30
May

ရင်၌ဖြစ်သည်...။

မနက် ၆ နာရီခန့်တွင် "အလင်းအိမ်"ဂေဟာလေးသို့ ရောက်နေဖို့က
နွယ်သွေးခင်၏ နေ့စဉ်ဝတ္တရား တွေထဲက တစ်ခု...။ ဒီလို ဆောင်းမနက်ခင်းတွေမှာဆို ဆောင်းကို
အံတုနိုင်ဖို့ အနွေးထည်ထူထူကို ခပ်တင်းတင်းစေ့ရင်း ၅ မိုင်ကျော်ခန့် ဝေးသည့်
"အလင်းအိမ်" ဂေဟာလေးသို့ ဆိုင်ကယ်တစ်စီးနှင့် ခပ်သော့သော့ နှင်ရသည့် ခရီးစဉ်က
ရင်ခုန်ဖွယ်ကောင်းလှသည်။ ပါးပြင်ကို ပွတ်တိုက်သွားသည့် လေနုအေးရဲ့ အရသာကို ခံစားရင်း
"အလင်းအိမ်" အတွက် တစ်နေ့တာကို စဖြစ်သည်။ နွယ်သွေးခင်ဆိုတာ ဒီဂေဟာလေးအတွက်
အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်နေသလို ဒီဂေဟာလေးမှာ နေထိုင်ကြတဲ့ HIV ပိုးကူးစက်ခံနေရသူတွေ၊
AIDS ရောဂါဝေဒနာဆိုးကို ခံစားနေရသူတွေအတွက် Activities Manager & Cafe Team
Leader ဆိုတဲ့ တာဝန်ကိုလည်း ကျေကျေနပ်နပ် ခံယူထား ပြန်သေးသည်။ နွယ်သွေးလိုပင်
"အလင်းအိမ်"တံခါးကို ဖွင့်လှစ်ဖို့ စိတ်တူကိုယ်တူ မိတ်ဆွေတွေက လည်း သူတို့
Team ကိုသူတို့ အုပ်ချုပ်ကာ သူ့တာဝန်နှင့်သူ ကိုယ်စီကျေပွန်လျက်...။

 

အခြား ပရဟိတ အဖွဲ့အစည်းတွေလိုပင် လှူဒါန်းသူတွေကို လက်ခံသည်ဆိုပေမယ့်
ကဏ္ဍအလိုက် မတည်ငွေကိုသာ လက်ခံသည်ဆိုလျှင်ပိုမှန်ပါလိမ့်မည်။ လှူဒါန်းနိုင်သည့်ကဏ္ဍတွေကို
"ကျန်းမာရေး စောင့်ရှောက်မှု မတည်ငွေ၊ "အလင်းအိမ်" ဂေဟာ ပြုပြင်ထိန်းသိမ်းမှု
မတည်ငွေ၊ အထွေထွေ အသုံးစရိတ်၊ လုပ်ငန်းလည်ပတ်မှုအတွက် မတည်ငွေ"ဆိုပြီး ကဏ္ဍအသီးသီး
ခွဲခြားသတ်မှတ်ထား သည်။ အဓိကအားဖြင့်တော့ အလင်းအိမ်ဂေဟာမှာ နေထိုင်ကြသူများ၏ စွမ်းအားဖြင့်
"အလင်းအိမ်" ကို ရှင်သန်လည်ပတ်စေခဲ့သည်။ HIV ပိုးကူးစက်ခံနေရပေမယ့် သူ့အစွမ်းနှင့်သူ
လင်းနိုင်သောသူများ အဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်စွာ ရပ်တည်စေချင်တာကိုက "အလင်းအိမ်"
ဂေဟာကလေး၏ ဦးတည်ချက် မဟုတ်လား။

 

နွယ်သွေး ဂေဟာထဲကို ဝင်ဝင်ချင်း နဒီက နှုတ်ဆက်လာသည်။ နဒီဆိုတာ
အလင်းအိမ်ဂေဟာရဲ့ အိမ်တွင်းမှုနှင့် လက်မှုပညာလုပ်ငန်းကို ဦးစီးနေသူ Team Leader...။
နဒီတို့ Team က အိမ်တွင်းမှုပစ္စည်းတွေကို ထုတ်လုပ်နေရုံမကဘဲ သင်တန်းများပင် ပို့ချနိုင်နေပေပြီ။
နဒီတို့ အိမ်တွင်းမှုလုပ်ငန်းထွက် ပစ္စည်းတွေကလည်း လက်ရာသေသပ်ပြီး အမြင်ဆန်းသည်မို့ ရောင်းအားကောင်းလှသည်။

 

"နွယ်သွေး... ရောက်လာပြီလား။ နဒီလည်း ခုပဲရောက်တာ။
ဒီနေ့ နွယ်သွေးရဲ့ Cafe မှာ ထူးထူးခြားခြား ကဗျာရွတ်ပွဲလေး လုပ်မလို့ဆို။ နေ့လည် ၂
နာရီနော်။ နဒီ့ အဖွဲ့တွေခေါ်ပြီး လာခဲ့မယ်။"

 

"ဟုတ်တယ် နဒီ...။ ကဗျာကဏ္ဍလေးကို ထည့်ဖြစ်ခဲ့ပေမယ့် ဒီနေ့ကတော့
နွယ်သွေးတို့ အလင်းအိမ်ဂေဟာလေးမှာ နေကြတဲ့ HIV ပိုးကူးစက်ခံနေရတဲ့ အဖွဲ့ဝင်တွေအတွက်
စိတ်ဓာတ် ခွန်အားပေးနိုင်မယ့် ကဗျာလေးတွေကို ရွတ်တဲ့ပွဲလေးလုပ်ဖို့ စိတ်ကူးရလို့လေ။
ဆုရယ်လို့ မပေးဖြစ်ပေမယ့် ပရိသတ်အကြိုက်ဆုံးကဗျာကို မဲခွဲဆုံးဖြတ်ပြီး နောက်လမှာ ထုတ်မယ့်
"အလင်းအိမ်"ရဲ့ နှစ်ပတ်လည်မဂ္ဂဇင်းရဲ့ အဖုံးမှာ သုံးမလို့။ အရွေးခံရတဲ့ ကဗျာရှင်ကို
"အလင်းအိမ်" ဂေဟာ လုပ်ငန်းစုက ထွက်တဲ့ လက်ဆောင်ပစ္စည်းတွေအပြင် "အလင်းအိမ်"
English Learning Centre မှာ ၁နှစ် အခမဲ့သင်တန်းတက်ခွင့်ပေးမလို့ စီစဉ်ထားတယ်။ သြော်...
ဒါနဲ့ ပြီးခဲ့တဲ့ အပတ်စဉ် အစည်းအဝေးမှာ တင်ပြခဲ့တဲ့အတိုင်း နဒီတို့ Team ရဲ့
Hand-made ဖိတ်စာ လက်ခံဖို့အတွက် ကြော်ငြာကိစ္စတွေ နွယ်သွေးလုပ်ပြီးနေပြီ။ သတင်းစာ၊
ဂျာနယ် နဲ့ FM မှာတော့ အစည်းအဝေးပြီး နောက်တစ်ရက်ထဲက ကြော်ငြာထည့်ထားတယ်။ Pamphlet
တွေ ဖြန့်တာလဲ စုံသလောက်ဖြစ်နေပြီ နဒီရ...။ နဒီတို့ဆီက ထွက်တဲ့ Hand-made Card လေးတွေ
တော်တော်အောင်မြင်တယ်နော်။ ဟိုတစ်နေ့က နွယ်သွေးရဲ့ အလင်းအိမ် Cafe စာအုပ်စင်အတွက် အသစ်ထွက်တာလေးတွေ
သွားရှာဝယ်ရင်း အလင်းအိမ်တံဆိပ်နဲ့ Hand-made Card လေးတွေ ဆိုင်တော်တော်များများမှာ
တင်ထားတာ သတိထားမိတယ်။ မေးကြည့်တော့ ရောင်းရတယ်ပြောတယ် နဒီ။ နွယ်သွေးရှေ့တင် ဝယ်သွားကြတာအများကြီးပဲ။
ဒီဇိုင်းတွေလဲ ဆန်းတယ်နော်။"

 

"ဟုတ်တယ် နွယ်သွေး။ ခုတလော ဆိုင်တွေက အော်ဒါပိုကျလာတယ်။
နဒီ့အဖွဲ့က ချိုချိုနဲ့ မင်းကိုမျိုး ကို နွယ်သွေး သိတယ်မဟုတ်လား။ သူတို့ စဉ်းစားမိတဲ့
ဒီဇိုင်းအသစ်တွေကြောင့် ဒီ Hand-made Card လေးတွေကို ပိုပြီးလူကြိုက်များလာတာပေါ့။
သိပ်နှမြောဖို့ကောင်းတယ်နော်။ ဒီလောက် တော်နေပေမယ့် HIV ပိုး ကူးစက်ခံထားရသူဆိုပြီး
သူ့တို့အသိုင်းအဝိုင်းက ပစ်ပယ်ထားလို့ စိတ်ဓါတ်ကျ လေလွင့်နေခဲ့ကြတာ။ ခုတော့လည်း သူ့တို့ကိုယ်သူတို့
HIV ပိုး ကူးစက်ခံထားရတယ် ဆိုတာတောင် မေ့နေပုံပဲ။ တက်ကြွနေလိုက်ကြတာလေ။ အားရစရာပေါ့
နွယ်သွေးရယ်။ ကြော်ငြာ အတွက်လည်း ကျေးဇူးပဲ နွယ်သွေးရ။ နွယ်သွေးကြော်ငြာတွေက တကယ်ထိရောက်တယ်ရှင့်။
ခုဆို Hand-made ဖိတ်စာတွေကို စိတ်ဝင်စားလို့ reception department ကို ဖုန်းဆက်မေးတဲ့သူတွေ
တောင် ရှိနေပြီလို့ reception က နွယ်နီတို့ ကပြောတယ်။ ဒီတစ်ပတ်အတွင်းပဲ မွေးနေ့ဖိတ်စာနဲ့
မင်္ဂလာဆောင်ဖိတ်စာတွေ အော်ဒါလက်ခံနေရပြီလေ။"

 

"ဟေ့... နဒီနဲ့ နွယ်သွေး။ စကားကောင်းမနေနဲ့။ ဟိုမှာ
ဂေဟာအုပ်ချုပ်ရေးမှူး အန်တီနန်းတောင် ဘုရားရှိခိုးလူစုဖို့ အသိပေးမောင်းတီးဖို့ သွားနေပြီ။
ဘုရားခန်းသွားကြစို့။"

 

"ဟုတ်ကဲ့ လာပြီ ကိုသော်ဇင်ရေ။ ကိုယ့် team အကြောင်းကိုယ်ပြောနေရရင်
စကားစ က မပြတ်နိုင် ဘူးလေ။ နော် နဒီ။"

 

"ဟုတ်ပါ့ရှင်။ ကိုသော်ဇင်ကြီးရဲ့ computer team ကလည်း
ဝင်ငွေတွေ တယ်ကောင်းလာဆိုပဲ။ ဟိုနေ့က လချုပ်တွေဆွဲရင်း နွယ်နီတို့ အဖွဲ့တွေပြောနေသံကြားတယ်။
ကောင်းတယ် ကိုသော်ဇင်ရေ..။ အလင်းအိမ်အတွက် ကြိုးစားထားနော်။"

 

"အေး ဟုတ်တယ်ဟ။ ခုတလော အလုပ်အပ်တာပိုများလာတယ်။ သင်တန်းသားဦးရေလည်း
တိုးလာ တယ်လေ။ အလင်းအိမ်ဂေဟာ လည်ပတ်ဖို့အတွက် လုပ်တဲ့ လုပ်ငန်းတွေမှန်းသိလာတော့ လူတွေကလည်း တစ်ဖက် တစ်လမ်းက ကူညီတဲ့အနေနဲ့ တို့လုပ်ငန်းစုက လုပ်ငန်းတွေကို အားပေးလာ တဲ့
သဘောပေါ့ဟာ။ နွယ်နီတို့ Reception ကအဖွဲ့တွေလည်း ငွေစာရင်းတွေရော၊ information တွေ
လက်ခံဖြေဆိုတာရော၊ management နဲ့ ရုံးပိုင်းပါ တာဝန်ယူထားရတော့ ပင်ပန်းကြတယ်။ တို့ဂေဟာမှာ
သူတို့ Team က အလုပ်အများဆုံးပဲဟေ့။"

 

"စိတ်ကူးဆန်းသစ်ပြီး ဂေဟာကလူတွေကို စိတ်ဓာတ်တက်ကြွလာစေအောင်၊
ဂေဟာကို လူစိတ်ဝင်စားလာအောင် လုပ်နိုင်တာကတော့ နဒီတို့ရဲ့ နွယ်သွေးခင်လေးပေါ့ရှင်။
နော် ကိုသော်ဇင်။"

 

"ဟုတ်ပါ့ဗျာ။ နွယ်သွေးကတော့ မချီးကျူးလို့ မရအောင်ကို
စွမ်းတယ်ဟေ့။ သူတာဝန်ယူထားတဲ့ Cafe ကိုပဲကြည့်၊ အမြဲအစီအစဉ်သစ်တွေနဲ့ လူငယ်တွေကို ဖမ်းစားထားတာ။
အစားအသောက်တွေ ရောင်းရုံမကပဲ စားသုံးသူတွေကို အသိပညာဖြန့်ဝေပေးနိုင်ပြီး၊ အသိပညာဖလှယ်ပေးနိုင်တဲ့
နေရာ လေး။ သူ့ Cafe က ဖြန့်ဝေတဲ့ information တွေကြောင့် တို့ဂေဟာကို လူပိုစိတ်ဝင်စားလာ
တာပေါ့။ ပြီးတော့ ငါ့ညီမက Activities Manager ပီသတယ်ကွ။ ဂေဟာနဲ့ပတ်သက်သမျှ လှုပ်ရှားမှု
အသစ်တွေနဲ့ ကြော်ငြာကိစ္စတွေကိုလည်း သူပဲ တာဝန်ကျေကျေလုပ်ပေးနိုင်တာ။ သူ့အထောက်အကူ ကြောင့်
လုပ်ငန်းစုအားလုံးက ရောင်းအားတက်လာတာလို့ ဆိုရမယ်။"

 

"ကိုသော်ဇင်တို့ကတော့ လုပ်ပြီ။ ဒီလောက်လဲ မြှောက်မနေပါနဲ့ရှင်။
ဒီနေ့ နေ့လည်စာ နွယ်သွေး ကျွေးပါ့မယ်။ နွယ်သွေးတို့ ဂေဟာလေးထဲကို လူသားလေးတစ်ဦး ထပ်ရောက်လာမယ့်
အထိမ်းအမှတ် အနေနဲ့ပေါ့။ ဟုတ်ပြီလား။"

 

"အယ်။ ဟုတ်ပါ့ နွယ်သွေးပြောမှ သတိရတယ်။ ဒီနေ့ နုနုခင်
ဗိုက်ခွဲမွေးမှာနော်။ ကလေးမှာ HIV ပိုးမရှိပါစေနဲ့လို့ နဒီတော့ နေ့တိုင်းဆုတောင်းတယ်။"

 

"ဒီလိုပဲ ဆုတောင်းရတာပဲ နဒီရယ်။ ကူးဖို့ Chance နည်းအောင်
ခွဲမွေးတာလေ။ နုနုက နွယ်သွေးအဖွဲ့ကဆိုတော့ ဒီကပြီးရင် နေ့လည်ပွဲအတွက် Cafe မှာ စီစဉ်စရာရှိတာ
စီစဉ်ပြီး ဆေးရုံသွားရမယ်။ နုနုကိုတော့ ကလေးမှာ HIV ပိုးရှိနေနိုင်တယ်ဆိုတာကို တွေးထားဖို့
Counseling ကြိုလုပ်ထားတာပဲ။ နွယ်သွေးလည်း ကလေးကို မကူးပါစေနဲ့လို့ ဆုတောင်းတယ်။"

 

နွယ်သွေးတို့ ၃ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် နွမ်းလျစွာ
ပြုံးပြလိုက်ကြသည်။ ကိုသော်ဇင် က ဟိုးအဝေးကိုခပ်ငေးငေးကြည့်ရင်း လေးလေးနက်နက်ဆိုသည်။

 

"ဒါက ကိုယ်မတတ်နိုင်တဲ့အရာတွေပါ ငါ့ညီမတို့ရာ။ ကံကိုပဲ
ယိုးမယ်ဖွဲ့ရမယ်ဆိုပေမယ့် HIV ပိုး ကူးစက်ခံနေရရင်တောင် အချိန်မတိုင်ခင်မကြွေဖို့ ဝိုင်းဝန်းစောင့်ရှောက်ရမှာက
ကိုယ်တို့ အလင်းအိမ် ရဲ့ ဦးတည်ချက်ပဲလေ။ လူသားအားလုံးပါဝင်လာအောင် ပညာပေးနိုင်ဖို့ပဲ
ကြိုးစားရမှာ။ ကလေးမှာ HIV ပိုး ရှိနေရင်တောင် အဲဒီအတွက် မိခင်ဖြစ်တဲ့ နုနုရော ကိုယ်တို့
အလင်းအိမ်ဂေဟာ အဖွဲ့သားအားလုံး ကြိုတင်ပြင်ဆင်ထားတာပဲလေ။ ကဲပါ။ ဘုရားခန်းသွားကြစို့။
နောက်ကျနေမယ်။"

 

နွယ်သွေးတို့ ဘုရားခန်းဆီသို့ ဦးတည်လိုက်ကြသည်။ ဘုရားခန်းဆောင်ရောက်တော့
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ရှေ့မှောက်တွင် နွယ်သွေး လေးလေးနက်နက် ဆုတောင်းမိ
သည်။ နုနုရဲ့ ရင်သွေးလေးမှာ HIV ပိုးရှိမနေပါစေနှင့်ဟု...။ နွယ်သွေးလိုပင် အလင်းအိမ်ဂေဟာလေး
ထဲမှာရှိတဲ့ ပုဂ္ဂိုလ်အားလုံးက ဒီဆုကို တောင်းနေကြမည်မှာ အသေအချာပင်...။

 

မနက် ၆ နာရီကနေ ၇ နာရီအထိဆို အလင်းအိမ်ဂေဟာလေးမှာ သံပြိုင်ဘုရားရှိခိုး၊
မေတ္တာပို့၊ အမျှဝေသံလေးများနှင့် စိတ်ချမ်းသာဖွယ်အတိ... ပြီးလျှင်တော့ ဝိပဿနာအားထုတ်ခြင်းကလည်း
အလင်းအိမ်ဂေဟာ မနက်ခင်း၏ ဝိသေသတစ်ခု...။ ၇ နာရီကနေ ၇ နာရီခွဲအတွင်းမှာ ဂေဟာခြံဝန်း
အတွင်း သန့်ရှင်းရေးနှင့် ဂေဟာလှပစေဖို့ ပြုစုပျိုးထောင်ရင်း ကိုယ်လက်လှုပ်ရှားလုပ်ကြသည်။
အားလုံးကိုယ်လက်သန့်စင်ပြီး ၈ နာရီထိုးခန့်တွင် ထမင်းစားဆောင်မှာ မင်းကွန်းဆရာတော်
ဘုရား ကြီး၏ မေတ္တာဘာဝနာတရားကိုနာရင်း မနက်စာစားကြသည်။ အလင်းအိမ်၏ မနက်ခင်း တံခါးကို
မေတ္တာဖြင့်ဖွင့်လှစ်ကြရင်း ၉နာရီခန့်တွင် ကိုယ်ဝါသနာပါရာ Team တွေ၊ လုပ်ငန်းစုတွေမှာ
ကိုယ့်တာဝန်ကိုယ်ယူဖို့ အားလုံးက အဆင်သင့်။ ဒီတာဝန်များထဲမှာ HIV ပိုးရှိသူတွေကို ဂေဟာ
ဝန်ထမ်းတွေက အချိန်မှန် ဆေးတိုက်ခြင်းကတော့ အဓိကအကျဆုံး အလုပ်ပေါ့။

 

နွယ်သွေးတို့က ဂေဟာမှာနေထိုင်သူတွေကို မဖြစ်မနေ အလုပ်လုပ်ရမည်ဟု
သတ်မှတ်ထားခြင်း မျိုးတော့ မဟုတ်...။ ကိုယ်ဝါသနာပါရာ၊ ဆန္ဒရှိရာကို စိတ်ပြေလက်ပျောက်လုပ်ရင်း
လောကနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် အသုံးကျတဲ့သူတွေဖြစ်နေဖို့သာ ရည်ရွယ်သည်။ HIV ပိုး
ကူးစက်ခံထားရ သူတွေဆိုပြီး စိတ်ဓာတ်ကျမနေဘဲ တတ်စွမ်းသမျှလောကကို အလှဆင်ရင်း အသိပညာတွေဖြန့်ဝေ
ပေးတတ်ဖို့၊ ဘာသာရေးနှလုံးသွင်းမှန်ကန်စွာ ဘဝကိုဖြတ်သန်းသွားဖို့အတွက် အလင်းအိမ်ဂေဟာမှ
တာဝန်ရှိသူများက အချိန်နှင့်အမျှ နှိုးဆော်ပေးနေသည် မဟုတ်ပါလား။ နွယ်သွေးတို့ ဂေဟာလုပ်ငန်းစု
တွေမှာ အလုပ်မလုပ်ဘဲ HIV/AIDS နှင့် ပတ်သက်ပြီး အသိပညာပေးနေကြသူတွေလည်း ရှိနေသည် ပဲလေ။
သက်ရွယ်ဆင့်တူပညာပေးခြင်း(Peer Education) နှင့် ပညာပေးကြသည်မို့ ထိရောက်သည်။ ခုဆို
အလင်းအိမ်ဂေဟာအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြမည့် နွယ်သွေးတို့လို ဝန်ထမ်းတွေလည်း ထပ်တိုးလာခဲ့ပြီ။
လူငယ်တွေကလည်း အားသည့်အချိန်များမှာ အချိန်ပိုင်းအနေနဲ့ ဂေဟာမှာ volunteer လာလုပ်သူတွေလည်း
များလာပြီ။ အလင်းအိမ်ဂေဟာကို လိုအပ်နေသူတွေအတွက် အလင်းအိမ်ဂေဟာခွဲကို ထပ်မံဖွင့်လှစ်ဖို့ပင်
စီမံကိန်းစ,နေနိုင်ပြီလေ။ ဒီဂေဟာလေးအတွင်းမှာ ရှိတဲ့ လူတော်တော်များများရဲ့ အားလပ်ချိန်များမှာ
ဆုံဖြစ်သည့် စုရပ်ကတော့ နွယ်သွေး၏ "အလင်းအိမ် Cafe"...။

 

အလင်းအိမ်ဂေဟာနှင့်ကပ်လျက် ခြံဝန်းလေးထဲတွင် ဆိတ်ငြိမ်သည့်
ဓနိမိုးတဲလေးများနှင့် ခုံကလေးတွေ၊ အပင်အောက်ဆီဝယ် ခုံတန်းလျားလေးတွေနှင့် စာဖတ်၊ စာရေးလိုသူတွေ၊
မိမိနှစ်သက်ရာ လေ့လာလိုသူတွေ၊ မိမိဝါသနာပါရာ ဆွေးနွေး၊ နှီးနှောဖလှယ်လိုသူတွေအတွက်
အကြိုက်တွေ့လှသည့် ဆိုင်ကလေး၊ စာအုပ်စင်များနှင့် ဝန်းရံနေသည့် ဆိုင်ကလေးထဲတွင် ကော်ဖီသောက်ရင်း
မိမိနှစ်သက်ရာစာအုပ်တွေကို ဖတ်ရှုနိုင်သလို၊ ဘာသာစကားလေ့လာလိုသူတွေ၊ ဂီတ၊ သီချင်း နားဆင်လိုသူတွေအတွက်
"Audio Learning" လုပ်နိုင်ရန် Language CD များ၊ သီချင်း၊ ဂီတနှင့်ပတ်သက်သည့်
CD များ စုံလင်အောင်ထားရှိကာ သီးသန့်တစ်ဦးချင်းစီ အေးအေးလူလူ လေ့လာနားဆင်နိုင်ရန်
စက်များကို စီစဉ်ထားပေးပြန်တော့ လေ့လာနားဆင်သူတွေအတွက် အဆင်ပြေလှသည်ပေါ့။ နောက်ပြီး
ဒီဆိုင်ကို လာရောက်သူတွေအတွက် ဆိုင်မှာ ဖတ်လို့အားမရပါပဲ ကိုယ်ပိုင်ဝယ်လိုသည့် ဖတ်လိုသည့်စာအုပ်များ၊
နားဆင်လိုသည့် CD များကို ရောင်းချပေးခြင်း ကလည်း ထူးခြားမှုတစ်ခု...။ အလင်းအိမ်
Cafe တွင် စားသုံးသူတွေ စိတ်တိုင်းကျ စိတ်သန့်သန့်ဖြင့် စားသုံးနိုင်ရန် ready
made food တွေကို အဓိကထား ရောင်းချပေးပါသည်။

 

စားသုံးသူများကို ဖမ်းစားထားနိုင်သည့် နောက်တစ်ချက်က ဆိုင်ကလေး၏ခန်းမအတွင်းတွင်
အပတ် စဉ်၊ နေ့စဉ် သူ့အချိန်နှင့်သူ ကျင်းပပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများပင်...။
ကျန်းမာရေး၊ စီမံခန့်ခွဲ မှုပညာ၊ စာပေဟောပြောပွဲ၊ ဘာသာစကားလေ့လာခြင်း၊ ကဗျာရွတ်ပွဲ အစရှိသဖြင့်
သက်ဆိုင်ရာ နယ်ပယ်များတွင် နာမည်ရနေသောပုဂ္ဂိုလ်များမှ လာရောက်ဟောပြောသည့် ဟောပြောပွဲများ၊
ပန်းချီပြပွဲများ၊ ဓာတ်ပုံပြပွဲများကို ဗဟုသုတအလို့ငှာ လာရောက်လေ့လာနိုင်သလို လူငယ်များအတွက်
စိတ်ဝင်စားရာ Topic များကိုရွေးချယ်ပြီး နှီးနှောဖလှယ်ပွဲများကို ဒီဆိုင်ကလေးမှာပင်
လက်ခံပြုလုပ် ပေးလေ့ရှိသည်။ လိုအပ်သည့်ပြင်ဆင်မှုများကို နွယ်သွေးဦးဆောင်သည့် ဂေဟာအဖွဲ့ဝင်များမှ
စနစ်တကျစီစဉ်ပေးနေပြီး ဂေဟာမှာ နေထိုင်ကြသူတွေကလည်း ပါဝင်ဆွေးနွေးသူတွေ ဖြစ်နေခြင်း
ကတော့ နွယ်သွေးတို့လို ဂေဟာကို ဖန်တီးသူတွေအတွက် ကျေနပ်စရာတစ်ခု။ "အလင်းအိမ်
Cafe" မှာ member ဝင်ထားတဲ့လူတိုင်းကို အလင်းအိမ်ရဲ့ တစ်ပတ်အတွင်းပြုလုပ်မည့်
အစီအစဉ်များကို email ပို့ အကြောင်းကြားပေးခြင်းကလည်း "အလင်းအိမ် Cafe" ရဲ့
နောက်ထပ်ဝန်ဆောင်မှုတွေထဲက တစ်ခု။ member မဟုတ်ပေမယ့် အလင်းအိမ်ကို စိတ်ပါဝင်စားသူတွေအနေနှင့်
အလင်းအိမ်ရဲ့ ကိုယ်ပိုင် Website မှာ သိလိုသည်များကို လာရောက်ဖတ်ရှုနိုင်ပြန်သေးသည်။
အကြံပေး၊ ဆွေးနွေးလို သည်များကို Website တွင် တိုက်ရိုက်အကြံပေးနိုင်သလို Cafe ၏ အကြံပြုစာပုံးတွင်လည်း
ဝေဖန်အကြံပြုစာများကို ဝေဖန်နိုင်ရန်စီစဉ်ထားသည်။ ဒါတွေက Activities Manager &
Cafe Team Leader ဆိုတဲ့ နွယ်သွေးခင်ရဲ့ အဓိက အကြံဥာဏ်တွေနှင့် ဖန်တီးထားခြင်း...။

 

Cafe မှာ နေ့လည်ကဗျာရွတ်ပွဲအတွက် စီစဉ်စရာရှိသည်များကို
စီစဉ်ပြီးတော့ ၉ နာရီခွဲနေပေပြီ။ လိုအပ်သည့်ကိစ္စများကို ဆက်လုပ်ရန် Cafe Team မှ အဖွဲ့ဝင်များကို
လွှဲထားခဲ့ပြီး နွယ်သွေး ဆေးရုံသို့ ပြေးရပြန်သည်။ နုနုတစ်ယောက် ခုလောက်ဆို နွယ်သွေးကို
မျှော်နေပေလိမ့်မည်။ အလင်းအိမ် Health Team မှ ဒေါက်တာကိုမျိုးသန့်နှင့် ဆရာမ မသီတာတို့အဖွဲ့တွေ
နုနုနားမှာ ရှိနေသည်မို့လည်း ဗိုက်ခွဲမွေးဖို့ မနေ့ကထဲက ဆေးရုံတင်ထားသော နုနုကို နွယ်သွေး
စိတ်ချထား နိုင်သည်ပေါ့။ ဒီနေ့ ၁ဝနာရီခွဲတွင် ခွဲခန်းဝင်မည်တဲ့။

 

"နုနုခင်"... နာမည်လေးက နုနယ်သလောက် ဘဝက ကြမ်းလှပါလားကွယ်။
ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသည့် နုနုတစ်ယောက် အသက် ၁၉ နှစ်ခန့်တွင် အချစ်ကို ကိုးကွယ်လိုက်သည့်အခါ
သူ့ဘဝလေး အမှောင်အတိဖုံးသွားခဲ့သည်။ မိဘ သဘောမတူသည့် ချစ်သူနောက်ကို လိုက်ခဲ့မိတော့
မိခင်က အိပ်ရာထဲဘုံးဘုံးလဲ...၊ မိခင်ကို ဆေးကုဖို့ တစ်မိသားစုလုံးက နိုင်ငံခြားသို့
အပြီးပြောင်း သွားခဲ့သည်။ တစ်ကမ္ဘာထင်ခဲ့သော ချစ်သူ့ရင်ခွင်မှာ နုနုတစ်ယောက် ပျော်နေနိုင်သည်လား။
မဟုတ်ပါ။ ချို့တဲ့သော ချစ်သူမိသားစုအလယ်မှာ တစ်ဖက်အသိုင်းအဝိုင်း၏ အငြိုငြင်ခံကာနေရင်း
သူမချစ်သော ချစ်သူက AIDS ရောဂါဆိုးကြီးဖြင့် မိုက်ဇာတ်သိမ်းသွားခဲ့သည်။ နုနုရဲ့ ရှိစုမဲ့စု
လက်ဝတ်လက်စားလေးများကလည်း သူ့ချစ်သူကို မကယ်နိုင်ခဲ့...၊ နုနုရဲ့ တစ်ဘဝလုံး ပုံပေးထား
လောက်တဲ့ ချစ်ခြင်းမေတ္တာကလည်း သူ့ချစ်သူကို မကယ်နိုင်ခဲ့...။ သူ့ချစ်သူ လောကထဲက ထွက်သွားပြီး
နုနုမှာ ကျန်ခဲ့သည်က ချစ်သူ၏ နောက်ဆုံးအမွေအဖြစ် ဗိုက်ထဲတွင် ၃ လအရွယ် သန္ဓေသားလေးက
အိမ်ဖွဲ့နေပြီး၊ ချစ်သူထံမှ HIV ရောဂါပိုးကလည်း နုနုဆီသို့ ကူးစက်နေခဲ့ပြီ။ အစထဲကမှ
မကြည်ဖြူပါသော ယောက္ခမအသိုင်းအဝိုင်းက ပစ်ပယ်လိုက်တော့ နုနုရဲ့ ခိုကိုးရာက "အလင်းအိမ်"ဂေဟာ
ဖြစ်လာခဲ့သည်။

 

အလင်းအိမ်မှာ ဒီလို ရင်နင့်ဖွယ်ဇာတ်လမ်းလေးတွေက အများသားလား...။
နွယ်သွေးတို့ အလင်းအိမ် တည်ထောင်သူတွေက နုနုကို "ညီမလေးရယ်... အိမ်ထောင်မပြုခင်
နှစ်ဦးလုံး HIV ပိုး ရှိ၊မရှိ သွေးစစ်ကြည့်သင့်တယ်ဆိုတာ သိခဲ့ရက်နဲ့ကွယ်..."ဟုသာ
ကရုဏာသက်စွာ ပြောနိုင်တော့သည်။ မိခင်မှ သန္ဓေသားကို ကူးစက်နိုင်ခြေများတော့ နုနုအတွက်
စိတ်ပူဖွယ်ပေါ့။ ဒါပေမယ့် နုနုကတော့ သူမရင်သွေးလေးအတွက် အစားအသောက်၊အနေအထိုင် အစစအရာရာ
ဆင်ခြင်ကာ ရဲရင့်တက်ကြွ စွာ နေထိုင်ခဲ့သည်။ အလင်းအိမ်ဂေဟာမှ နေထိုင်သူတွေထဲမှာ စံပြဟုပြောရမလောက်
နုနုက တက်ကြွလန်းဆန်းနေခဲ့သည်။ Cafe မှာလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေမှာ နုနုက ရှေ့တန်းမှ
ပါဝင်ခဲ့ပြီး HIV အကြောင်း ပညာပေးဆွေးနွေးသည့်အခါတိုင်း မရှက်မကြောက် သူမအဖြစ်ကို ဥပမာပေးကာ
အသိပညာတွေ ဖြန့်ဝေပေးတတ်သည်။ ဒီကြားထဲက အလင်းအိမ် English Learning Centre မှာလည်း
သူမ ကျွမ်းကျင်သည့် အင်္ဂလိပ်စာကို ပြန်သင်ပေးပြန်တော့ ကိုယ်ဝန်ဆောင်သည်နုနုကို အားလုံးက
ဂရုဏာသက်ပူပန်စွာ နားနေဖို့ ပြောမိသည့်အခါ နုနုက ပြုံးပြုံးလေးတုံ့ပြန်သည်။

 

"နုနုကို ခွင့်ပြုကြပါ။ နုနုရင်သွေးလေးအတွက် နုနု တတ်နိုင်သမျှ
ရှင်သန်သွားရမယ်လေ။ လူငယ်တွေ နုနုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရအောင် ရတဲ့အချိန်လေးမှာ
နုနု အသိပညာတွေ ဖြန့်ဝေချင်တယ်။ နုနုအသက်ရှင်ဖို့ အချိန်ဘယ်လောက်ကျန်တယ်ဆိုတာ မသေချာဘူး။
ဒီအချိန်လေးအတွင်းမှာ ပတ်ဝန်းကျင်အတွက် နုနု အစွမ်းကုန် နုနုတတ်နိုင်တဲ့ဘက်က အကျိုးပြုသွားနိုင်ချင်တယ်။
နုနုကို နားလည်ပေးကြပါ"ဟုသာ...။

 

နုနုရဲ့ဆန္ဒအရ နုနုဗိုက်ထဲက ရင်သွေးလေး ယောက်ျားလေးဟု သိရသည့်အချိန်တွင်
နွယ်သွေးက ကြယ်စင် ဟု အမည်ပေးခဲ့သည်။ အားလုံးကလည်း ဒီအမည်ကို သဘောကျခဲ့ကြပြီး နွယ်သွေးကို
ကြယ်စင်ကို မွေးဖွားမည့် ဒုတိယမိခင်ဟု ဆိုကြပြန်သည်။ နွယ်သွေးကိုယ်တိုင်လည်း ဗိုက်ထဲမှာ
သာရှိသေးသည့် အပြစ်ကင်းစင်သော ကြယ်စင်ကလေး၏ မွေးစားမိခင်ဖြစ်ရသည်ကို ကျေနပ်မိ သည်လေ။

 

"သြော်... ဒီနေ့ဆို ကြယ်စင်တောင် လောကထဲ ရောက်လာတော့မှာပါလား"

 

နွယ်သွေး အတွေးတွေ မည်မျှလွန်နေမိသည်မသိ...။ "နုနုရေ...ဟိုမှာ
ကြယ်စင့်မွေးစားမေမေ လာပြီ။ လာ နွယ်သွေး။ နုနုက နွယ်သွေးကို တမေးထဲမေးနေတာ..."ဟု
Health Team Leader ဒေါက်တာကိုမျိုးသန့် ပြောလိုက်မှ အသိပြန်ဝင်လာမိသည်။ နုနုမျက်နှာလေးကြည့်လိုက်တော့
ပြုံးရွှင်ကြည်လင်လျက်...။ ဟုတ်ပေသားပဲ။ ကြယ်စင် လူ့လောကထဲ ရောက်လာတော့မည်ဆိုတော့ နုနုတို့
ပျော်ရွှင်တက်ကြွနေတာ ဆန်းတော့မဆန်းလှပါ။ ဒီတက်ကြွမှုလေး အမြဲတမ်းတည် နေပါစေလားကွယ်။
နုနုလက်ကလေးကို ဆုပ်ကိုင်ပေးထားရင်း နုနုပြောနေသည်များကို နားထောင် ပေးနေမိသည်။
"မမနွယ်သွေး... ခွဲခန်းထဲက ထွက်ထွက်ချင်း နုနုဆီ သားလေးကို ခေါ်လာပေးပါနော်။ နုနုတွေ့ချင်လို့။
နုနုလေ တစ်နေ့လုံးတစ်ညလုံး ပရိတ်တွေရွတ်ထားတယ်။ သားလေးကို ချောချော မောမော မွေးနိုင်အောင်...
သားလေး အန္တရာယ်ကင်းအောင်ပေါ့... သိလား။ သားလေးက ဘယ်လို ပုံလေးများ ဖြစ်နေမလဲ... နုနုမြင်ချင်လှပြီ"နှင့်
တတွတ်တွတ်ပြောနေသောနုနုကို အားလုံးက ဂရုဏာ သက်စွာ ကြည့်လျက်...။ နွယ်သွေးကတော့
"နုနုသားလေးက နုနုနဲ့တူမှာပေါ့ ညီမလေးရ၊ နုနုလိုပဲ ချစ်စရာကောင်းမှာသေချာတယ်။
သိလားညီမလေး"ဟုသာ ဆိုဖြစ်သည်။ အားလုံးရင်ထဲမှာ တော့ ကြယ်စင့်မှာ HIV ပိုးရှိမနေပါစေနှင့်ဟု...။
နွယ်သွေးတို့ ဆုတောင်းပြည့်နိုင်ပါမည်လား...?????

 

ကြယ်စင်တစ်ယောက် လောကထဲ ရောက်လာခဲ့ပြီ။ ၈ ပေါင်ခွဲတောင်ရှိသည်မို့
ဖြူဖွေးနီထွေးကာ တုတ်တုတ်ခဲခဲလေးနှင့် ချစ်စဖွယ်အလွန်ကောင်းသည်။ ဘာမှ မသိနားမလည်စွာ
ဖြူစင်ခြင်းအတိပြီး တဲ့ မျက်လုံးဝိုင်းကလေးများ၊ နုနုလို နှာတံပေါ်ပေါ်၊ မျက်ခုံးထူထူလေးများနှင့်
ဆံပင်ကလေးများက မည်းနက် ထူပိန်းနေပြန်သေးသည်။ ကြယ်စင့်ကို ထွေးပိုက်ထားရင်း နွယ်သွေးပါးပြင်မှာ
ပူနွေးစိုစွတ် လျက်။ "သားလေးရယ်။ အပြစ်ကင်းစင်လိုက်တဲ့ ကလေးရယ်။ ဘာကြောင့်များ
ကံကြမ္မာက ဒီလို ကလေးလေးကိုတောင် မျက်နှာသာမပေးခဲ့တာလဲကွာ။ နုနုတစ်ယောက်ဆို တော်ရောပေါ့။
ခုတော့ ကြယ်စင့်မှာပါ HIV ပိုးရှိနေသည်တဲ့လေ..."။ မျက်ရည်များ စိုရွှဲနေသော နွယ်သွေးကို
ကြယ်စင်က မျက်လုံးဝိုင်းကလေးများနှင့် ပြူးကြည့်ကာ ခဏနေတော့ အိပ်ပျော်သွားရှာသည်။
Health Team အဖွဲ့သားတွေနှင့် ဆေးရုံမှ ဆရာဝန်၊ ဆရာမများလည်း စိတ်မကောင်းရုံအပြင် ဘာတတ်နိုင်မှာတဲ့လဲ။

 

နွယ်သွေးတို့ ကြယ်စင်လေးကို နုနုဆီသို့ခေါ်သွားတော့ ခွဲခန်းထဲက
ထွက်ခါစမို့ နွမ်းလျနေသည့် မျက်နှာလေးနှင့် နုနု...။ "သနားစရာကောင်းလိုက်တာ နုနုရယ်။
နောက်ဆုံးမျှော်လင့်ချက် ကြယ်စင့်မှာ HIV ပိုးရှိနေပါသည်"ဟု နုနုကို ဘယ်လိုအင်အားနှင့်
နွယ်သွေးအသိပေးရပါ့။ နုနုနှုတ်ခမ်းစွန်းလေးများ တုန်ရီကာ တစ်ချက်ကွေးညွတ်သွားသည်။ နုနု
ပြုံးသည်လား။ ဟုတ်ပါသည်။ နုနု လောကကို နာကျည်းစွာ မထီမဲ့မြင်တစ်ချက်ပြုံးလိုက်သည်။
ခဏနေတော့မှ "မမတို့... နုနုတို့ သားအမိအတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ သားလေးမှာ
HIV ပိုးရှိနေမယ်ဆိုတာ နုနုကြိုသိပြီးသားပါ"ဟု ဆိုလာသည်။ ဒီလိုဆိုလာတဲ့ နုနုအသံလေးက
တိုးတိမ်နေပေမယ့် လောကဓံကို အံတုမည့် ကျားသစ်နာမလေး၏ မာန်ဖီသံလေးအလား...။ နုနုမျက်ဝန်းအိမ်မှ
မျက်ရည်တစ်စက် ကြွေခဲ့သည်။ ကိုမျိုးသန့်က ဆရာဝန် ပီပီ "နုနု... ဒါက အစ်ကိုတို့
ကြိုမျှော်လင့်ထားတာပဲလေ။ နုနုက စိတ်ဓာတ်ခိုင်မာပါတယ်။ HIV ပိုးတွေ့တိုင်း ချက်ချင်း
အသက်ဆုံးရှုံးကြတာမှ မဟုတ်တာ။ နုနုတို့လည်း ခုဆေးသောက်ရင်း ထိန်းထားပြီး ဆက်ရှင်သန်နေနိုင်တာပဲလေ။
ဒီ HIV ပိုးကို အမြစ်ကနေလှန်ပြီး လုံးဝပျောက်ကင်း နိုင်တဲ့ ဆေးတွေပေါ်လာတဲ့ နေ့အထိ နုနုရော...
ကြယ်စင်...ပါ အသက်ဆက်ရှင်သွားရမယ်။ ဟုတ်ပြီလား ညီမလေး"ဟု ဆိုလာသည်။

 

ကြယ်စင့်ကို နုနုဘေးတွင်ချပေးလိုက်ရင်း နွယ်သွေးတစ်ယောက်
နုနုလက်ကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ "နုနု... ညီမလေးသိပ်မျှော်လင့်တဲ့
ကြယ်စင်လေး... ခု နုနုအနားမှာ ရှိနေပြီလေ။ ဘာလိုသေးလို့လဲ ညီမလေးရယ်"ဟုဆိုတော့
နုနုထံမှ ခွန်အားအပြည့်ပါသည့် အပြုံးလေးတစ်ပွင့် လင်းလက်သွားခဲ့သည်။ ကြယ်စင်ကတော့ အားလုံးရဲ့
ခံစားချက်တွေကို မသိကျိုးနွံပြုကာ သူ့အမည် လေးနှင့်လိုက်အောင်ပင် အပြစ်ကင်းစင်စွာ အိပ်မောကျလျက်။

 

နွယ်သွေးရင်ထဲမှာ ကြယ်စင်အတွက် ကဗျာတစ်ပုဒ်မွေးဖွားခဲ့သည်။
ဒီနေ့ ကဗျာရွတ်ပွဲလေးရဲ့ အဖွင့်ကဗျာလေးအဖြစ် ရင်ထဲမှာ မွေးဖွားရင်း HIV ရောဂါပိုး ကူးစက်ခံနေရသူ
အားလုံးအတွက် တတ်စွမ်းသမျှကူညီစောင့်ရှောက်ပေးဖို့ ယုံကြည်ချက်၊ ခွန်အားများဖြင့်
"အလင်းအိမ် Cafe" ကဗျာရွတ်ပွဲလေးဆီသို့ ခရီးနှင်လာခဲ့သည်။ ဒီကမ္ဘာကြီးမှာ
နုနုလို၊ ကြယ်စင်လို အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်နေရသူတွေ သန်းနှင့်ချီကာ ရှိနေပါသည်။
အဲဒီထဲမှာမှ လူ့အသိုင်းအဝိုင်းက ပစ်ပယ်ခံထားရပြီး ဘဝဆုံးပါးသွားသူတွေ၊ လောကကို လက်မြှောက်အရှုံးပေး
ထွက်ခွာသွားသူတွေ ဒုနဲ့ဒေး...။ မေတ္တာတရား ငတ်မွတ်ကာ ယုံကြည်ချက်ပျောက်ဆုံးနေသော
HIV ပိုးကူးစက်ခံနေရသူတွေ၊ AIDS ရောဂါခံစားနေရသူတွေထဲက လက်တစ်ဆုပ်စာသောသူတွေအတွက်သာ
နွယ်သွေးတို့ "အလင်းအိမ်" ဂေဟာလေးက နွေးထွေးမှု အလင်းရောင်ကို ပေးနိုင်ခြင်းငှာ
စွမ်းပါသည်။ ဒီလိုလူတွေအတွက် "အလင်းအိမ်"တွေ အများကြီး လိုအပ်နေပါသေးသည်။
ဖယောင်းတိုင်တစ်တိုင်ဖြင့် တစ်လောကလုံး မထွန်းလင်းနိုင်သလို အလင်းအိမ် တစ်ခုဖြင့်လည်း
လူသားအားလုံးကို အလင်းရောင်ပေးနိုင်ခြင်းငှာ မစွမ်းသာ...။ မည်သို့ပင်ဆိုစေကာမူ
"အလင်းအိမ်" ဂေဟာလေးကတော့ အပယ်ခံဘဝကို ခါးသီးစွာ ဖြတ်သန်းနေသူ လူသားတွေအတွက်
အစွမ်းရှိသမျှ အလင်းကိုပေးရင်း ဆက်လက်ရှင်သန် လင်းလက် နေဦးမည်မှာ မုချမလွဲပင် ဖြစ်ပါတော့သည်။

 

ကြယ်စင်မွေးဖွားခြင်း...။

 

မိတ်ဆွေ...

HIV Virus ပိုးက

ဘဝတွေကို ဖြိုမတဲ့ ...

ရင်နာစရာတွေကြုံခဲ့

မျက်ရည်တွေ

စိုခဲ့ကြပြီ ...

ဒီအဖြစ်တွေကိုအန်တုဖို့

ကမ္ဘာမြေတွင်

ကြယ်တစ်စင်းလင်းလက်ခဲ့ပြီ ...

ယုံကြည်ထား "ကြယ်စင်"

တို့ဘဝတွေမှာ

မှိတ်တုတ်မှိတ်တုတ်လင်းခွင့်ပဲ ရရင်တောင်

လောကအတွက်

တောက်ပနေရမယ် ...

တစ်လောကလုံး

မထွန်းလင်းနိုင်ရင်တောင်

လက်တစ်ကမ်းမှာ

လင်းလက်စေရမယ် ...

အလင်းအိမ် အတွက်

အလင်းအိမ်ထဲမှာ နေထိုင်သူတွေအတွက်

အလင်းအိမ်ကို လိုအပ်နေသူတိုင်းအတွက်

HIV ပိုးကို လက်ခံထားရသူတွေအတွက်

အပယ်ခံ ဘဝတွေအတွက်

အမှောင်ကိုခွင်း

အသိဥာဏ်ကို လင်းစေရမယ် ...

ကြယ်စင် ...

ကြယ်တံခွန်ထက်ပြင်းတဲ့

ယုံကြည်ချက်နဲ့

ဆက်လက်ရှင်သန်ကြဦးစို့ ...

ကြွေသူတွေ ကြွေလို့

ဝေသူတွေ ဝေခဲ့ကြပြီ ...

အနာဂတ်လူသားတွေအတွက်

ဒီကပ်ဆိုးကို ကျော်လွန်ဖို့

ကြယ်စင်တွေ အကြိမ်ကြိမ်ကြွေပေးခဲ့ပြီ ...

အနာဂတ်တွေဆီ မျှော်ကြည့်လို့

လူသားတွေအတွက်

အချိန်မတိုင်ခင်မကြွေရေး

အားတင်းကာ ထွန်းလင်းပေါ့ကြယ်စင်...။

 

(ဒီအတွေးလေးကို ရေးမယ်ရေးမယ်နဲ့ ခုမှပဲ ရေးဖြစ်ပါသည်။ ကလေးဘဝထဲက
ဒီလို ပရဟိတ ဂေဟာလေးလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးပါသည်။ စိတ်ကူးသက်သက်သာ ရှိပါသေးသည်။
အမှန်တကယ် အကောင်အထည် ဖော်နိုင်မည်လား။ မသေချာသေးပါ။ တတ်စွမ်းသမျှတော့ ကြိုးစားကြည့်ဖို့
တွေးထားပါသည်။ ဒီဝတ္ထုလေးက စာဖတ်သူတို့ကို အတွေးတစ်ချို့ပေးနိုင်စေရန် ရည်သန်လျက်...။)

 

လေးစားစွာဖြင့်...

သင်၏

အိပ်မက်ငယ်

 

အိမ်မက်ငယ်...ဥယျဉ်
- ရင်၌ဖြစ်သည်...။

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top