25
Apr

လိင်အင်္ဂါဆိုင်ရာ ရေယုံရောဂါ

လိင်အင်္ဂါ ရေယုံရောဂါ ဘယ်လို ကူးစက်နိုင်ပါလဲ။ ဘယ်လို ဆိုးကျိုးတွေ
ဖြစ်စေပါလဲ။ ဘာတွေ သိထားဖို့၊ လုပ်ဖို့လိုပါလဲ။

 

လိင်အင်္ဂါ ရေယုံရောဂါရှိသူ အများစုက ဒီရောဂါ သူတို့မှာရှိနေတာကိုတောင်
မသိကြပါဘူး။ ပြီးတော့ ဒီရောဂါရှိ ထားတယ်လို့ သိထားပြီးသူ အတော်များများကြပြန်တော့လဲ
လိင်အင်္ဂါမှာ အနာဖြစ်မှသာ သူတို့ရဲ့  လိင်ဆက်ဆံ ဖက် တွေကို ကူးနိုင်တယ်လို့ မှားယွင်းစွာ
ယူဆထားကြပါတယ်။

 

လေ့လာမှု့အသစ်တခုထဲမှာတော့ ဒီဗိုင်းရပ်(စ်)ပိုး ကူးစက်တာဟာ
အခုလို ထင်မြင်ယူဆ ထားကြတာ ထက် အများကြီး ပိုလွယ်တယ်လို့ တွေ့ရှိထားပါတယ်။ ဒါကြောင့်မို့
လိင်ဆက်ဆံမှု့များတဲ့ သူတွေအနေ နဲ့ ဒီလိင်အင်္ဂါ ရေယုံရောဂါ ရှိမရှိကို စစ်ဆေးသင့်တယ်လို့
ဒီတွေ့ရှိချက်ကပဲ အကြံပြုထားပါတယ်။

 

ဒီရောဂါကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ဆိုးဝါးတဲ့
နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်စေနိုင်တာအပြင်၊ AIDS ရောဂါကို ဖြစ်စေတဲ့ HIV ဗိုင်းရပ်(စ်)ပိုး
ကူးစက်ခံရဖို့လည်း ပိုများသွား ပါတယ်။

 

ဒီအကြောင်းတွေကို VOA သတင်းထောက် ကယ်ရို ပီယာစန် (Carol
Pearson)က ပေးပို့ထားတာနဲ့ ဒီအကြောင်း အတွေ့အကြုံရှိထားတဲ့ မြန်မာဆရာဝန် ဒေါက်တာမြင့်ဦး
ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

 

“ဟုတ်ကဲ့ပါ အမေရိကန် ဆယ်ကျော်သက်ရွယ်
၉၀% ဟာ အထက်တန်းကျောင်း အောင်ပြီးတဲ့အခါမှာလိင်ဆက်ဆံမှု ကတဆင့် ကူးစက်တဲ့ ရောဂါတွေအကြောင်း အတန်းတွေ
တက်ပြီးကြပါပြီ။ ဒါတောင်မှ ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား ဆယ်ကျော်သက်ရွယ်တွေဟာ အခြားအရွယ်တွေထက်
လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါတွေ ပိုဖြစ်ကြ တယ်လို့ အမေရိကန်နိုင်ငံရောဂါ ထိန်းချုပ်ရေးအဖွဲ့ကြီးက
ဆိုပါတယ်။

 

ဒီရောဂါတွေထဲက မကြာခဏဆိုသလို ဆရာဝန်တွေမသိလိုက်ရတဲ့ ရောဂါတခုကတော့
လိင်အင်္ဂါ ရေယုံရောဂါပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီရောဂါကူးစက်ခံထားခဲ့ရသူအများစုဟာ သူတို့မှာ
ဒီရောဂါ ရှိနေတာကို သိခဲ့ကြတာ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ စီအယ်ဆယ်ပြည်နယ် ဝါရှင်တန်တက္ကသိုလ်
ဆရာဝန်တွေဖြစ်ကြတဲ့ ဒေါက်တာ အန်တာဝေါလ် နဲ့ ဒေါက်တာ ခရစ္စတင်းဂျွန်စတန်တို့ကတော့ လူပေါင်း
၅၀၀ ကိုလေ့လာခဲ့ကြပါတယ်။ အဲဒီထဲက တချို့မှာ ဒီလိင်အင်္ဂါရေယုံရောဂါ ရှိထားပြီးသားပါ။
ကျန်တဲ့သူတွေမှာတော့ ဘယ်တုန်းကမှ ဒီလိင်အင်္ဂါရေယုံရောဂါ လက္ခဏာတွေ မဖြစ်ခဲ့ကြပေမဲ့ ဒီရောဂါကို
ခုခံတွန်းလှန်တဲ့ ဓါတ်ပစ္စည်းတွေ ရှိနေခဲ့ပါတယ်။

 

ဒီရောဂါကို ခုခံတွန်းလှန်တဲ့ ဓါတ်ပစ္စည်းတွေကို ဟပီးဆင်းပလပ်ဗိုင်းရပ်(စ်)တူး
Herpes simplex Virus -2 အတိုကောက် HSV-2 လို့ခေါ်ပြီး မြန်မာလို အရှည်ကောက်ကတော့ လိင်အင်္ဂါရေယုံရောဂါ
အမျိုးအစား နံပါတ် (၂) လို့ ခေါ်နိုင်ပါတယ်။

 

ဒေါက်တာ အန်တာဝေါလ်က

ဒီဟာက HSV-2 ပိုး ရှိနေပြီးတော့ လိင်အင်္ဂါရေယုံရောဂါ လက္ခဏာသမိုင်း
မရှိခဲ့တဲ့သူတွေကို အချိန်ယူပြီးတော့ ပထမဆုံး လေ့လာခဲ့တာဖြစ်ပါတယ်။ ဒိမတိုင်ခင်တုန်းကတော့
ဒီဗိုင်းရပ်(စ်)ပိုးဟာ ဒီလိုရောဂါပိုး ရှိနေသူတွေရဲ့ လိင်လမ်းကြောင်းမှာ ဘယ်လောက်မကြာခဏ
ကူးစက်စေလောက် အောင်လို့ အားကောင်းနေလေ့ ရှိတယ်ဆိုတာကို မသိခဲ့ကြပါဘူး။

 

ဒီသုတေသီအဖွဲ့အနေနဲ့ စေတနာအရ အစမ်းသပ်ခံတဲ့ လူနာတွေရဲ့ လိင်အင်္ဂါတဝိုက်မှာ
သုတ်ထားတဲ့ ဂွမ်းစတွေကို ရက်ပေါင်း (၃၀) ယူပြီးလေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ကတော့ ဒီဗိုင်းရပ်(စ်)ပိုးတွေ
အနေနဲ့ ဘယ်လောက်မကြာခဏ ကူးစက်နိုင်လောက်အောင် အားကောင်းနေသလဲဆိုတာ သိရဖို့ပါ။

 

ဒေါက်တာ ခရစ္စတင်းဂျွန်စတန်ကလဲ

 

လိင်အင်္ဂါရေယုံရောဂါ ရှိသူတွေ အတော်များများကတော့ သူတို့မှာ
ရောဂါလက္ခဏာ အနာတွေ ဖြစ်လာတဲ့ အချိန်ကြမှပဲ သူတို့မှာရှိနေတဲ့ ဒီဗိုင်းရပ်(စ်)ပိုးက
တခြားလူတွေကို ကူးစက်နိုင်တယ်လို့ ယူစထားကြတာလေ။

 

ဒီသုတေသီတွေ တွေ့ရှိခဲ့ရတာကတော့ စမ်းသပ်ခဲ့တဲ့ လူနှစ်မျိုးမှာ
မတူညီတဲ့ရလဒ်တွေ ထွက်လာတာပါ။ ဒီလိင်အင်္ဂါရေယုံရောဂါကို ခုခံတွန်းလှန်တဲ့ ဓါတ်ပစ္စည်းတွေ
ခန္ဓာကိုယ်ထဲမှာ ရှိနေပေမဲ့ ဘယ်တုန်းကမှ ဒီရောဂါလက္ခဏာတွေ မဖြစ်ခဲ့ကြဘူးတဲ့လူတွေမှာတော့
ဒီဗိုင်းရပ်(စ်) ပိုးတွေဟာ အမြဲတမ်းမဟုတ်ပေမဲ့ အချိန်အားလုံးရဲ့ (၁၀)% မှာတော့ ကူးစက်နိုင်လောက်အောင်
အားကောင်းတာကို တွေ့ရပါတယ်။ ဒေါက်တာ ခရစ္စတင်းဂျွန်စတန်ကပဲ

 

“လိင်င်္ဂါဆိုင်ရာ ဒီ HSV-2  ပိုးရှိပြီးတော့ ရောဂါလက္ခဏာ ရာဇဝင်မရှိသေးတဲ့သူတွေတောင်မှ
သူတို့နဲ့ လိင်ဆက်ဆံဘက်တွေကို ဒီဗိုင်းရပ်(စ်)ပိုး ကူးစက်သွားစေနိုင်ပါတယ်။ ”

 

အခုလိုတွေ့ရှိချက် အသစ်တွေ ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြည့်သူ့
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။
ဒီရောဂါရှိထားတဲ့ ကိုယ်ဝင်ဆောင် မိခင်တွေကြောင့် မွေးဖွားလာစဉ်မှာ ထွက်လာတဲ့ ဒီ သန္ဓေသားကို
ရောဂါကူးစက် စေပြီး ဆိုးဆိုးဝါးဝါး နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်(စ်)ပိုး
ကူးစက်ခံရတဲ့ မွေးကင်းစ ကလေးမှာဆိုရင် မျက်စိကန်းသွားတာ ဖြစ်စေ နိုင်ပါတယ်။ ဒါအပြင်
ကလေးရဲ့ ဦးနှောက်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ကလေးရဲ့ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ပြီး
တက်တာ၊ ဦးနှောက် အမှေးရောင်တာ နဲ့ သေတာတောင် ဖြစ်စေနိုင်ပါတယ်။ ကံမကောင်းစွာပဲ ဒီရောဂါအတွက်
ပျောက်အောင်ကုသနိုင်တဲ့ဆေးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဆေးသောက်ပြီး ရောဂါလက္ခဏာတွေ
မပြင်း ထန်အောင် အခြားလူတွေကို ကူးဖို့မလွယ်ကူအောင်တော့ ထိန်းထားလို့ရပါတယ်။

 

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ကမ္ဘာပေါ်မှာ လူပေါင်း
၂၁ သန်းဟာ ဒီ လိင်အင်္ဂါရေယုံ ရောဂါ ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒီရောဂါရှိနေတာကြောင့်
HIV ပိုးရှိနေတဲ့ လိင်ဆက်ဆံမှု ကနေ AIDS ရောဂါရဖို့ ပိုဖြစ်စေနိုင်တယ်လို့ WHO ဆိုပါတယ်။

 

ဒေါက်တာ အန်တာဝေါလ် ကလည်း မကြာသေးခင်က ဝါရှင်တန်မှာလုပ်ခဲ့တဲ့
ကျန်းမာရေးဆွေးနွေးပွဲ တခုထဲမှာ

“ HSV-2 ပိုး ကူးစက်ပြန့်နှံ့နေတဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်း
အာဖရိကဒေသမျိုးတွေမှာဆိုရင် ဒီ HSV-2 ပိုးဟာ HIV/ AIDS ရောဂါပိုး ပြန့်နှံ့ ကူးစက်စေတဲ့
အဓိကအကြောင်းရင်း တခုဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်တွေ အများကြီးရှိထားပြီးပါပြီ။

 

ဒေါက်တာဝေါလ်ကပဲ “ဆရာဝန်တွေအနေနဲ့ သူတို့ရဲ့ လူနာတွေကို
တကယ်လို့ သူတို့မှာ ဒီလိင်အင်္ဂါ ရေယုံရောဂါ ဗိုင်းရပ်(စ်)ပိုး ရှိနေတာကို သိနေတယ်ဆိုရင်
သူတို့ရဲ့ လိင်ဆက်ဆံဘက်တွေကို ဖွင့်ပြောပြဖို့ တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။်

 

သူမကပဲ နောက်ပိုင်း ဒီကူးစက်မှုအသစ်တွေ တော်တော်များများဟာ
ဒီလိင်အင်္ဂါရေယုံရောဂါကို တွန်းလှန်တဲ့ ဓါတ်ပစ္စည်းတွေရှိနေပြီး ဘယ်တုန်းကမှ ဒီလိင်အင်္ဂါရေယုံ
ရောဂါလက္ခဏာ မဖြစ်ခဲ့ဖူးကြ တဲ့ သူတွေကတဆင့် ကူးစက်တာလို့ ဆိုပါတယ်။ ဒါအပြင် ကမ္ဘာပေါ်က
ဆရာဝန်တွေအနေနဲ့ လူနာတွေကို Condom လို့ခေါ်တဲ့ လိင်တံအစွပ်သုံးဖို့ တိုက်တွန်းပြီးတော့
လိင်ဆက်ဆံမှုများတဲ့ သူတွေအတွက်တော့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့ အားပေးစွဲဆောင်ဖို့
လိုတယ်လို့ သူမက ဆက်ပြီး ပြောပါတယ်။

 

မေး  ။ အဲဒီတော့ မြန်မာနိုင်ငံထဲမှာရော ဒီရောဂါဖြစ်မှု
အလားအလာ ဘယ်လောက်ရှိနေလဲဆိုတာနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်တယ် ဆိုတာကို
နိုင်ငံထဲမှာ နှစ် (၃၀) ကျော်ကြာ ဆေးခန်း ဖွင့်ပြီး ဒီရေယုံရောဂါအပါအဝင် လိင်ဆက်ဆံမှုကနေတဆင့်
ကူးစက်တဲ့ရောဂါတွေကို ကုသပေးခဲ့ဖူးတဲ့ ဒေါက်တာမြင့်ဦး ကိုမေးကြည့်ရာမှာတော့

 

ဖြေ   ။“ ဒီလိင်အင်္ဂါရေယုံကလဲ ဂနိုတွေများသလောက်ကို များတာပဲဗျ။
ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် သူတို့က ဒီရေယှုံဟာ သာမန်အားဖြင့် ဒီပါးစပ်မှာ၊ နှုတ်ခမ်းမှာ
ပေါက်တယ်လို့ ယူစကြတာကိုး”

 

မေး  ။ ဟုတ်ကဲ့ဆရာ ဒီလိင်အင်္ဂါတဝိုက်မှာဖြစ်တဲ့ ဒီအနာရဲ့
ပုံစံ ဒီရောဂါလက္ခဏာက ဘယ်လိုမျိုး သတ်သတ်မှတ်မှတ် ရှိလည်းမသိဘူး

 

ဖြေ   ။ ပထမဦးဆုံး သတိထားမိတာက အရေကြည့်ဖုလေးတွေပေါ့ဗျာ
လိင်အင်္ဂါတဝိုက်မှာ အရေကြည်ဖုလေးတွေ စတွေ့မယ် သေးသေးပေါ့ ဆိုတာက သူရဲ့ အရွယ်အစားက နှမ်းစိလေး
တစိလောက်ကနေ မီးခြစ်ဆံခေါင်း ထိပ်ဖျားလောက်ထိ ရှိနိုင်တာပေါ့လေ။ အဲဒီလို အရွယ်အစားလေး
တွေ တလုံး၊ နှစ်လုံး၊ သုံးလုံးထိ ရှိလာမယ် ဒါလေး သုံး၊ လေးရက်လောက်ဖြစ်ပြီးတဲ့ အခါကြတော့
ပေါက်သွားလို့ရှိရင် သူက နာချင်လာတယ်။ သာမန်အားဖြင့်တော့ အဲဒီ အရေကြည်တွေက ထိသမျှကို
ကူးတော့တာပဲ။ လိင်ဆက်ဆံလို့ပဲ ဖြစ်ဖြစ် ထိတွေ့ကိုင်တွယ်လို့ပဲဖြစ်ဖြစ်။ အဲဒီတော့ လိင်အင်္ဂါရေယုံ
တခါပေါက်ပြီးတဲ့ လူဟာ ကိုယ်ခန္ဓာထဲမှာ အခုကျွန်တော်တို့ ဆေးကုသလို့ ပျောက်သွားပေမဲ့
ဒီပိုးဟာ ကိုယ်ခန္ဓာထဲမှာ တသက်လုံးရှိတော့မှာ ။ မပျောက်သွားဘူး၊ကုန်အောင်လုံးလုံး လုပ်လို့ မရဘူး။
နောက်တချိန်မှာ နောင် တနှစ်တန်သည်၊ နှစ် နှစ်တန်သည် ပြန်ပြန်ပြီး
သူဟာသူ ဘယ်သူနဲ့မှ မဆက်ဆံပဲနဲ့ ပြန်ပေါ်လာတတ်တယ်။

 

မေး  ။ ဟုတ်ကဲ့ဆရာရေ အဲဒီအခါကြတော့ သူကတော့ ကုသလို့တော့မရဘူးပေါ့နော်၊
ဒီဆေးသောက်လိုက်လို့ ရှိရင်တော့ အလားအလာတော့ နည်းသွားတယ်ပေါ့နော်။ အနာတွေ ခြောက် သွားလို့
ရှိရင်ပေါ့နော်

 

ဖြေ   ။ မှန်ပါတယ် အခုဟာက ကျွန်တော်တို့ ကာကွယ်ဆေးလဲမရှိသေးဘူး။ဒါက
လိင်အင်္ဂါရေယုံ တခါဖြစ်ပြီးရင် ကိုယ့်ကိုကိုယ် ဆင်ခြင်ယုံပဲ ကျန်တော့တာပေါ့။

 

မေး  ။ ဟုတ်ကဲ့ အဲဒီတော့ ကူးတော့ ကူးနိုင်သေးတယ်ဆိုတော့
လိင်ဆက်ဆံတာကို သူအနေနဲ့ ဘယ်လို လုပ်သင့်လည်း ဆရာရေ

 

ဖြေ   ။ အကောင်းဆုံးကတော့ မိမိရဲ့ တကိုယ်ရည် သန့်ရှင်းရေးပေါ့ဗျာ။
အမြဲတမ်း ကိုယ့်ခန္ဓာမှာ ဆပ်ပြာနဲ့ ရေနဲ့ လက်ကိုခဏခဏ ဆေးကြောနေရင် သာမန် ဗိုင်းရပ်(စ်)လည်း
ဝင်မလာဘူး။ ရှိပြီးသား လူကနေပြီးတော့ နောက်တဦးကို ကိုယ့်ရဲ့ ဇနီးမယားမှတပါး တခြားလူးကိုသွားဆက်ဆံရင်
နောက်လူကို ကူးနိုင်တယ်။ အကောင်းဆုံး ကတော့ ဒီလိင်မှုကို ဆင်ခြင်ဖို့ပဲ
အရေးကြီးပါတယ်။

 

မေး  ။ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

 

ကိုဝင်းမင်း

 

ဗွီအိုအေ
- လိင်အင်္ဂါဆိုင်ရာ ရေယုံရောဂါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top