23
Mar

မှားမိဝန်တာ



သူနဲ့တွေ့ဆုံ
စကားပြောခွင့်ရခဲ့တာကတော့ ဖရာဘတ်နမ်ဖူဆိုတဲ့ ခြေတော်ရာ ကျောင်းဝင်းထဲမှာပါ။ ရိုးသားအေးဆေးပုံရတဲ့
သူ့မျက်နှာမှာ ဝမ်းနည်း ကြေကွဲရိပ်တွေ ဖုံးလွှမ်းနေတာ သတိထားမိတယ်။ စကားကို ဖြည်းဖြည်းလေးလေး
ပြောတတ်တဲ့ ဆက်ချိုင်းရွမ်ရစ် Sachai Ruang Rit ဟာ သူ့အသက် ၄၁နှစ်လို့ ပြောတော့ အံ့သြရပါတယ်။
အရွယ်နဲ့ မလိုက်အောင် အိုစာနေတဲ့သူ့မှာ ညိုရောင် ပြေးပြီး သွေ့ခြောက်နေတဲ့ အသားအရေ
မျက်နှာပြင် အသားအရေ၊ မျက်နှာပြင် နားထင်စပ်က အဖုအပိန့် တွေဟာ သူ့မှာ AIDS ကနှိပ်စက်နေပြီ
ဆိုတဲ့အကြောင်း သိသာနေပါတယ်။ ခုခံအား ချိနဲ့နေတဲ့ သူ့မှာ စွဲကပ်လာတဲ့ TB ကြောင့် ဘာမှ
ပင်ပင်ပန်းပန်း လှုပ်ရှားလို့ မရအောင် မောနေတယ်။

ကျန်းမာစဉ်တုန်းက
သူဟာ ကန်ထရိုက်တစ်ဦးဖြစ်ခဲ့ပြီး လစဉ် ဘတ် လေးသောင်း ဝင်ငွေ ရှိခဲ့တယ်။ သူနဲ့ သူ့ဇနီးမှာ
အိမ်ထောင်ကွဲသွားတဲ့ သမီး ၂ယောက်အပြင် ခြောက်နှစ်သားအရွယ် သားလေး တစ်ယောက်ရှိတယ်။ သူတို့မှာ
ကိုယ်ပိုင်အိမ်နဲ့သာမက ကိုယ်ပိုင်ကား၊ ဆိုက်ကယ်သုံးစီးလည်း ရှိတဲ့အတွက် ပြည့်စုံသာယာပြီး
ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေး ရှိခဲ့တယ်။ အခုတော့ ဒီအရာတွေ အားလုံးဟာ သူတို့အတွက်
အတိတ်က အိမ်မက်တွေ ဖြစ်ခဲ့ပါပြီ။ ပျော်မွေ့စရာ မိသားစု လေးဟာလည်း တကွဲတပြား ဖြစ်ခဲ့ပါပြီ။
ဒီအကြောင်းတရားတွေရဲ့ အဓိက တရားခံကတော့ အဖြစ်များပြီး ကျူးလွန်ဖို့မလွယ်တဲ့ အဖြစ်အပျက်လေးပါပဲ။

ငွေကြေး
အတွက် မပူပန်ရတဲ့အပြင် လုပ်ငန်းသဘောအရဆိုတဲ့ သဘာဝအရဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ ရွမ်ရစ်ဟာ
အပေါင်းအသင်းတွေနဲ့ မူးယစ်သောက်စားမှုတွေ ရှိလာပါတယ်။ အသောက်အစား သာမက အပျော်အပါး နယ်ကျွံမိတဲ့သူဟာ
အရက်မူးမူးနဲ့ ဇိမ်ခန်းကို အလည် ၂ခေါက်ရောက်ခဲ့တယ်။ ဒုတိယအကြိမ်မှာ မထိန်းနိုင် မသိမ်းနိုင်
အမူးလွန် နေတဲ့အတွက် လိင်ပျော်ပါး ရာမှာ ကွန်ဒုံးမသုံးမိခဲ့ပါဘူး။ ဒီလိုဖြစ်မိတာဟာ
ဘဝမှာ အကြီးမားဆုံး အမှားပါပဲ။ သည်အတွက်လည်း ကျနော်ဟာ နောင်တ ရလို့မဆုံးပါဘူးလို့ သူက
ကြေကြေကွဲကွဲ ပြောပြတယ်။

ရွမ်ရစ်
ဟာ အသက်ရှူရတာ ခက်ပြီး တီဘီ ရောဂါ လက္ခဏာတွေ တွေ့ရလို့ ဆေးရုံသွားပြပြီး သေးစစ်တဲ့အခါ
သူ့မှာ HIV ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ကျနော် အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားတယ်။
ကျနော်က ရိုးရိုးသားသား နေတတ်သူပါ။ မိန်းမ လိုက်စားသူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အရက်ကြောင့်
ဆင်ခြင်တုံတရား ကင်းမဲ့နေချိန်မှာ ဖြစ်ခဲ့ရတဲ့ ကိစ္စအတွက် ကျနော့်ကို ကျနော် ခွင့်မလွှတ်နိုင်အောင်
ဖြစ်ရတယ်လို့ သူက မချိတင်ကဲ ပြောတယ်။

သူ့ဇနီး
သူ့သားကတော့ သူ့အပေါ်မှာ နားလည် ခွင့်လွှတ်ပေးပြီး သူ့ကို ထောက်ပံ့အားပေးကြတယ်။ တစ်လ
တစ်ခေါက်လည်း သူရှိရာကို အလည်လာတဲ့အပြင် ဖုန်းနဲ့လည်း ဆက်သွယ်မှုတွေ ရှိတယ်။ ပတ်ဝန်းကျင်က
ဝိုင်းပယ်ထားမှာကို မလိုလားတဲ့အတွက် ဆွေမျိုးနဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေကိုတော့
သူ့မှာ TB ရောဂါရှိလို့ မိသားစုနဲ့ခွဲပြီးတော့ ဆေးကုသမှု ခံယူနေရတယ်ဆိုပြီး အသိပေးထားတယ်။
သူ့ဇနီးမှာ HIV ကူးစက်ခံရမှု ရှိ၊ မရှိ ဆိုတာ လောလောဆယ်မှာ တပ်အပ် သေချာ မပြောနိုင်သေးပါဘူး။
ဇနီး သည်က စားဝတ်နေရေးအတွက် ကန်ထရိုက် လုပ်ငန်းမှာ ဝန်ထမ်းအဖြစ် ဝင်လုပ်နေရပြီး တစ်လကို
သူရခဲ့တဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံ ဘတ် လေးထောင်ကို လစာအဖြစ်ရတယ်။

သူဟာ
ခြေတော်ရာ ကျောင်းတိုက်ရဲ့ ၂ မိုင်လောက်အကွာအဝေး ရှိတဲ့ ခရိုင် ဆေးရုံတစ်ရုံမှာ ဆေးလာကုရင်း
အဲဒီဆေးရုံကနေ ခြေတော်ရာကို သွားဖို့ လမ်းညွှန်လိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ် ဧပြီလ ၂၄ရက်မှာ
ခြေတော်ရာကျောင်းတိုက်ကို ရောက်လာခဲ့ပြီး အဲဒီအရင် နှစ်ပတ်လောက်က လာခွင့်ရဖို့ စောင့်နေရသေးတယ်လို့
ပြောပါတယ်။

အခုတော့
သူဟာ ကျောင်းရိပ်မှာ ခိုလှုံရင်း ခေတ်မီဆေးဝါးတွေနဲ့ ကုသမှုခံယူနေပါတယ်။ ရောက်စက သူဟာ
ပိန်ချုံးနေပြီး ၄၃ ကီလိုပဲရှိပါတယ်။ လက်ရှိမှာတော့ သူ့အလေးချိန်ဟာ ကီလို ၆၀ ရှိလာပါပြီ။
ရွမ်ရစ်ဟာ တီဘီဆေးတွေ သောက်ရတဲ့အပြင် မနက် ၈နာရီမှာ တစ်ကြိမ် ည ၈နာရီမှာ တစ်ကြိမ်
ARV ဆေး သောက်ရပါတယ်။ တချို့လူနာတွေဟာ အရည် ခါးခါးကြီးတွေဖြစ်တဲ့ တိုင်းရင်းဆေး သောက်ပြီး
ဝမ်းလျောတာ အရေပြားယားယံတာ၊ အဖုအပိန့်တွေထွက်လာတာ၊ အရေပြားတွေ ကြမ်းလာတာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ
ခံစားရတာကို တွေ့ရတယ်။ ဒါကြောင့် သူကိုယ်တိုင်လည်း တိုင်းရင်းဆေးနဲ့ ကုသဖို့ရာ မဝံ့မရဲဖြစ်နေတယ်။
ကျောင်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း တိုင်းရင်းဆေးနဲ့ ကုဖို့ အတင်းအကြပ် မတိုက်တွန်းကြပါဘူး။

သူ့လို
လူနာတွေဟာ ဆေးဝါးအပြင် အစားအသောက် အနေအထိုင်လည်း ဆင်ခြင်ရပါတယ်။  ကိုယ့်ကိုယ်ကို လည်း ပြန်စောင့်ရှောက်ရတယ်လို့ သူကပြောတယ်။
သူနဲ့ မတည့်တဲ့ ပင်လယ်စာတွေ မစားမိအောင် ရှောင်ရသလို အားရှိမယ့် အသီးအရွက်၊ အသီးအနှံတွေ
စားပြီး နွားနို့လည်း သောက်ပေးရတယ်။

ပြင်းထန်ခံခက်တဲ့
နာကျင်မှု ဝေဒနာကို ကုသရာမှာ ဆေးဝါးဓါတ်စာအပြင် တရားဘာဝနာ ရှူမှတ်တာ ဟာလည်း အထောက်အကူဖြစ်စေပါတယ်။
အခုဆိုရင် သူဟာ မနက်တခါ ညတခါ တရားထိုင်ပါတယ်။ အစ ပထမ မှာတော့ အာရုံစူးစိုက်ဖို့ရာ ခက်ခဲပြီး
တဖြည်းဖြည်းနဲ့ တရားသဘောကို ဆင်ခြင်မိပြီး စိတ်တည်ငြိမ်မှုကို ရလာပါပြီလို့ သူ့ကိုယ်တွေ့ကို
ပြောပြတယ်။

သူနေကောင်းထိုင်သာ
ရှိတဲ့ အခါမျိုးမှာ ကျောင်းတိုက်ရဲ့ ဝေယျာဝစ္စတွေကို ကူညီ လုပ်ကိုင် ပေးပါတယ်။ အဲဒီအတွက်
သူဟာ တစ်လကို ဘတ် တစ်ထောင်နဲ့ နှစ်ထောင်ကြားရပါတယ်။ သူဟာ အရင်လို သူ့မိသားစုကို ပြည့်ပြည့်စုံစုံ
ထောက်ပံ့ပေးချင်ပေမဲ့ ကျောင်းတိုက် အပြင်ထွက်ပြီး အလုပ်ရှာ လုပ်ဖို့အထိ သူ့ကျန်းမာရေးက
ခွင့်မပေးသေးပါဘူး။

နူရာဝဲစွဲ
လဲရာ သူခိုးထောင်း ဆိုသလို သူ့ရဲ့ ကျန်းမာရေးကြောင့် အိမ်တွင်း စီးပွားရေး နာလံမထူနိုင်ချိန်မှာ
ပြီးခဲ့တဲ့ လအနည်းငယ်က သူတို့အိမ်ကို ဖောက်ထွင်းခံခဲ့ရပါတယ်။ ကျနော် အိမ်ပြန်ချင်ပြီ။
မိသားစုတွေ တကွဲတပြား မနေချင်တော့ဘူးလို့ သူက ရင်ဖွင့်လာတယ်။ သူ့ဘဝ အတွက် မျှော်လင့်ချက်တွေ
သိပ်မရှိတော့ဘူး သိပ်မရှိတော့ဘူးဆိုတာ သူလက်ခံထားပေမဲ့ သူ့ရဲ့ အပြင်းပြဆုံး ဆန္ဒတစ်ခုကတော့
ရှိနေပါသေးတယ်။ ကျနော့် သားလေးကို ကျနော်မသေခင် ရှင်ပြုပေးသွားချင်တယ် လို့ သူက လေးလေးနက်နက်
ပြောပါတယ်။

AIDS
ဟာ အဝေးကြီးမှာ ရှိနေတယ်လို့ လူတွေက ထင်နေကြတယ်။ တကယ်တော့ AIDS ဆိုတာ လူတွေနဲ့ မနီးဆုံး
ပတ်ဝန်းကျင်မှာ အမြဲရှိနေပြီး အချိန်မရွေး ကိုယ့်ဆီဝင်လာနိုင်တယ်။ အပျော်အပါးကိုလည်း
ဆင်ခြင်ပါ။ ကာကွယ်မှု မရှိတဲ့ လိင်ဆက်ဆံမှုလည်း မပြုကြပါနဲ့။ ဘဝမှာ တစ်ချက်မှားရင်း တစ်သက်စာ
သွားတော့တာပါပဲ။ ကျနော့်လို အဖြစ်မျိုး ဘယ်သူ့ကိုမှာ မကြုံကြစေချင် သလို ကျနော့်လို
အမှားမျိုးကိုလည်း ဘယ်သူ့ကိုမှ မကျူးလွန်စေချင်ပါဘူး လို့ သူက အဝေးကို ငေးရီကြည့်ရင်း
တစ်လုံးချင်း ပြောပြသွားပါတယ်။

 

အေးမြချမ်း
၏ “ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top