14
Jun

မှားမိသည့် ဝန်တာ




ကျွန်မက
ကိုယ့်ကိုယ်ကို သိပ်ယုံတယ်။ မိဘဆီက ဖြစ်ဖြစ် တခြား တစ်ယောက်ယောက်ဆီက ဖြစ်ဖြစ် ဘယ်တော့မှ
အကူအညီ မတောင်းတတ်ဘူး။ ကျွန်မက ယောက်ျားတွေနဲ့ ပရောပရီတော့ လုပ်တယ်။ အဲဒီအတွက် ပိုက်ဆံရတယ်။
ကျွန်မက ပညာမတတ်ဘူးလေ။ ကျွန်မလား ကလေး လေးယောက်ရှိတယ်။ သုံးယောက် ပျက်ကျခဲ့တယ်။ ခု
ကျွန်မ ယောက်ျား ရနေပြန်ပြီ။ သူနဲ့ရတဲ့ ကလေးက သုံးနှစ်သမီးရယ်။ ဒီကလေး ကိုယ်ဝန်ရှိတော့
ကျွန်မဆေးခန်း သွားအပြမှာ ဆရာဝန်က ကျွန်မကို သားဆက်ခြားဖို့ ဆိုလားပဲ ဖျောင်းဖျ
သေးပါတယ်။ ကျွန်မကို စစ်လိုက် ဆေးလိုက်တာကလည်း စုံလို့ပဲ။
 

ကျွန်မက
မလိမ်ပါဘူး။ ကျွန်မဟာ ပြည့်တန်ဆာ ဖြစ်ဖူးတဲ့ အကြောင်း သားသမီး လေးယောက် ရခဲ့ရာမှာ
သုံးယောက်ကို သူတို့ အဖေတွေဆီ ပေးပစ်လိုက်ပြီ ဖြစ်ကြောင်း အမှန်အတိုင်း
ပြောခဲ့တယ်။
 

ကျွန်မက
ချင်းရိုင်သူပါ။ မှတ်ပုံတင်တွေ ဘာတွေမရှိဘူး။ ကျွန်မ ပထမဆုံး ယောက်ျားရတော့
သူနဲ့အတူ လိုက်နေ ခဲ့သေးတယ်။ နောက်တော့ သူက ကျွန်မကို ပစ်သွားပါရော။ ဒါနဲ့ ကျွန်မလည်း
လမ်းထွက်ပြီး ပိုက်ဆံ ရှာတော့တာပေါ့။ ပုလိပ်တွေကိုလည်း ရှောင်ရသေးတာရှင့်။
မှတ်ပုံတင်မှ မရှိဘဲကိုး။ ဒီလိုနဲ့ ဆွေမျိုးအိမ် တစ်အိမ်မှာနေရင်း ပိုက်ဆံ ရှာစားခဲ့တာ
ခု ဒုတိယ ယောက်ျားရတဲ့အထိ ဆိုပါတော့။ သူ့မှာ မိဘ ရှိသေးတယ်။ ညီ၊ ညီမငယ်
သုံးယောက်လည်း ရှိသေးတယ်။ သူက ဗဟုသုတ ရှိတဲ့သူပါ။ သူ့မိဘတွေကလား၊ ဘယ် ကျွန်မနဲ့ သဘောတူ
ပါ့မလဲ။ ကျွန်မက မိန်းမကောင်း တစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိကြမှာပေါ့။
ဒါပေမဲ့ ကျွန်မယောက်ျားက ကျွန်မအပေါ် စိတ်သန့် ခဲ့ရှာပါတယ်။ သူက လူရိုးလူအေး
တစ်ယောက်ပါ။ ဒီလိုနဲ့ပဲ ခု သမီးလေးကို ကိုယ်ဝန် ရှိခဲ့တာပေါ့လေ။ ကျွန်မ ဆေးရုံ
သွားပြတော့ ဆရာဝန်က ကျွန်မမှာ AIDS ဖြစ်နေ ပြီတဲ့လေ။ ကျွန်မလား သိပ်ထူးထူးခြားခြား
မခံစားရပါဘူး။ တစ်ခုပဲ ရှိတယ်။ ကျွန်မ ယောက်ျားကို သိပ်သနားတာပဲ။
 

ဒီလိုနဲ့
သမီးလေး ရလာပါရော။ ဒါပေမဲ့ ကျွန်မ ဆရာဝန်နဲ့ အဆက် ဖြတ်ခဲ့တယ်။ ဘယ်လောက် ထိလဲဆိုရင်
သမီးလေး နေမကောင်းရင်တောင် အိမ်နီးချင်းတွေနဲ့ပဲ ဆေးရုံကို လွှတ်တယ်။
အဲဒီအချိန်ထိလည်း ကျွန်မယောက်ျားကို ဘာမှ ဖွင့်မပြောဘူး။ တစ်ခုတော့ရှိတယ်။ ကျွန်မ
အရက်တွေ ဖိသောက် တော့တာပါပဲ။ ဒီအတွက် တစ်ခုတော့ ကောင်းတယ်။ ကျွန်မဟာ သမီးလေးကို
ဘယ်တော့မှ နို့မတိုက် ဖြစ်တော့ဘူး။ ဒီအတွက် ကျွန်မယောက်ျားက အပြစ်တင်ပေမဲ့ ကျွန်မက
ဂရု မစိုက်ခဲ့ဘူး။ သူကတော့ အလုပ်ပဲ ကုန်းရုန်း လုပ်နေတာပါ။ လကုန်လို့ လစာရရင်
အိမ်စရိတ် သူပေးတယ်။ ဒါပဲ။ ဒါပေမဲ့ သူလည်း သောက်တတ် စားတတ်လာတယ်။ ဆေးလိပ်လည်း
တအားသောက်တာပဲ။ အရက်သောက် တာများရင် ကျွန်မကို ရိုက်၊ မောင်းပုတ်မောင်း
လုပ်တာပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ မခွဲအတူ နေပါပဲ။
 

သူ့မိဘ
အိမ်ပြောင်း နေကြစမှာ သူရော ကျွန်မရော အရက်ဖြတ်လိုက် ကြပါသေးတယ်။ နောက်တော့လည်း
ဒုံရင်း ဒုံရင်း ပါပဲရှင်။ ပိုဆိုးတာက ကျွန်မတို့ အရက်မူးရင် သူ့အဖေ (ယောက္ခမကြီး)
ကို ရန်လုပ်ကြတာပါပဲ။ အဘိုးကြီးကတော့ ကောင်းရှာ ပါရဲ့လေ။ ဘယ်လောက် အထိလဲဆိုရင်
သူဟာ မြူနီစပယ်လူကြီး ရာထူး တစ်နေရာလည်း ရရော သူ့အိမ်ကို ကျွန်မတို့ကို အပိုင်စား
ပေးတဲ့အထိပဲ။ ကျွန်မ ယောက်ျားကိုလည်း အလုပ်အကိုင်တွေ ရှာပေးပါသေးရဲ့။
 

ဒီတော့
ကျွန်မတို့မှာ ပိုက်ဆံဆိုတာ ပေါဌေးလောဌေးပေါ့။ အင်း ..... ပိုက်ဆံရှိလာတော့
အပေါင်းအသင်းတွေက များလာတာ ဓမ္မတာပါပဲ။ ကျွန်မတို့ အိမ်ကို သူ့သူငယ်ချင်းတွေ အဝင်အထွက်
များလာတာ ပေါ့လေ။ ကျွန်မလား ခြံခုန်နေကျ နွားမပဲလေ။ အဲဒီ သူ့သူငယ်ချင်း
တွေနဲ့လည်း ပရောပရီပေါ့။ ကျွန်မ သူ့အပေါ် သစ္စာမဲ့ခဲ့တာလေ။
 

၁၉၉၉
နှစ်ကုန်ပိုင်းမှာ ကျွန်မယောက်ျား စပြီး ဖျားနာ တော့တာပါပဲ။ ဆရာဝန်ပြဖို့
သူဆုံးဖြတ်တယ်။ ခါတိုင်းက ကျွန်မတို့ ကိုယ်လက် မအီမသာ ဖြစ်ရင် လမ်းဘေးဆိုင်က ဆေးဝယ်
သောက်တာပါပဲ။
 

ကျွန်မလား
.... ကျွန်မ အခြေအနေ တွေကို ယောက်ျားကို ဖွင့်မပြောခဲ့ပါဘူး။ ကျွန်မရဲ့ သမီးလေး ကတော့
AIDS ရောဂါ မရှိဘူးတဲ့ရှင်။ ဒါလည်း ကျွန်မကိုယ်တိုင် သွား စစ်ဆေးတာ မဟုတ်ပါဘူး။
အိမ်နီးချင်းတွေက ကလေး နေမကောင်းလို့ သွားပြရင်း စစ်ခဲ့လို့ သိရတာ။ သမီးလေး
ကံကောင်း ပါတယ်လေ။
 

တစ်နေ့တော့
ကျွန်မယောက်ျားရဲ့ ညီမ ကျွန်မ အိမ်ရောက်လာ ပါတယ်။ ကိုယ်ဝန်ကြီး ခုနစ်လနဲ့။ သူက ကျွန်မကို
ဖွင့်ဟပါတယ်။ သူ့မှာ သူ့ယောက်ျားဆီက AIDS ရောဂါ စွဲကပ်နေပြီတဲ့။ သူဟာ မကြာခဏ
ဖျားလို့ ဆရာဝန်သွားပြ ဆေးကုရင်း တဖက်က “ဖောင်ချော” ကလပ်မှာ ဝိုင်းကူ သွားဖြစ်ပါသတဲ့။
အဲဒီကလပ်က AIDS ရောဂါသည်တွေ အချင်းချင်း အားပေးကြ။ ကူညီကြနဲ့ လူမှုရေး
လုပ်နေတာတဲ့လေ။ ဆရာဝန် ဆရာမ တွေကလည်း သိပ်သဘော ကောင်းဆိုပဲ။ ကိုယ်တိုင်
အကူအညီရသလို တစ်ပါးသူကိုလည်း ပြန်ကူညီရတဲ့ အသင်းပေါ့။
 

ကျွန်မယောက်ျားရဲ့
ညီမက ကျွန်မကိုလည်း အဲဒီအသင်းဝင်ဖို့ လာပြီး ဆွယ်တာပါ။ သူက ကျွန်မရဲ့
မှတ်ပုံတင်တို့ မိသားစု စာရင်းတို့ တောင်းတော့ ကျွန်မမှာက ဘာမှ ပေးစရာ မရှိဘူးလေ။
ဒီလို ပြောကြ ဆိုကြရင်းနဲ့ပဲ ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ကျွန်မယောက်ျားက
သိသွားပါတော့တယ်။ ကျွန်မ တိတ်တိတ်ကလေး နေခဲ့တာ ခြောက်နှစ်ရှိပြီပဲ။ ကျွန်မဟာ AIDS
ရောဂါသည် ဆိုတာ သူသိသွားခဲ့ပါပြီရှင်။
 

ဒါပေမဲ့လေ
သူက သိပ်ပြီး စိတ်ကောင်းရှိတဲ့သူပါ။ သူ့ဆီမှာ အေ့စ် ကူးချင်မှ ကူးမှာတဲ့။
ဖြစ်ပြီးသမျှကို ဘာမှ ပြန်ပြီး ချေးခြောက်ရေနူး လုပ်မနေတော့ ဘူးလေ။
 

ဒီတော့မှ
တစ်သက်လုံး မကောင်းခဲ့တဲ့ ကျွန်မ ပြန်ပြီးခံစား ရပါတော့တယ်။ တကယ်တော့ ပြဿနာကို ကျွန်မက
စခဲ့တာ မဟုတ်လား။ သစ္စာ မဲ့ခဲ့တာ ကျွန်မ မဟုတ်လား။  မကောင်းခဲ့တာ ကျွန်မ
မဟုတ်လား။ ကျွန်မ ဘယ်လို လုပ်ပြီး ဖြေရတော့မလဲ။မိသားစု အားလုံးက ကျွန်မအပေါ်ကောင်းခဲ့ကြတယ်။
မကောင်းတာက ကျွန်မ တစ်ယောက်တည်း။
 

ကျွန်မ
အပြစ်တွေကို ဘယ်လိုပြန်ပြီး ဆေးကြော ရတော့မှာလဲ။ အတိတ်ကို ပြန်သွားလို့လည်း မရတော့ဘူးလေ။
ရတယ် ပဲထားဦး။ ကျွန်မဟာ စာရိတ္တ မကောင်းတဲ့ အကျင့်ဆိုးကို ဘယ်လို ဖျောက်ပစ်ရမှာလဲ။
အခုချိန်မှာ ကျွန်မဟာ “ခွင့်လွှတ်ကြပါ” ဆိုတဲ့ စကားတစ်လုံးကိုပဲ ပြောနိုင်ခွင့် ရှိပါတော့တယ်။
 

ကျွန်မလေ
ကျွန်မရဲ့ယောက္ခမ တွေကိုရော ခင်ပွန်းကိုပါ အခုတော့ ဝန်ခံလိုက်ပါပြီ။ ပတ်ဝန်းကျင်
အသိုင်း အဝိုင်း ကိုလည်း ဖွင့်ဟလိုက်ပါပြီ။ ဒီထက်ပိုပြီး ဖွင့်ဟ ဝန်ခံဖို့ရာ ခုလို
စာရေးပြီး လူအများသိအောင် ကိုယ့်ကိုယ်ကို ဖော်ထုတ်ဖို့ပဲ ရှိတော့တာ မဟုတ်လားလေ။
 

စာဖတ်သူများရှင်
ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ကြပါ။ “အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုတာလို
ဖြစ်နေတဲ့ သူတွေကို တွေ့ရင်လည်း ကူညီကြပါ။ ရိုင်းပင်းကြပါ။ ကြင်နာသနား မေတ္တာ
ထားကြပါလို့။
 

သုမောင် - ကျေးဇူးပဲ AIDS

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top