2
Jul

အထိန်းအကွပ်များတဲ့ကြားက





၁၉၈၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ
ကျွန်တော့်ကို ယိုးဒယားစစ်သား စုဆောင်းရေးတပ်က ရွေးချယ်လို့ “အမ်ပါ” စခန်းမှာ
ရဲဘော် ဖြစ်ခဲ့ရပါတယ်။ “လန်ပန်” မှာပါ။ ၁၉၈၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ ကျွန်တော့်ကို
“ဆူလာဆတ်” တပ်ဆွယ်ကို ပို့လိုက်ပါတယ်။ နောက်တော့ တပ်ကြပ် ရာထူးပေးပြီး ဆူလာဆတ်
တပ်ရင်း ဆေးရုံမှာ သင်တန်းသုံးလ ပေးပါတယ်။ အဲဒီမှာပဲ ကျွန်တော်ဟာ အေ့ဒ်စ် ရောဂါ
ကူးစက်ခံခဲ့ရပါတယ်။ ဒီလိုပါ တပ်ရင်းက အနားရတဲ့ ရက်တွေမှာ ကျွန်တော်တို့ သူငယ်ချင်း
တစ်စုဟာ အပြင်ထွက်ခွင့် ရကြတယ်ဆိုရင်ပဲ အပျော်ရှာကြလို့ပါ။

 

တစ်နေ့မှာ တပ်ရင်း ဆေးရုံက B
အမျိုးအစား သွေး ခြောက်ပုလင်း လိုတယ်ဆိုလို့ ကျွန်တော် အပါအဝင် တပ်သား ခြောက်ယောက်
သွေးလှူဖို့ အရွေးခံရပါတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရ လှူလိုက်ကြပါတယ်။
နှစ်လလောက်လည်း နေရော ဆေးရုံကနေ သွေးစစ်ချက်အဖြေကို အိမ်ပို့ပေးလိုက်ပါတယ်။
သူတို့ရဲ့ ဆေးမှတ်ချက်ထဲမှာ ကျွန်တော့်သွေးထဲ ဗိုင်းရပ်စ်ပိုးတွေ တွေ့သတဲ့။
အဖေဆိုတာ အကြီးအကျယ် ချောက်ချား ခဲ့ရတာပါ။ ဒါပေမဲ့ ဘာဗိုင်းရပ်စ်ဆိုတာကို
ကွဲကွဲပြားပြား ဖော်ပြမထားဘူး။ သူတို့ အကြံပေး ထားတာကတော့ လိင်ဆက်ဆံမှုအတွက်
ကြိုတင် ကာကွယ်ပါ။ ဖြစ်နိုင်ရင် တော့ ရှောင်ပါတဲ့ ဗျာ။ အဲဒီအချိန်အထိ ကျွန်တော်ဟာ
ဒီကိစ္စကို အရေးတကြီးလို့ ထင်မထားခဲ့ပါဘူး။

 

ကျွန်တော် နာဖျားမကျန်းဖြစ်ပြီး
တစ်ပတ်လောက်အကြာ ဝမ်းလျှောလာတော့မှ ဆရာဝန်ဆီ သွားပြပါတယ်။ ဆရာဝန်ကတော့
“အစားမှားပြီး အစာအဆိပ်သင့်တာ” လို့ပဲ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးကုသမှု
ခံယူပြီးတော့ တာဝန် ပြန်ထမ်းဆောင် ခဲ့ပါတယ်။

 

၁၉၉၁ ခုနှစ်မှာတော့ ကျွန်တော်
စစ်မှုထမ်းတာ ပြီးဆုံးလို့ တပ်က ထွက်ပြီး “ခွန်ဘူရီ” မှာ အလုပ်သွားလုပ် ပါတယ်။
အဲဒီမှာပဲ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ နောက်ပိုင်းတော့ ချိန်းတွေ့ ကြတယ်။
ဆက်ဆံကြတယ်ပဲ ဆိုပါတော့လေ။ ကျွန်တော်တို့ သွေးတွေ ဘာတွေ မစစ်ကြဘူး။ လက်လည်း
မထပ်ခဲ့ကြဘူး။ ပိုက်ဆံမှ မရှိပဲကိုး။ ဒီလိုနဲ့ လေးနှစ်လောက် ကြာတော့
ကျွန်တော့်မိန်းမ ကိုယ်ဝန် ရှိလာပါရော။ သူ့ကိုယ်ဝန် သုံးလရတော့ ကျွန်တော်တို့
အလုပ်လုပ်ဖို့ “အယုဒ္ဓရ” ပြောင်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ကျွန်တော့်မိန်းမ
ကလေးမွေး ပါတယ်။ ယောက်ျားလေးပါ။ ဒါပေမဲ့ သက်ဆိုး မရှည်ရှာပါဘူး။ မွေးစမှာပဲ
ဆုံးပါတယ်။ ကိုယ်အလေးချိန်ကလည်း လေးကီလိုသာသာ လေးပဲရှိပါတယ်။ ဒါဟာ ဆရာဝန်နဲ့
နပ်စ်မတွေ အသုံးမကျလို့ဘဲ ထင်ခဲ့တာ။ ဒါကြောင့် ကျွန်တော် သူတို့ကို တရားစွဲဖို့
ကြိုးစားသေးတယ်။ ကျွန်တော့်မှာ ငွေလည်းမရှိဘူးလေ။ ကျွန်တော် ဘယ်လောက်
စိတ်ဓာတ်ကျသွားမလဲ စဉ်းစားကြည့်ပါ။ ဒီတော့ ဘာဖြစ်သလဲ။ အလုပ်မှာ စိတ်မဝင်စားတော့ဘူး။
ဘာမှ မလုပ်ချင် မကိုင်ချင်တော့ဘူး။ ဒါကြောင့် အလုပ်ရှင်က အော်ငေါက်ပြီး
မောင်းထုတ်ပစ်လိုက်တာ ဘာဆန်းလဲ။ ကျွန်တော်တို့ လင်မယား “ဒူဘွန်ရာချာသာရီ” ကို
ပြောင်းရပြန်ရော။ အဲဒီမှာ ကျွန်တော် အလုပ်ရပါတယ်။ ကုမ္ပဏီ တစ်ခုက နေ့စား။ တစ်နေ့
ဘတ် ၅၂၀ ပေးတယ်။ ကျွန်တော့် မိန်းမလား။ နောက်တစ်ဗိုက်နဲ့ ပေါ့ဗျာ။ ကလေး ခြောက်လ
ရတော့ ကျွန်တော့် မိန်းမ ဖျားဖျား လာတော့တာပဲ။ ဒါနဲ့ ဆေးရုံသွားပြတော့
ဆေးရုံတက်ခွင့် ရပါတယ်။ ဒါပေမဲ့ ဆေးရုံက ပုဂ္ဂလိက ဆေးရုံဗျ။ တစ်နေ့ ဘတ် ၃၀၀၀
ပေးရတယ်။ သူနည်းနည်း နေကောင်း ကောင်းချင်း သူ့ကို အိမ်မှာပဲ နေပါစေတော့တယ်။

 

နှစ်လကြာတော့ ကျွန်တော့်မိန်းမဟာ
အဖျားကြီးလာပြန်ပါရော။ ဆရာဝန် သွားပြတော့ ကျွန်တော် အကြီးအကျယ်
တုန်လှုပ်ရပြီပေါ့ဗျာ။ ဟုတ်ပါ့ .... သူ့မှာ AIDS ရောဂါ စွဲကပ်နေပြီတဲ့လေ။
သေချာပါတယ်။ ဒီရောဂါကို ဇနီးနဲ့ သမီးဆီ သယ်လာတဲ့ တရားခံဟာ ဘယ်သူ ရှိဦးတော့မလဲ။
ကျွန်တော်ပေါ့။

 

မိန်းမ နည်းနည်း နေကောင်းတော့ သူက
သူ့မိဘအိမ်၊ ကျွန်တော်က ကျွန်တော့ မိဘအိမ် ဆိုပြီး ခွဲနေလိုက်ကြ ပါတော့တယ်။
လန်းပန်းမှာ နေလို့ နှစ်ပတ်ပဲကြာတယ်။ ကျွန်တော်လည်း အဖျားကြီးဖျားလို့ ဆေးရုံတက်ရ
ပြန်ပါရော။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် ယောက္ခမက သူ့သမီး ကျွန်တော့်မိန်းမ
သေပြီဆိုတဲ့ သတင်းဆိုးကို ဖုန်းဆက် ပြောတော့တာပါပဲ။ ကျွန်တော်လည်း မိန်းမ အသုဘတောင်
မပို့နိုင်ခဲ့ပါဘူး။ ဖျားပြီး အိပ်ရာထဲကမှ မထနိုင်တာကိုး။ အလုပ်လည်း
မလုပ်နိုင်ဘူး။ အားအားရှိ ငိုလို့ချည်း နေရတော့တာ။

 

ကျွန်တော် မျှော်လင့်ခဲ့တာက မိန်းမနဲ့
သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးပါ။ ဒါပေမဲ့
ဖြစ်မလာခဲ့တော့ ပါဘူး။ ကျွန်တော် ထင်တယ်။ ဒါဟာ ရသမျှ ငွေတွေ ဆေးကုပစ်ရလို့ပဲလို့။
စဉ်းစားကြည့်ပါဗျာ။ သမီးလေးအတွက် နို့ဘူးဖိုးတောင် ကျွန်တော် မရှာနိုင်တော့ပါဘူး။
ကျွန်တော်တို့ သားအဖ နှစ်ယောက်လုံး မိဘအိမ် ခိုကပ်နေရတဲ့ ဘဝ။ သူတို့တွေ ခမျာလည်း
အသက်တွေ ကြီးကုန်ကြပြီ။ အလုပ် မလုပ်နိုင်ကြ တော့ပါဘူး။ ဒါပေမဲ့လေ ခုချိန်ထိ ကျွန်တော်နဲ့
ကျွန်တော့်သမီးလေးကို ဆေးရုံက ကြည့်ရှု စောင့်ရှောက်ထားတာ ဟာလည်း အလွန်တရာ
ကြီးမားတဲ့ ကျေးဇူးတရားပါ။ ဟုတ်ကဲ့ ကျေးဇူးတင်လိုက်တာ လန်းပန်း ဆေးရုံကြီးရယ်
.....။

 

Japan
International Coperation Agency ထုတ်ဝေသော Lesson of Life စာအုပ်ငယ်ပါ အေ့ဒ်စ်
ဝေဒနာရှင် ထိုင်း တပ်ကြပ်ကြီး တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း စာစုလေး ဖြစ်ပါတယ်။
သိကြသည့်အတိုင်း စစ်တပ်ဆိုတာ အလွန်စည်းကမ်း တင်းကျပ်ပါသည်။ သည်ကြားထဲကပဲ
အားလပ်ရက်ကလေးရတော့ အပြင်ထွက်ပြီး အပျော်ကျူး မိသည်။ ဒီတွင် ရောဂါရစရာ လမ်းစတွေ သွားတွေ့
ပါတော့သည်။ ရုပ်ဝတ္ထု ပြည့်စုံလွန်းသော နိုင်ငံဖြစ်၍ စိတ်မထိန်းနိုင် ကြတော့ပေ။
ကြည့်ပါ ... ယခု စာစုကို ရေးခဲ့သူမှာ တပ်ကြပ်ကြီး ဟူသော အဆင့်။ တပ်ကြပ်ကြီး ဆိုသည်မှာ
လက်အောက်ငယ်သားများ သာမက အထက်အရာရှိကိုပင် ကြပ်မတ် စည်းရုံးရသော အဆင့်။ ခုတော့
သူကိုယ်တိုင် ......။




သုမောင် -

အထိန်းအကွပ်များတဲ့ကြားက

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top