ်ဖွယ်ရာရာ ရှိခဲ့တဲ့ ထမင်းဝိုင်းမှာ ခုတော့ လယ်တော့က
အပြန်ခူလာတဲ့ ဟင်းရွက်တွေက အဓိက ဟင်းလျာ ဖြစ်လာတယ်။

“တခါ
တလေတော့လည်း တစ်ယောက်တည်း အားငယ်လွန်းလို့ ငိုမိတယ်” လို့ ဖွားခေါင်က ဝေ့လာတဲ့ မျက်ရည်
တွေကို မျက်တောင်နဲ့ ပုတ်ခတ်ရင်း ပြောတယ်။ သူရှာလို့ရတဲ့ တစ်ပတ်ဝင်ငွေ ဘတ် ၁၅၀နဲ့ သူ့မြေးကို
အစိုးရက ထောက်ပံ့တဲ့ တစ်နှစ်စာ ၂၀၀၀ တို့ဟာ ကလေးရဲ့ ကျောင်းနေစရိတ် ဆေးဖိုးဝါးခ တွေအတွက်
မလောက်ပါဘူး။ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းလုပ်ပါစေ မြေးလေးအတွက် ကုန်ကျစရိတ် မကာမိဘူး။
အထူးသဖြင့် ကျောင်းစရိတ်ပေါ့လေလို့ ဖွားခေါင်က ပြောတယ်။

ကလေးအတွက်
တနေ့ကို HIV ခုခံဆေး အပါအဝင် ဆေးသုံးမျိုး တိုက်ရတယ်။ အရွယ်နဲ့ မမျှအောင် ဆေးတွေ သောက်နေရတဲ့
မြေးဖြစ်သူကို ကြည့်ပြီး ဖွားခေါင်ဟာ နေ့စဉ်နဲ့ အမျှ စိတ်ဆင်းရဲ ရတယ်။ တခါ တရံမှာ ဆေးသောက်ဖို့
ငြင်းဆန်တဲ့ ကလေးကို ချော့မော့ဖျောင်းဖျပြီး ဆေးတိုက်ရတာလည်း အလွယ်တဲ့ အလုပ်ပါ။ အိမ်မှာကစားဖေါ်
မရှိတဲ့ မြေးငယ်လေးအတွက် ဘွားအေဟာ အုပ်ထိန်းသူ အဖြစ်သာမက ကစားဖေါ်ဖြစ်ရတဲ့အပြင် ၈တန်း
သင်္ချာ သင်ပေးတဲ့ ဆရာမလည်း ဖြစ်ပါတယ်။

အပေါက်
အပြဲတွေ အကင်းတဲ့ အင်္ကျီကို ဝတ်ထားတဲ့ ဖွားခေါင်က သူ့မြေးရဲ့ ဆံပင်လေးတွေကို ကြင်ကြင်နာနာ
ပွတ်ပေးရင်း သူ့မြေးငယ်ကို ကျန်းကျန်းမာမာနဲ့ သက်ဆိုးရှည်စေချင်တယ်လို့ ပြောပါတယ်။
သူ ကွယ်လွန်သွားတဲ့အခါ အခြား မြို့တစ်မမြို့မှာ နေတဲ့ သူ့သားတစ်ယောက်က သူ့မြေးငယ်ကို
စောင့်ရှောက်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။ “အဘွား အနေနဲ့ မြေးလေးကို ဘယ်လောက်ကြာကြာ
စောင့်ရှောက်နိုင်မလဲဆိုတာ အသိသေးပါဘူးလေ။ အင်းလေ အဘွားအရင် သေမလား မြေးအရင်သေမလားဆိုတာလည်း
မသိနိုင်ပါဘူးလေ” လို့ ဘွားခေါင်က ကြမ်းပြင်ကို ငေးစိုက်ကြည့်ရင်း ပြောပါတယ်။ အခုတော့
သူတို့ မြေးအဘွားကို အိမ်နီးချင်းတွေက ဝိုင်းဝန်း ကူညီ စောင့်ရှောက်ကြတယ်။

အဖြစ်မှန်ကို
ရေရေရာရာ နားမလည်နိုင်သေးတဲ့ “ဗူး” ကတော့ကြမ်းပြင်ပေါ်မှာ ဘောလုံးလေး တစ်လုံးနဲ့ ဆော့နေပါတယ်။
သူကလေးကို သားသား ဘာလိုချင်လဲလို့ မေးကြည့်တဲ့အခါ “ဗူး” က ကစား နေရာကနေ ရှက်စနိုးပြုံးပြရင်း
ပိုက်ဆံ လို့ တိုးတိုးလေး ဖြေလိုက်ပါတယ်။ ပိုက်ဆံရရင် ကစားစရာ အရုပ်တွေ ဝယ်မှာလားလို့
မေးတော့ စာအုပ်နဲ့ ခဲတံတွေ ဝယ်မှာတဲ့လေ။

တကယ်တော့
“ဗူး” လို HIV/AIDS ကြောင့် ဖြစ်ရတဲ့ မိဘမဲ့ ကလေးတွေအတွက် လိုအပ်ချက်ဟာ ပိုက်ဆံ တစ်ခုတည်းလား
ဆိုတာတော့ လူသားအားလုံးအတွက် စဉ်းစားစရာတွေးတော ချင့်ချိန်စရာပဲ ဖြစ်ပါတော့တယ်။

 

အေးမြချမ်း
  “ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top