25
May

သူ့ကို ဘယ်လိုပြောရပါ့

(PLHA – People living with HIV/ AIDS)


(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး
ခံစားချက်များ)

အစ်ကိုဆေးရုံတက်တော့ AIDS လို့ သိရတယ်၊
အဲဒီတုန်းက ၂၀၀၆ ခုနှစ်။  ဆရာဝန်ကြီးက ကျွန်မတို့သားအမိ သုံးယောက်ကိုလည်း သွေးစစ်ပေးတယ်၊ ကျွန်မမှာလဲ HIV ပိုးရှိတယ်လို့သိလိုက်ရတယ်၊
အရမ်းကို ၀မ်းနည်းသွားတယ်၊ ရှက်လည်း ရှက်တယ်၊ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး၊ နောက်မကြာဘူး၊
အစ်ကိုဆုံး သွားတယ် ။ အစ်ကိုနဲ့ ဂ-နှစ်ကျော်ကျော်လောက် ပေါင်းလိုက်ရတယ်။

 

အစ်ကိုက ကားသမား၊ ကျွန်မက မန္တလေးကားကြီးဝင်းထဲက
ထမင်းဆိုင်မှာ လုပ်တယ်၊ အစ်ကိုနဲ့ အိမ်ထောင်ကျတော့ ကျမ ၁၆ နှစ်တောင် မပြည့်တတ်သေးဘူး၊
အစ်ကိုနဲ့ ……မှာ လိုက်နေတယ်၊ ကျမ ဘာမှ မလုပ်ရပါဘူး၊ အစ်ကိုလုပ်စာနဲ့ အစစ အဆင်ပြေပါတယ်။

 

ဆေးရုံကြီးက သွေးစစ်ပေးပြီးကတည်းက စထရင်
(၁၅) ရက်စာပေးလိုက်တယ်။ ဆရာဝန်တွေက လည်း ပြောတယ်၊ AIDS မဟုတ်သေးဘူး၊ HIV ကူးစက်ခံရတာ၊
အရမ်းကြောက်စရာမလိုဘူးလို့ ပြောတယ်။ အဲဒီနောက် ရွာပြန်ခဲ့တယ်။

 

ရွာမှာ နောက်အိမ်ထောင်ကျတယ်၊ နောက်အိမ်ထောင်ကို
HIV ရှိတဲ့အကြောင်း၊ ကွန်ဒုံးသုံးရမယ့် အကြောင်း ပြောပြတယ်၊ သူက သိပ်နားမလည်ဘူး၊ ညရေးညတာမှာ
ခနခန စကားများရတယ်၊ ဒီလိုသာ နေရမယ်ဆိုရင် ငါနောက်တစ်ယောက် ရှာမိလိမ့်မယ်ဆိုတော့ တစ်ခါတစ်ခါ
ရန်ဖြစ်ရတာ ပေါ့လေ။ ရွာမှာ မနေတော့ဘဲ ရွှေဘိုပြောင်းလာခဲ့တယ်၊ အရင်ယောက္ခမအိမ်နားမှာ
အိမ်ငှားနေတယ်၊ နောက် ကျမ ကိုယ်ဝန် ရတယ်။ ကလေးက ဗိုက်ထဲမှာတင် သေနေလို့ ဆေးရုံတက် ခွဲရတယ်၊
အဲဒီမှာ အရပ်ထဲက ကျမ HIV ရှိတာ သိသွားတယ်။ သူ့ကို ကျမနဲ့ မပေါင်းဖို့၊ နင်ဆက်ပေါင်းရင်
နင်လဲ မြန်မြန် သေမှာတို့ ၀ိုင်းပြောကြတော့ ကျမဆေးရုံက မဆင်းခင်မှာဘဲ သူအိမ်ကထွက်သွားတယ်၊
ဖွဲကား လိုက် တဲ့ ကောင်မလေးတစ်ယောက်နဲ့ဘဲ ထွက်ပြေးသလိုလို ကြားရတယ်၊ ကျမဆေးရုံမှာ ၁၅
ရက်ကြာခဲ့ တယ်။

 

ဆေးရုံက ဆင်းဆင်းချင်း ကျမနားလို့ ဘယ်လိုမှ
မဖြစ်နိုင်တော့ အလုပ်လုပ်ရတယ်၊ အ၀တ်အငှား လျှော်တယ်၊ မကြာဘူး၊ သွေးတွေဆင်းလာလို့ ဆေးရုံထပ်
တက်ရတယ်။  ဆေးရုံမှာ ကျွန်မဘေး ဘယ်သူမှ မရှိပါဘူး၊
ယောင်းမတစ်ယောက်ဘဲ၊ ပထမ ယောက်ျားရဲ့ညီမ၊ အစ်ကိုရဲ့ညီမလေ၊ သူဘဲ တစ်ခါတစ်ရံ လာကြည့်တယ်၊
သူကလဲ ကြည့်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး၊ ဆေးရုံရောက်လာ တာကိုက ဒီအတိုင်းကြီး ဒီမှာ
သေလိမ့်မယ်ဆိုပြီး အိမ်ရှင်ကဆိုလား ဆိုက်ကားငှား တင်ပေးလိုက်လို့ ရောက်လာရတာ၊ ဆိုက်ကားက
လည်း တင်ပြီး ပြန်သွားရော၊ ယောက်မက ကျွန်မကလေးတွေကိုလဲ ထိန်းထားရသေးတယ်။

 

ဆေးရုံမှာ ဆရာဝန်ကြီးက လူကြီးတစ်ယောက်ကို
ပြောနေတယ်၊ ဒီလူနာမှာ ငွေလဲမပါဘူး၊ လူနာ စောင့်လဲ မပါဘူး၊ သွေးက ၄-ပုလင်းလောက် လိုမယ်၊
ပြီးတော့ သူ့မှာ HIV ရှိတယ်၊ ခင်ဗျားတို့ လုပ်ပေး နိုင်မလားဆိုတော့ အဲဒီလူကြီးက သူတို့အဖွဲ့က
လုပ်ပေးမဲ့အကြောင်း ပြောနေသံကြားရ တယ်၊ အဲဒီ လူကြီးဟာ ရွေခြင်္သေ့က ဦးဝင်းသူဆိုတာတော့
နောက်မှသိရတယ်။

 

ကျွန်မဆေးရုံမှာ ရက် ၂၀-လောက် ကြာခဲ့တယ်၊
ဆေးရုံကဆင်းတော့  ကျွန်မနေတဲ့ ၀င်းရဲ့ရှေ့မှာ
ကျွန်မ ပစ္စည်းတွေကို  အကုန်အပြင် ထုတ်ချထားတယ်။ သေတ္တာရယ်၊ ဖျာရယ်၊ အိုးခွက်ပန်းကန်လေးတွေ
ရယ်ပေါ့၊ ကျွန်မလဲ ဘာလုပ်ရမှန်း မသိဘူး၊ အဲဒီပစ္စည်းတွေနားမှာပဲ ထိုင်ပြီး ကလေးတွေဖက်ပြီး
ငိုနေ လိုက်တယ်။ သားမိသုံးယောက်လုံး လမ်းပေါ်မှာပဲ ထိုင်နေကြတယ်။ ဆေးရုံကဆင်းခါစ၊ ချုပ်ရိုးက
လည်း ဖြေခါစ၊ သွေးနုနုနဲ့ ခန္ဓာကိုယ်ကလည်း ပိန်တိပိန်ဖြော့နဲ့ အရိုးခြောက်လိုပဲ။ ဘယ်သူမှ
ကူညီမယ့်သူ မရှိဘူး။ လူတွေကလည်း ၀ိုင်းကြည့်နေကြတယ်။ သိသာပါတယ်၊ သူတို့ပုံစံက ရွံသလိုလို၊
ကြောက်သလိုလို၊ တခါမှဘဲ မမြင်ဘူးသလိုလို။

 

နောက်တော့ ဆေးရုံကဆင်းရင် ရွေခြင်္သေ့လာခဲ့ဘို့
ပြောထားတာကို သတိရပြီး အဲဒီကိုသွား၊ အကျိုး အကြောင်းပြောပြတော့ သူတို့က ဘယ်မှာ အသိမိတ်ဆွေရှိလဲ၊
စဉ်းစားပါအုံးဆိုတော့ မိတ်ဆွေ တစ်ယောက်ကို သွားသတိရတယ်၊ သူက …… အရပ်မှာနေတာ၊ အရင်တစ်ခေါက်
ဆေးရုံတက် တုန်းက လာမေးသေးတယ်၊ ကျမမှာ HIV ပိုးရှိတာကိုလဲ သိတယ်၊ သွားပြီး အကျိုးအကြောင်း
ပြောပြတော့ သူ့အိမ်မှာ လာနေတဲ့၊ အဆင်ပြေသွားတယ်၊ ဒါနဲ့ ရွှေခြင်္သေ့ကို ပြန်ပြောပြတော့
ဆန်ရယ်၊ ဆီရယ်၊ ပိုက်ဆံရယ် ပေးလိုက်တယ်။

 

ကျမက ပထမအိမ်ထောင်နဲ့တုန်းက ကျမတို့လဲ
အခုမိတ်ဆွေအိမ်နားမှာ နေတာ၊ အဲဒီတုန်းက ကျမတို့က တော်တော်အဆင်ပြေတယ်၊ သူတို့ကို အကူအညီအများကြီး
ပေးခဲ့ဘူးတယ်၊ ကျမအိမ်မှာ တောင် ထမင်းဟင်းတွေ ချက်ပေးတတ်သေးတယ်၊ သူ ထောင် ၆ လကျဘူးတယ်၊
ဖဲရိုက်မှုနဲ့၊ အဲဒီတုန်းကဆို ငွေကြေးအကူအညီတင် တစ်သိန်းခွဲလောက်ရှိမယ်၊ အဲဒီ ကျေးဇူးတွေကို
ထောက်တယ်လို့ ထင်တယ်၊ ဒီအခြေအနေလေးကလဲ သိပ်မကြာလိုက်ပါဘူး၊ ဘယ်သူကပြောလိုက်တယ် မသိဘူး၊
ကျမ HIV ရှိတာ ပတ်ဝန်းကျင်က သိသွားတယ်၊ ညည်းကလေးကို ကူးလိမ့်မယ်၊ သူ့ဆက်ထားရင် တစ်နေ့မဟုတ်
တစ်နေ့ကူးနိုင်တယ်နဲ့ ပြောပါများတော့ သူကနေစရာရှာဘို့ ပြောလာတယ်၊ နောက် တော့ နှင်ချတယ်ဘဲ
ထားပါတော့။

 

အဲဒီနေ့ကဆို ဘယ်သွားရမှန်း မသိတာနဲ့
ကျမတို့ သားမိသုံးယောက် မြေကြီးပေါ်မှာဘဲ ခြင်ဆေးခွေ ထွန်းပြီး အိပ်ခဲ့ရတယ်၊ ဒါနဲ့ဘဲ
ပထမယောက္ခမဆီ ပြန်ပြောင်းလာခဲ့ရတယ်၊ အဲဒီကိုရောက်တော့ မုံ့လင်မယား လုပ်ရောင်းချင်လို့
ကူညီပါအုံးဆိုတော့ ရွှေခြင်္သေ့က အရင်းအနှီးထုတ်ပေးတယ်၊ အဲဒါလဲ မကြာပါဘူး၊ ပြုတ်သွားတယ်၊
စားမယ့်သူ မရှိလို့လေ၊ ယောက္ခမကြီးက ကျမမှာ HIV/AIDS ဖြစ်နေပါတယ်ဆိုပြီး ရပ်ကွက်ထဲ
လျှောက်ပြော ထားလို့လေ၊ တချို့လဲ သိတော့သိထားပြီးသားပေါ့၊

 

နောက်တစ်ခါ ကွမ်းယာဆိုင် ထွက်မယ်ဆိုတော့လဲ
အရင်းအနှီးထုတ်ပေးကြပါသေးတယ်၊ အဲဒီမှာလဲ စားမယ့်သူမရှိ၊ တစ်နေကုန် ငုတ်တုတ်ထိုင်နေရတာ၊
မကြာဘူး၊ အရင်းပြုတ်ပြန်ရော၊ ဒါနဲ့ဘဲ အစားအသောက်နဲ့ပတ်သက်တာ ဘာမှ ရောင်းဘို့ စိတ်မကူးရဲတော့ဘူး၊
ကိုယ်လုပ်တတ်တဲ့ ထမင်းချက်လဲ ငှားမယ့်သူမရှိဘူးဆိုတော့ အ၀တ်ဘဲ အငှားလျှော်ရတော့တယ်၊
အဖွဲ့တွေက ထောက်ပံ့တာနဲ့ စားတော့ စားလောက်ပါတယ်၊ ယောက္ခမကြီးနဲ့က ဘယ်လိုမှ နေမဖြစ်တော့
ထွက်လာခဲ့ရတယ်၊ အဲဒီနားမှာ အစိုးရပိုင် ၀င်းကြီးရှိတယ်၊ အဲဒီထဲက အဆောက်အဦတစ်ခုရဲ့
အဖီမှာ နေခွင့်ရတော့ ရွေခြင်္သေ့က အမိုးလေး အကာလေး လုပ်ပေးတယ်။

 

ကျမ တတိယအိမ်ထောင်ထပ်ကျတယ်၊ သူ့မှာလဲ
မယားရှိတယ်၊ ဒါပေမယ့် သူတို့ကွဲနေကြတာ တစ်နှစ်လောက်ရှိပြီ၊ ကျမတို့ ရွာပြန်ခဲ့ကြပြန်ရော၊
အရင်ရွာက ခေါ်သွားတဲ့သူအကြောင်းတော့ အမေးခံရတာပေါ့နော်၊ ရွာနားက စက်မှုလုပ်ငန်းတစ်ခုမှာ
သူက တွင်ဆရာလုပ်တယ်၊ သူ့ကို ကျမ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်၊ သူကလဲ သိပါတယ်၊ ကျမက
စာသိပ်တတ်တာမဟုတ်တော့ အဖွဲ့တွေကပေးတဲ့ ပညာပေးစာရွက်စာတမ်းတွေဆို သူကဖတ်ပြီး ရှင်းပြတတ်ပါတယ်၊
ဆေးသောက်ဖို့ဆို သူက တောင် ပိုဂရုစိုက်သေး၊ ဆေးကတော့ စထရင်နဲ့ အားဆေးပါ၊ ပထမဆုံး စသိကထဲက
ဆေးရုံက ပေးတယ်၊ ရွေခြင်္သေ့ဆေးခန်းက ပေးတယ်၊ ကျမရွာ ပြန်မယ်ဆိုတော့ ရွှေခြင်္သေ့ကဘဲ မန္တလေး
ဆေးရုံကြီးက အဖွဲ့တွေနဲ့ ချိပ်ပေးထားတယ်၊ အဲဒီမှာ သွားယူဖြစ်တယ်၊ ဆေးကတော့ အခုထိလဲ
ပြတ်တာ တောက်တာ မရှိခဲ့ဘူး၊ အခု မန္တလေးမှာ ARV ဆေးရဖို့ တိုးထားတယ်။

 

အင်း တစ်နေ့တော့ ကံဆိုးတဲ့ တစ်နေ့ပေါ့၊
သူနဲ့ ကျောင်းသူလေးတစ်ယောက် ချိန်းတွေ့နေတာကို ကျမနဲ့ သွားတွေ့လိုက်တယ်၊ ကျမက အိမ်ရောက်တော့
အဲဒီကောင်မလေးနဲ့ ပေးစားတော့ ကျမကို အိမ်တံခါး ပိတ်ပြီး ရိုက်တော့တာဘဲ၊ သူ့ကို အရှက်ခွဲတယ်၊
ထောင်ကျအောင်လုပ်တယ်ဆိုပြီး မျက်နှာတွေ လက်သီးတွေနဲ့ထိုး၊ နောက်ရက်တွေလဲ ဒီအတိုင်းဘဲ၊
ကိုယ်ကလဲ ဒါကိုပြောဖြစ်၊ သူကလဲရိုက်၊ ကလေးတွေပါရိုက်တယ်၊ ကျမလဲ ဘယ်လိုမှ မခံနိုင်တော့ဘူး၊
ကြာရင် ကျမသေနိုင်တယ်၊ ဒါနဲ့ အရင် ယောက္ခမရှိရာကို ပြန်လာခဲ့တယ်၊ သူကတော့ ကျမရွာမှာ
ကျန်ခဲ့တယ်၊ အဲဒီကောင်မလေး အမျိုးတွေကလဲ ဒီအကြောင်းသိပြီး ကောင်မလေးကို သူ့ရွာ ပြန်ပို့လိုက်တယ်၊
သူနဲ့ ၂-နှစ်တိတိပြည့်တဲ့နေ့မှာ ပြတ်စဲခဲ့တာ၊ အရင်ကောင်လေးနဲ့တုန်းကလဲ ၂-နှစ်နီး ပါးဘဲပေါ့၊
ပြန်ရောက်တော့လဲ ထုံးစံအတိုင်း အ၀တ်လျှော်ပေါ့၊

 

ရွှေခြင်္သေ့အဖွဲ့က ဆန်ဆီအထောက်အပံ့ရနေလို့
တော်သေးတာပေါ့၊ သူတို့က တခြားအဖွဲ့တွေနဲ့လဲ ချိပ်ပေးတယ်၊ သူတို့ဆီကလဲ ဆန်ဆီရပါတယ်၊
အဲလို ရနေလို့သာပေါ့၊ နို့မို့ဆို မလွယ်ဘူး၊ တခါတလေ မှာ နေရေးထက် စားရေးက ပိုခက်နေပြန်ရော။

 

ရွှေခြင်္သေ့ကပေးတဲ့ ပညာပေးစာအုပ်တွေကို
ရပ်ကွက်ထဲနဲ့ အရင်နေခဲ့တဲ့ဝင်းထဲကို သွားပြီးတော့ ပေးတယ်။ သင်တန်းတွေတက်ပြီး သိတဲ့ဟာတွေကိုလည်း
ပြန်ပြောပြခဲ့တယ်။ အခု ကျွန်မပစ္စည်းတွေ ကို လမ်းထုတ်ပြီး နှင်ထုတ်တဲ့အိမ်ကပဲ ကျွန်မကို
ပြန်ပြီးလက်ခံတယ်။ သဘောထားတွေ ပြောင်းလာတယ်။ အသိပညာတွေ ရလာလို့လည်း ဖြစ်မှာပါ။ နောက်ပြီး
ကြားတာက သူတို့ထဲမှာလည်း အေအိုင်ဒီအက်စ်ဖြစ်တဲ့သူတွေ ရှိတယ်တဲ့၊ ကြိတ်ကုထားကြတာဆိုဘဲ၊
ဟုတ်မှာပါ၊ ကျမကိုဆို အရင်ကနဲ့ဆို ဘာမှမဆိုင်အောင်ကို ဂရုစိုက်တာ၊ ဟင်းတွေ ဘာတွေလဲ
ပေးတယ်၊ ကလေးတွေ အတွက် ဟင်းမရှိရင် လာယူလို့လဲ ပြောတယ်၊ အခုဆို အဲဒီအိမ်မှာ ကျွန်မက
ထမင်းချက်တယ်။ သူတို့ဆီကရတဲ့ ထမင်းချက်ခ၊ အ၀တ်လျှော်ခ ရတဲ့ပိုက်ဆံနဲ့ မိသားစု စားနေရတယ်။

 

အရင်က လူသိမှာ စိုးရိမ်တယ်။ အခုတော့
မစိုးရိမ်တော့ပါဘူး။ ပတ်ဝန်းကျင်ကလည်း အသိပညာတွေ ရလာလို့ အရင်ကလောက် မခွဲခြားတော့ဘူး။
ဘာကြောင့်လည်းဆိုတော့ ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာက သာမန်လူ တစ်ယောက်လို လုပ်ကိုင်စားသောက်
နေထိုင်နိုင်လို့ပါပဲ၊ ပညာပေးစာစောင်တွေက ရပ်ကွက်ထဲထိ ရောက်တယ်။ အဲဒါကြောင့်လည်း ဖြစ်မှာပါ။

 

ပြောရမှာတော့ ရှက်စရာဘဲ၊ အခု ကျမအိမ်ထောင်ကျပြန်ပါပြီ၊
ကောင်လေးက ၁၉-နှစ်၊ သူ့အမေကလဲ ကျမဘာဆိုတာ သိပါတယ်၊ သူကလဲ သိပါတယ်၊ ကျမကလဲ ပြောပြပါတယ်၊
သူ့အမေက မင်းတို့ချင်း မေတ္တာရှိမှတော့ ယူပေါ့ဆိုလို့ တမြန်မနေ့ကဘဲ ရပ်ကွက်ရုံးမှာ သွားပြီး
လက်မှတ်ထိုးလိုက်တယ်၊ သူက ဆိုင်ကယ်ကယ်ရီမောင်းတယ်၊ ကွန်ဒုံးသုံးဘို့ ပြောရတာကတော့ သူလဲ
လက်ပေါက်ကပ်ချင်တယ်၊ လူဆိုတာ သေမျိုးဘဲလို့ပြောတော့ သေမျိုးဆိုတာတော့ မှန်တယ်၊ မသေသင့်သေးဘူးလို့
ပြန်ပြောလိုက်တယ်။

 

ရွာမှာ ကျန်ရစ်တဲ့သူဆီကလဲ ဖုံးလာလာနေတယ်၊
တစ်လတစ်ခါလောက်တော့ ဆက်ဖြစ်ကြတယ်၊ သူကလဲ ဘယ်တော့ ပြန်လာမလဲပေါ့၊ မရိုက်တော့ပါဘူးပေါ့၊
သူလာခေါ်ရမလားနဲ့ ရွာကနေ ဖုန်းနဲ့ မေးလှပြီ၊ သူ့ကို ဘာမှ ပြန်မပြောရသေးဘူး၊ အခုရတာက
သူ့တူ၊ သူနဲ့ ဖြစ်တုန်းကထဲက သူ့တူကလဲ ပြိုင်ပိုးခဲ့တာ၊ ကိုယ်က အဲဒီတုန်းက သူ့ကို ရွေးခဲ့တယ်။

 

အခု ကောင်လေးက သူ့ဦးလေးနဲ့ ပြတ်ခဲ့ပြီဆိုတော့၊
အင်း သူ့ဦးလေးကို အဲ သူ့ကို ဘယ်လိုပြော ရပါ့…………….။

 

မိမိခိုင်

မေ ၂၅၊ ၂၀၁၁

 

မိုးမခ - သူ့ကို
ဘယ်လိုပြောရပါ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top