17
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၇၊ ၈၊ ၉)

မေး။ ။ အေအိုင်ဒီအက်စ် ရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လွယ်ကူပေမယ့်လည်း ဘာကြောင့် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေကြတာပါလဲ။

ဖြေ။ ။ ရောဂါ ကူးစက်လွယ်တဲ့ အပြုအမှုတွေဟာ ဆွဲဆောင်မှုရှိတဲ့၊ စိတ်လှုပ်ရှားစေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြုအမှုတွေကို အမြဲရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက် မှန်မှန်မချနိုင်ရင်၊ စိတ်ဓာတ်ခိုင်မာမှု မရှိရင် အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ကုန်ကြတာပါပဲ။ ရောဂါပိုး ကူးနိုင်တဲ့ နည်းလမ်းတွေ၊ ရောဂါအကြောင်းတွေကို သိရုံနဲ့ မကာကွယ်နိုင်ပါဘူး။ ဒီရောဂါဟာ ကိုယ်နဲ့လည်း ဆိုင်တယ်ဆိုတာ လက်ခံယုံကြည်ရမယ်။ လက်ခံယုံကြည်တဲ့ အတိုင်း ကာကွယ်ဖို့ ဝီရိယလည်း ရှိရမယ်။ ကာကွယ်ဖို့ နည်းလမ်းတွေကိုလည်း မှန်မှန် ကန်ကန် နားလည် သေဘာပေါက်ဖို့ လိုပါတယ်။

မေး။ ။ ဒီရောဂါ အကြောင်း ဘယ်သူတွေ သိထားသင့်ပါသလဲ။

ဖြေ။ ။ လူတန်းစား မရွေး ဖြစ်နိုင်တာမို့ လူတိုင်း သိထားသင့်ပါတယ်။ အေအိုင်ဒီအက်စ် ပျံ့ပွားမှုဟာ လူတစ်ယောက်စီ၊ တစ်ယောက်စီရဲ့ အပြုအမှု၊ စည်းကမ်းရှိမှု၊ စည်းစောင့်မှု၊ သစ္စာရှိမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ တစ်ချို့ဆိုရင် ကိုယ့်မှာ ရောဂါပိုး ရှိတယ်ဆိုတာကို ကိုယ်တိုင်မသိဘူး။ ကိုယ့်ဆီက ဘယ်သူတွေ ကူးသွားပြီဆိုတာလည်း မသိဘူး။ ဒါကြောင့် လူတိုင်း လူတိုင်းဟာ ဘာကို လုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူး၊ ဘာတွေ ရှောင်ရမယ်ဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။

မေး။ ။ ပြည့်တန်ဆာတွေဆီက မကူးအောင် ရောဂါပိုး ရှိတဲ့ ပြည့်တန်ဆာတွေကို သီးခြားထားလိုက်ရင် မကောင်းဘူးလား။

ဖြေ။ ။ ပြည့်တန်ဆာတွေ အားလုံးကို ရှာဖွေဖော်ထုတ်ဖို့ ခက်ပါတယ်။ အဓိကရောဂါ ဖြန့်နေတဲ့သူတွေ အထဲမှာ ပြည့်တန်ဆာတွေနဲ့ ဆက်ဆံတဲ့ အမျိုးသားတွေ ပါပါတယ်။ သူတို့ကိုကော ဘယ်လို ရှာဖွေဖော်ထုတ်မလဲ။ ပြည့်တန်ဆာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လိင်အဖော်များတယ်၊ အပျော်အဖော်ပဲ ထားတယ်ဆိုတဲ့ လူတွေကိုလည်း ချန်ထားလို့ မရပါဘူး။ ဒါကြောင့် ပြည့်တန်ဆာတွေကိုပဲ သီးခြားထားလို့ ရောဂါမကာကွယ်နိုင်ပါဘူး။ တကယ်တော့ ရောဂါပိုး ရှိတဲ့သူတွေကို ရှာဖွေဖော်ထုတ်ဖို့ မလိုပါဘူး။ အကျိုးလည်း မရှိပါဘူး။ ရောဂါရတယ်ဆိုတာ ဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူး။ ကိုယ့်ကြောင့်ပါပဲ။ ကိုယ်ကရောဂါ ရနိုင်တဲ့ အပြုအမူတွေလုပ်ရင်၊ ဒါမှ မဟုတ် ကြုံရရင် ရောဂါရမှာပါပဲ။ ရောဂါ မရအောင် လူတိုင်း ဆင်ခြင်စောင့် ထိန်းပြီး နေထိုင်ဖို့သာ အရေးကြီးပါတယ်။ ရောဂါကာကွယ်တဲ့ နည်းလမ်းတွေကို လူတိုင်း မှန်မှန် ကန်ကန်နားလည် သဘောပေါက်ထားဖို့သာ အရေးကြီးပါတယ်။

ရွှေအိမ်စည် - သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၇၊ ၈၊ ၉)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top