15
Jun

မင်္ဂလာ မရှိသော မင်္ဂလာဆောင်


ကျွန်မက
အမေ့ဘက်က အဘွားနဲ့ နေသူပါ။ ကျွန်မမှာ အဖေ မရှိပါဘူး။ ကျွန်မ အလွန်ငယ်တဲ့ အရွယ် ကတည်းက
အဖေ ဆုံးသွား ခဲ့ပါပြီ။ ကျွန်မတို့ နေတာက ဖာယို စီရင်စု မှာပါ။ အမေကလည်း သမီး
အငယ်ဆုံးနဲ့ အတူ သူ့အမေ အိမ်မှာ သွားနေပါတယ်။
 

ကျွန်မ
စက်မှု၊ လက်မှု ကျောင်းပြီးတော့ တိုက်နယ်ရုံးမှာ တစ်နှစ်အလုပ် လုပ်ခဲ့ပါတယ်။
နောက်တော့ လန်းပန်းက ကုမ္ပဏီတစ်ခုမှာ ပြောင်းလုပ်ရင်း ချိုင်ဝပ်နဲ့ တွေ့ပါတယ်။
ချိုင်ဝပ်ဟာ ကျွန်မ ဦးလေးရဲ့ သူငယ်ချင်းပါ။ ဦးလေးက မိတ်ဆက် ပေးလို့ သူနဲ့
စသိခဲ့ရပြီး များမကြာ ခင်မှာပဲ ချိုင်ဝပ်ဟာ ကျွန်မ ရှိရာကို ခဏခဏ လာလည် ပါတော့တယ်။
ဒီလိုနဲ့ ကျွန်မနဲ့ သူ လက်ထပ်ဖို့ သဘော တူလိုက် ပါတယ်။ ၁၉၉၃ ခုနှစ်၊ မေလ ၆ ရက် နေ့မှာပေါ့ရှင်။
ကျွန်မတို့ တရုတ်လို မင်္ဂလာ ဆောင်ကြ ပါတယ်။ သူ့အမေ အိမ်မှာ လိုက်နေ ကြပါတယ်။
 

ကျွန်မတို့
လက်ထပ် ပြီးလို့ ရက်ပိုင်း အကြာမှာပဲ ချိုင်ဝပ်ဟာ အရက် တွေသောက်၊ အရင်က သူသိတဲ့
မိန်းကလေးနဲ့ ဆက်ဆံတော့ တာပါပဲ။ ကျွန်မတို့ အမြဲတမ်း ရန်ဖြစ် စကားများ ကြတာ
ပေါ့လေ။ ဒါနဲ့ ကျွန်မက အဘွားအိမ် ပြန်မယ် ပြောတော့ သူ့အမေက လူသိရှင်ကြား တရုတ်လို
မင်္ဂလာ ဆောင်ထား တာမို့ ကျွန်မ အိမ်ပြန်လို့ မသင့်တော်ဘူး ဆိုပြီး တားပါတယ်။
ပြီးတော့ သူ့ရဲ့ ဆိုင်ကိုလည်း ငွေကြေးက အစ ကျွန်မတို့ကို လွှဲပေး လိုက်ပါတယ်။
ဒီမှာတင် ချိုင်ဝပ်ဟာ ပိုက်ဆံ တွေကို ဖြုန်းပြီး အရက် ကိုလည်း မိုးအလင်း သောက်တော့
တာပါပဲ။
 

သူဟာ
တစ်ခါတလေ အိမ်မပြန်ဘဲ ဟိုတယ်မှာ သာ အိပ်နေတတ် ပါတော့တယ်။
တစ်နေ့တော့
သူက အရက်တွေ အရမ်းမူးပြီး ကျွန်မကို ဖွင့်ဟ ဝန်ခံ ပါတော့တယ်။
 

“ငါ့မှာ
အေအိုင်ဒီအက်စ် ဖြစ်နေပြီ။ ဒါကြောင့် မင်းကို လက်ထပ်မိတာ စိတ်မကောင်း ပါဘူး”
တဲ့ရှင်။ ကျွန်မ ဘာများ တတ်နိုင် တော့မှာပါလဲ။ ကျွန်မက ဒီအကြောင်း သူ့အမေကို
ဖွင့်ပြော တော့လည်း “ချိုင်ဝပ် အရက်မူးပြီး လျှောက်ပြောတာ ဖြစ်မှာပါ” လို့ပဲ
ပြောပါတယ်။ ကျွန်မ ကလည်း သူ့မှာ တခြား မိန်းမတွေ ရှိနေခဲ့တာ အစက မသိဘူး။ ချိုင်ဝပ်
ကလည်း မူမပြောင်း ပါဘူး။ နေမြဲပါပဲ။ ဒါနဲ့ တစ်ခါတော့ ကျွန်မ ဖာယိုကို ပြန်သွား ခဲ့ပါတယ်။

ဒီတော့လည်း
သူက နောင်မဖြစ် စေရပါဘူးဆိုတဲ့ ကတိတွေ အမျိုးမျိုး တွေပေးပြီး လိုက်ခေါ် ပြန်ရော။
ကျွန်မလည်း ပြန်လိုက် သွားမိပါတယ်။
 

တစ်နေ့တော့
ကျွန်မ ညီမရှိရာ ဗန်ကောက်ကို သွားမယ် ပြောမိရာက အကြီးအကျယ် စကားများ ကြပါတယ်။ ကျွန်က
သူ့ကို ကွာရှင်း လိုက်ပါတယ်။ နေရာ သစ်တစ်ခုကို ပြောင်းပါတယ်။ သူက ကျွန်မကို
ပြန်ပေါင်း ချင်ပါတယ်။ ဒါနဲ့ ကျွန်မလည်း သူ့ကို နောက်ဆုံး အခွင့်အရေး ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်မဟာ လန်းပန်း မှာရော ဖာယိုမှာပါ အလုပ်ရှိ နေပါပြီ။ ကျွန်မက
သွားချည် ပြန်ချည် အလုပ် လုပ်ပြီး သူ့ကိုတော့ လန်းပန်းမှာပဲ နေစေပါတယ်။ ဒါပေမဲ့
မရပါဘူး။
 

သူ
ကျွန်မရှိရာ လိုက်လာပြီး ပေါင်းဖက် နေပါတယ်။ ကျွန်မတို့ ဖာယိုမှာ ပင်လယ်ငါး ရောင်းပါတယ်။
ဒီလိုနဲ့ သူဟာ ကိုယ် အလေးချိန်တွေ လျော့ပြီး အပြင်း ဖျားလာ ပါတော့တယ်။ ဒါနဲ့
ကျွန်မလည်း ကျွန်မကိုယ် ကျွန်မ သွေးစစ် ကြည့်တော့ အိတ်ခ်ျအိုင်ဗွီပိုး
ရှိနေပါသတဲ့။ ကျွန်မ ရပ်တည် မရ လောက်အောင်ကို တုန်လှုပ် ချောက်ချား သွားရ
ပါတော့တယ်။ ကျွန်မ ရပ်တည် မရ လောက်အောင်ကို တုန်လှုပ် ချောက်ချား သွားရ ပါတော့တယ်။
၁၉၉၇ ခုနှစ်တုန်းက အသက် အာမခံအတွက် ကျန်းမာရေး စစ်ဆေးတော့ ဒီပိုး မရှိခဲ့သေးပါဘူး။
နော့ဖြင့် ဘယ်လိုက ဘယ်လို ကျွန်မ ဒီရောဂါ ရခဲ့ ပါသလဲရှင်။ ကျွန်မတို့ နှစ်ယောက် စလုံး
ဒီရောဂါ စွဲကပ် နေရပြီလို့ သူ့ အမေကို ပြောပြတော့ ဝမ်းနည်းမှု ကလေးတောင်
မပြခဲ့ပါဘူး။ ပေါ့ပေါ့ ပါးပါးပဲ။ ဒါနဲ့ ကျွန်မ ချိုင်ဝပ်ကို လန်းပန် ဆေးရုံ သွားပြ
ခဲ့ပါတယ်။ သူ့အမေ ကတော့ သူ့အိမ်ကို ချိုင်ဝပ်ကို ခေါ်သွားပြီး ပြုစုပါတယ်။ ပြီးတော့
သူ့သားဟာ ဒီရောဂါကို ကျွန်မဆီက ရတာပါလို့ စွပ်စွဲ တော့တာပဲ။ ဒီနောက်ပိုင်း မှာတော့
ကျွန်မတို့ဟာ လုံးဝ သက်ဆိုင်ခြင်း မရှိတော့ဘဲ တင်းပြတ် သွားကြ ပါတော့တယ်။
 

ကျွန်မ
ဆေးရုံကို သွားပြီး ဆရာဝန်နဲ့ ပြနေစဉ် အတောအတွင်း သူနဲ့ တစ်ကြိမ်တွေ့ရ ပါသေးတယ်။
အဲဒီအချိန်မှာ သူ့ အခြေအနေ သိပ်ဆိုးရွား နေပါပြီ။ သူက အဲဒီတော့မှ ဒီပြဿနာကို
သူစခဲ့တာလို့ ဝန်ခံ ပါတယ်။ သူ့မှာ ၁၉၉၂ ကတည်းက ဒီရောဂါ ရနေပြီတဲ့။ သူ့အမေ ကလည်း
သိပါ တယ်တဲ့။ ဒါပေမဲ့ ကျွန်မ ခွင့်လွှတ် လိုက်ပါ တယ်လေ။
 

လက်ထပ်
ခြင်းဟာ ကျွန်မ ဘဝရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဆိုရင် ကျွန်မ လက်ထပ်တဲ့ မင်္ဂလာကို
ဆောင်ခဲ့မှာ မဟုတ်ပါဘူး။
 

ချိုင်ဝပ်ဟာ
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ် နေ့မှာ ဆုံးပါး သွားပါတယ်ရှင်။
 

[Japan
International Cooperation Agency ကတော့ အဲဒီ အမျိုးသမီးသည် အေအိုင်ဒီအက်စ်
ရောဂါသည်ကို ရူးရူးမိုက်မိုက် လက်ထပ်ခဲ့တာ နောက်ဆုံး လူဖြစ်ပါစေလို့ ဆုတောင်း ထားပါသည်။
အထက်ပါ စာစုကလည်း အဲဒီ အမျိုးသမီး ကိုယ်တိုင်ရေးတဲ့ အက်ဆေးလေးပါပဲ။ လက်ထပ် ကြတော့မည့်
ဇနီးမောင်နှံများ သတိမူ နိုင်ကြစေရန် တင်ပြ လိုက်ရပါသည်။]

သုမောင် - ကျေးဇူးပဲ AIDS

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top