18
Jul

အမှောင်ထဲက အလင်းတန်း

“ထက်အောင်ခန့်”

မြို့ငယ်လေးရဲ့ မြို့သစ်တစ်ခုမှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တ န်းရောက်သော အခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။

“အမေ”

“ဟေ…ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”

“ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ”

“သားရယ်..ပညာရေးကိုတော့ ပြီးအောင်သင်ပါကွယ်။ သားပညာတတ်ကြီးဖြစ်မှ မပင်ပန်းမှာသားရဲ့”

“ဘာပဲဖြစ်ဖြစ်အမေရာ။ ကျွန်တော်ကတော့ အမေပင်ပန်းတာကို မကြည့်ရက်ဘူး။ အလုပ်ပဲလုပ်ချင်ပြီဗျ။ အခုလည်း ကျွန်တော် စာကို စိတ်မ၀င်စားတော့ဘူး။ စာမေးပွဲလည်းအောင်မှာမဟုတ်ဘူးအမေရဲ့။ စာမေးပွဲဖြေပြီးတာနဲ့ အလုပ် လုပ်တော့မယ်ဗျာ”

ပြောပြောဆိုဆို လွယ်အိတ်လွယ်ရင်းဆင်းသွားသော သားဖြစ်သူကို ဒေါ်စန်းမူငေးကြည့်နေမိ တော့သည်။ ထက်အောင်ခန့် သည် အလွန်ချောမောပြေပြစ်သူတစ်ယောက်ဖြစ်သည်။ မျက်လုံး မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ်၊ ဆံပင်အလည်ခွဲနှင့် ကြည့်လိုက်လျှင် titanic ဇာတ်ကားထဲက မင်းသား လီရိုနာဒိုနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သူ့မျက်နှာလေးသည် အမြဲတမ်း ကြည်ကြည်လင်လင်နှင့် ကလေး တစ်ယောက်လိုအပြစ်ကင်းသည့်မျက်နှာပိုင်ရှင်။ အ၀တ်အစားကိုလည်း အမြဲတမ်း သပ်သပ်ရပ်ရပ်နှင့် ၀တ်စားတတ်လေသည်။  ရုပ်ရည်ကလည်း ချောမောလှပ၊ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပြန်တော့ ရပ်ကွက်ထဲတွင် စတားဟုပင်ပြောကြလေသည်။

xxxxxxxxxxx

ဆယ်တန်းစာမေးပွဲဖြေပြီးသောအခါ ထက်အောင်ခန့် အလုပ်ဝင်လုပ်သည်။ အောင်စာရင်းထွက်၍ စာမေးပွဲမအောင်သောအခါ မိခင်က ကျောင်းပြန်တက်ခိုင်းသော်လည်း ထက်အောင်ခန့်က အလုပ်သာ ဆက်လုပ်တော့မည်ဆိုပြီး  ကျောင်းပြန်မ တက်တော့ပေ။ မိခင်ဒေါ်စန်းမူကိုလည်း ဘာအလုပ်မှ မလုပ်စေတော့ပေ။

ထက်အောင်ခန့်က ပွဲရုံတစ်ခုမှာ စာရေးဝင်လုပ်တယ်။ အလုပ်အပေါ်မှာလည်း တာဝန်ကျေ သိတတ်သောကြောင့် အလုပ် ရှင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များရဲ့ ချစ်ခင်မှုကို ရရှိခဲ့တယ်။

“အောင်ခန့်ရေ၊ ညနေကျ ဆရာအပြင်သွားရမယ့်ကိစ္စတစ်ခုရှိတယ်။ အဲဒါ မင်းလိုက်ခဲ့ဦးကွာ”

“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် အိမ်ပြန်နောက်ကျမယ့်အကြောင်း အမေ့ကို ၀င်ပြောခဲ့မယ်ဆရာ”

ညနေပိုင်း အလုပ်ဆင်းချိန်မှာ နီးရာစားသောက်ဆိုင်မှ ခေါက်ဆွဲကြော်ဝယ်၍ အိမ်သို့ အမြန် ပြေးခဲ့ရသည်။

“အမေရေ”

“အို – သား၊ ဘာဖြစ်လာတာလဲသားရယ်၊ အလန့်တကြားနဲ့”

“ဘာမှမဖြစ်ပါဘူး။ ဒီနေ့ ကျွန်တော် အိမ်အပြန်နောက်ကျမယ်။ အလုပ်ကိစ္စရှိလို့ ဆရာနဲ့လိုက်သွားရမှာ။ ဒါကြောင့်မို့လို့ အမေ့ကိုလာပြောတာ။ ဒီမှာ အမေစားဖို့ ခေါက်ဆွဲကြော်ဝယ်လာတယ်။ ကျွန်တော့်ကိုမစောင့်နဲ့။ အမေ စားနှင့်တော့နော်။ သွားပြီအမေ”

ထက်အောင်ခန့်က အသောက်အစားကင်းပြီး ရိုးသားသည့်အတွက် အလုပ်ရှင် သူဋ္ဌေးရဲ့ ယုံကြည် စိတ်ချမှုခံရတဲ့ လူယုံတစ်ယောက်ဖြစ်လာခဲ့သည်။ လုပ်ငန်းခွင်မှာ (၇)နှစ်လောက်ကြာတဲ့အခါ လုပ်ငန်းကို ကျွမ်းကျင်သွားသည့်အတွက် ဆရာ့ကိစ္စမှန်သမျှကို ထက်အောင်ခန့်ပဲလုပ်ပေးရတော့သည်။ ဆရာ သွားလေရာ လိုက်ရင်း မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေလည်းတိုးလာတော့သည်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ သွား၍ စားသောက်ကြရင်း အဲဒီဆိုင်မှာ သီချင်းဆို နေသည့် ကေခိုင်ကို ထက်အောင်ခန့် မြင်မြင်ချင်းပဲ စွဲလမ်းသွားခဲ့သည်။ သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း မြှောက်ပင့်ပံ့ပိုးမှုကြောင့် သူနှင့်ကေခိုင် ချစ်သူတွေဖြစ်သွားကြတော့သည်။ ကေခိုင်သည် သာမန် မိန်းကလေးတစ်ယောက်လိုပင် လှပသော်လည်း သူမကိုမြင်ရသူတိုင်းက ချစ်ခင်ကြလေသည်။ ဒါကြောင့် ထက်အောင်ခန့်နှင့် လိုက်ဖက်သည်ဟု အများကပြောကြသည်။ သို့သော် ကေခိုင့်အလုပ်ကြောင့် ထက်အောင်ခန့်ကို ကေခိုင်နှင့် မပက်သက်ရန် အချို့ကလည်း တားမြစ်ကြသည်။

xxxxxxxxxxx

ထက်အောင်ခန့်အလုပ်အားသောတစ်ရက် ကေခိုင်နှင့် လျှောက်လည်ကြသည်။ ထက်အောင်ခန့် မျက်နှာမကောင်းဖြစ်သည်ကို ကေခိုင်သိလိုက်သည်။

“ကိုထက်”

“ပြော..ကေ၊ ဘာပြောချင်လဲ”

“ကိုထက် ကေ့ကိုချစ်မိတဲ့အတွက် နောင်တရနေလား”

“ကိုယ်က ဘာကို နောင်တရ ရမှာလဲ”

“သြော် …ကေ့ရဲ့ အလုပ်အကိုင်ကြောင့် သူများတွေပြောကြလို့ ကိုထက် နောင်တရနေလားလို့ပါ ကိုထက်ရယ်”

“ကေ နောက်ဘယ်တော့မှ ကေ့ကိုချစ်လို့ နောင်တဆိုတဲ့အကြောင်းမပြောနဲ့။ ကေ့ကိုချစ်မိခဲ့တဲ့အတွက်ကိုယ်ဘယ်   တော့မှ နောင်တမရဘူး။”

“ဒီစကားကြားရတာ ကေအရမ်းဝမ်းသာတယ်။ ကေ့ဘ၀အကြောင်း ကိုထက် သိအောင်ပြောပြချင်တယ်။ ကိုထက်နားထောင် မလား။ ကေ့အကြောင်း ကိုထက် သိထားတော့ ပိုကောင်းတာပေါ့နော်။

“အင်း …ပြောပြလေ။ ကိုယ် နားထောင်မယ်”

“ဒီလို ကိုထက်ရဲ့၊ ကေတို့မှာ မိသားစု(၄)ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ မောင်လေးသန့်ဇင်ရယ်ပေါ့။  ကေတို့ငယ်ငယ်လေးကတည်းက အမေသေသွား ခဲ့တယ်။ အဖေကလည်း အရက်တွေသောက်ရင်း ဘ၀ကိုအချိန်ကုန်နေခဲ့တယ်လေ။ ကေတို့မောင်နှမ(၂)ယောက် အရမ်းဒုက္ခရောက်ရ တယ်။   ကေတို့မောင်နှမ (၂)ယောက်က ဆွေမျိုးတွေအိမ် ကပ်နေရတယ်။ ဆွေမျိုးတွေရဲ့ နှိမ့်ချမှုကိုလည်း ခံရတယ်။ ဟိုအမျိုးအိမ် ရောက်လိုက် ဒီအမျိုးအိမ်ရောက်လိုက်နဲ့။ ကေတို့ မောင်နှမ (၂)ယောက်ကို အမျိုးစုံအပြစ်ရှာပြီး သူတို့အိမ်တွေမှာ မနေနိုင်အောင် လုပ်ကြတယ်။ အဖေက သားသမီးတွေ ရှိတဲ့ဆီလိုက်လာပြီး ပိုက်ဆံခဏခဏ တောင်းတယ်လေ။ ဒါကြောင့် သူတို့အိမ်တွေမှာ မနေစေချင်တာလေ။ သူတို့ကို လည်း အပြစ်မပြောချင်ပါဘူး။ မောင်လေး (၇)တန်းရောက် တဲ့နှစ်မှာ   မောင်လေးနဲ့ ဦးလေးစကားများကြတယ်။ ဦးလေးက မောင်လေး မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။   မောင်လေးက လည်း ဒေါသနဲ့ ဦးလေးကို ပြန်ပြောတယ်။

မောင်လေးက “ကျွန်တော်တို့မောင်နှမက ပိုက်ဆံမရှိလို့ ခင်ဗျားတို့နဲ့မနေနိုင်အောင် မျိုးစုံလုပ်တယ်။ ကျွန်တော် ပိုက်ဆံ ချမ်းသာအောင် လုပ်မယ်။ ပြီးရင် ခင်ဗျားတို့နဲ့တွေ့မယ်”ဆိုပြီး ပြောပြောဆိုနဲ့နဲ့ အိမ်ပေါ်က ဆင်းသွားတာ လုံးဝကို   ပြန်မလာတော့ဘူး။ မောင်လေးသတင်းကို ဘယ်မှာမှ စုံစမ်းလို့မရတော့ဘူး။ ကေလည်း (၁၀)တန်းနှစ်မှာပဲ ကျောင်းထွက်ပြီး အဖေနဲ့ပဲ ပြန်နေခဲ့တော့တယ်။ အဖေကလည်း အရက်နဲ့ပဲအချိန်ကုန်နေတော့ ကေပဲ စားဝတ်နေရေးအတွက် ကြိုးပမ်းခဲ့ ရတယ်။ ကာရာအိုကေစားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးအိုးဆေးဝင်လုပ်ခဲ့တယ်။ အလုပ်က ညဥ့်နက်မှ ပြန်ရတယ်။ လစာကျတော့ မဖြစ်စလောက်နဲ့။ အခြားသီချင်းဆိုတဲ့သူတွေကျ အဆင်ပြေနေတာကို တွေ့တော့ အားကျလာတယ်။ ဒါနဲ့ အဲဒီမှာ သီချင်းဆိုတဲ့ အစ်မကြီး တစ်ယောက်ကိုပြောတော့ သူက တခြားဆိုင်မှာသီချင်းဆိုဖို့ အလုပ်ကို ပြောပေးလို့ သီချင်းစဆိုဖြစ်ခဲ့တယ်။ ကိုထက်ရယ်၊ လူတွေရဲ့အမြင်မှာ ကာရာအိုကေ၊ စင်တင်မှာ သီချင်းဆိုတယ်ဆိုတာနဲ့ အထင်သေး ချင်ကြတယ်။ ကာရာအိုကေ စင်တင်တွေမှာ သီချင်းဆိုတာနဲ့ ကိုယ်ကျင့်တရားပျက်ပြားသူတွေလို့ သတ်မှတ်ကြတယ်။ အကဲစမ်းချင်ကြတယ်။ ကိုယ့်ဝမ်းစာအတွက် သီချင်းဆိုရင်း ကိုယ့် ကိုယ်ကျင့်တရားကိုထိန်းသိမ်းတဲ့ မိန်းကလေးတွေလဲ အများကြီးရှိပါတယ်။ ဒီလို ထိန်းသိမ်းတဲ့အထဲမှာ ကေလည်းပါတယ်။ ကေလေ ဒီနေ့ထိ သီချင်းဆိုတဲ့အလုပ် ကိုပဲလုပ်ပါ တယ်။  ကေ့သိက္ခာအတွက် အမြဲတမ်းထိန်းသိမ်းပါတယ်။ ကေ့ ကိုယ်ကျင့်တရားပျက်ပြားမှုကို ကေဘယ်တော့မှမလုပ်ဘူး။ အဲဒီအတွက် ကေ လိပ်ပြာလုံတယ်။ ဒါကို ကိုထက်ယုံကြည်လား”

“ကေ့ကို ကိုယ်ယုံကြည်ပါတယ် ကေရယ်”

“ကျေးဇူးတင်ပါတယ် ကိုထက်ရယ်။ နောက်ပြီးတော့ ကေလေ ဆိုင်တွေပြောင်းပြီး သီချင်းဆိုရင်း မောင်လေးအကြောင်း အမြဲစုံစမ်းနေတာပါ။ မှော်ထဲက ပြန်လာတဲ့ တချို့အသိတွေကတော့ မောင်လေးကို မှော်ထဲမှာတွေ့ခဲ့တယ်တဲ့။ သူတို့ကို   မေးတော့လည်း တိတိကျကျမပြောဘူး။ မောင်လေးကိုခေါ်ပေးမယ်။ ငွေ ဘယ်လောက်ပေးရမယ်ပြောတယ်။ သူတို့က သိန်းနဲ့ချီပြီးတောင်းတာ ကိုထက်ရဲ့။ ကေလည်းလိုက်မယ်။ လိုက်ပြပေးဆိုတော့ ၀ါးတားတားလုပ်သွားကြတယ်။ တစ်ချို့ ကျတော့လည်း မောင်လေးသေပြီတဲ့။ ဒါပေမယ့်လေ ကေယုံကြည်နေတယ်သိလား။ မောင်လေး မသေဘူးဆိုတာ။ တစ်နေ့နေ့မှာတော့ မောင်လေးနဲ့ ပြန်ဆုံမယ်လို့ ကေတကယ်ယုံတယ်သိလား။”

“ကဲပါ ကေရယ်။ တော်ပါတော့။ ကေ့အကြောင်းပြောပြနေတဲ့ ကေ့စကားသံရယ် ကေ့မျက်နှာလေးရယ်ကို ကြည့်ရတာနဲ့တင် ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကေ့မောင်လေး၊ ဘာ သန့်ဇင်ဟုတ်လား။ သူ့အကြောင်း ကိုယ်လည်း တတ်နိုင် သလောက် စုံစမ်းကြည့်ပေးမယ်။ သူက အခုဆိုရင် ဘယ်အရွယ်ရှိပြီလဲ”

“ကေ့ထက်(၃)နှစ်လောက်ငယ်တယ်ဆိုတော့ အခုဆိုရင် အသက်(၂၀)လောက် ရှိပြီပေါ့။ မောင်လေးက ကေနဲ့တစ်ပုံစံတည်းပဲ”

“ကိုယ်စုံစမ်းပေးပါ့မယ် ကေရယ်နော်”

“အင်းပါ … ကိုထက်ရယ်”

“ကေ … ဘာပဲဖြစ်ဖြစ်ပေါ့။ ကေနဲ့ကိုယ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပြီပဲ။ ကိုယ်တို့ လက်ထက်ကြပါစို့လား။ နောက်ပြီး ကေ့ကို အလုပ်လည်းမလုပ်စေချင်တော့ဘူး”

“အခုအချိန်မှာ ကေလည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ ကိုထက် အမေက ကေတို့လက်ထက်ရင် သဘောတူပါ့မလား။

“သြော် – ကေနဲ့ အမေလည်းတွေ့ဖူးနေတာပဲ အမေက သဘောတူပါတယ်။ အမေ့မှာ ဒီသားတစ်ယောက်တည်းရှိတာ။   ကေနဲ့ကိုယ် လက်ထပ်လိုက်ကြရင် အမေ့မှာ သမီးပါရသွားဦးမယ်။ နောက်ဆို မြေး၊ မြစ်တွေတောင်ရလာဦးမှာ နော့ မဟုတ်ဖူးလား။”

“အာ – ကိုထက်က ဘာမှန်းလဲမသိဘူး၊ သွား”

“ဟောဗျာ၊ ကိုယ်ကဘယ်သွားရမှာလဲ၊ ကေက ကိုယ့်ကိုခွဲနိုင်လို့လား။ အခုမှ ရှက်မနေပါနဲ့ ကောင်မလေးရယ်။ ဟား …ဟား …ဟား”

“ဘာတွေ ပြောနေမှန်းလဲ မသိဘူး”

“အလကား ကေ ပျော်အောင် ကိုယ်ကနောက်တာပါကွာ။ ကေ … ကိုယ်တို့ အမေ့ကိုပြောပြီး မြန်မြန် လက်ထက်ကြပါစို့ကွာ”

“အင်းပါ။ ကိုထက် အမေ့ကို ပြောဦးလေ။ ကေကတော့ တရားရုံးမှာ လက်မှတ်ထိုး ပြီး မိတ်ဆွေ သူငယ်ချင်း နည်းနည်းပါးပါးနဲ့ ဆွမ်းကျွေးလေးပဲ လုပ်ချင်တယ်။ အကျယ်မချဲ့ချင်တော့ပါဘူး။

“ကေ့သဘောပါပဲကေရယ်”

“ကဲ … ဒါဖြင့် ကေတို့ ပြန်ကြရအောင်နော် ကိုထက်”

xxxxxxxxxxx

ထက်အောင်ခန့် အိမ်ပြန်ရောက်တာနဲ့ အမေ့ကိုပြောပြပြီး ခွင့်တောင်းခဲ့သည်။ ဒေါ်စန်းမူကလည်း ကျေကျေနပ်နပ်ပင် သဘော တူခဲ့တာကြောင့် ကေခိုင်နဲ့လက်ထက်ဖြစ်ခဲ့ကြတော့သည်။ ကေခိုင့်ကိုလည်းအလုပ်မှထွက်ခိုင်းကာအိမ်မှာပဲ  နေစတော့သည်။ ကေခိုင်ကလည်း ဒေါ်စန်းမူကိုအမေအရင်းကဲ့သို့ ပြုစုစောင့်ရှောက်လေသည်။   ဒေါ်စန်းမူကလည်း ကေ့ခိုင့်ကို သမီးအရင်းလိုပဲ ပြုမူဆက်ဆံသည်။ ဒါကြောင့် ထက်အောင်ခန့်တို့မိသားစုလေးသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်နေတော့သည်။ အိမ်ထောင်သက် တစ်နှစ်ခန့် ကြာလာသော်လည်း ထက်အောင်ခန့်တို့ လင်မယားနှစ်ယောက်မှာကြင်စဦးဇနီးမောင်နှံကဲ့သို့ပင် ယုယ ကြင်နာလို့မဆုံးပေ။

xxxxxxxxxxx

တစ်နေ့ အောင်ခန့်သူငယ်ချင်း စည်သူက သူ့ရဲ့မွေးနေ့မို့လို့ အိမ်မှာပဲသူငယ်ချင်းတွေကို ဧည့်ခံပွဲလေး လုပ်တာကြောင့်  အောင်ခန့် လည်းသွားခဲ့သည်။ ဟိုရောက်မှ တခြားကောင်မလေးတွေပါ တွေ့လိုက်ရသဖြင့် အောင်ခန့် အားနာပြီး  ပြန်မည်လုပ်သည်။ သူငယ်ချင်းတွေက ၀ိုင်းတားတာကြောင့် မပြန်ဖြစ်တော့ပေ။  ကေခိုင့်ကိုတော့ညမိုးချုပ်မည်မစောင့်နဲ့လို့ ပြောထားခဲ့ပေမယ့် ကေခိုင်စောင့်နေမှာကို သိ၍ စိတ်ပူနေမိသည်။

အိမ်မှ ကေခိုင်ကလည်း ကိုထက်က မစောင့်နဲ့လို့ မှာသွားပေမယ့် ကိုထက်ပြန်လာလာချင်း သိရအောင် ဧည့်ခန်းထဲမှာပဲ စာဖတ်ရင်း ထိုင်စောင့်နေခဲ့သည်။ ည(၃)နာရီခွဲသည်အထိ ကိုထက် ပြန်မလာ သေးသောကြောင့် ခုံပေါ်တွင် ခဏလှဲနေလိုက်သည်။ မှေးကနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာ၍ နာရီကြည့် လိုက်တော့ နံနက်(၄)နာရီပင်ခွဲနေပြီ။ ကိုထက်ပြန်ရောက်မလာသေးသည့်အတွက်လည်း စိတ်ပူလာမိသည်။ (၅)နာရီလောက်မှာ ကိုထက်ပြန်ရောက်လာသည်။ ကေခိုင်က တံခါးသွားဖွင့်ရင်း -

“ကိုထက်ရယ် ကေကစိတ်ပူနေတာ၊ တော်သေးတာပေါ့”

“ကိုယ်လည်း ကေစောင့်နေမှာကို စိုးရိမ်နေတာ”

“ဟင် ကိုထက်အနားက အရက်နံ့ရတယ်”

“ရှူး …တိုးတိုး၊ အမေကြားသွားမယ်။ ဟုတ်တယ်။ ကိုယ်ကအစားနဲ့ပဲဧည့်ခံမှာ ထင်နေတာ ဟိုရောက်တော့ အသောက်ပါ ပါနေတယ်။ ကိုယ်ငြင်းပေမယ့် ဇွတ် ၀ိုင်းတိုက်ကြလို့ နည်းနည်းသောက်လိုက်တာ။ ဒေါင်ချာစိုင်းသွားတာပဲ။ ကိုယ်လည်း မဟန်နိုင်တော့ဘူး။ ဟိုကောင်တွေလည်းမူးပြီး ကိုယ်လည်း ဘယ်လို အိပ်ပျော်သွားမှန်းကို မသိလိုက်တော့ဘူး။ စည်သူ့အိမ်မှာလည်း ဘယ်သူမှ မရှိလို့ တော်သေးတာပေါ့။ နို့မို့ဆို သူ့အိမ်ကလူတွေကို အားနာနေရဦးမှာ။ ကဲ-ဒီနေ့ ရုံးလည်းပိတ်တယ်ဆိုတော့ ကိုယ်ရေချိုးပြီး တစ်ရေးလောက်အိပ်လိုက်ဦးမယ်။ ခေါင်းတွေလည်းတအားကိုက်နေလို့။ နေဦး၊ အမေနိုးနေပြီလား”

“အမေက ဆေးသောက်ပြီးအိပ်တာဆိုတော့ နိုးဦးမှာမဟုတ်ဘူး။ ကဲ…ကိုထက် ရေချိုးတော့ ကေဈေးသွားဖို့ ပြင်ဆင်လိုက်ဦးမယ်”

xxxxxxxxxxx

ဒီလိုနဲ့ပဲ ကိုထက်တို့အိမ်ထောင်သက် (၂)နှစ်ကျော်မှာ သားဦးလေးမွေးဖွားခဲ့တယ်။ သားလေးကို ဇွဲခန့်လို နာမည်ပေးခဲ့တယ်။ သားလေး(၂)နှစ်ကျော်ကျော်အရွယ်ရောက်တော့ အမေက သူ့ဇာတိမြို့လေးရဲ့ နှစ်စဉ် တပေါင်းလဘုရားပွဲကိုမရောက်တာကြာပြီ၊ ဆွေမျိုးများနှင့်လည်းတွေ့ချင်သည်၊ သူ့မြေးလေးကို လည်း ဆွေမျိုးများကိုပြချင်သည်ဟုဆိုလာသဖြင့် မိသားစုအားလုံး အမေ့ဇာတိမြို့လေးသို့ အလည်သွားခဲ့ ကြသည်။ နောက်နှစ်တွေမှာ အမေကသွားချင်သော်လည်း ကိုထက်အလုပ်မှ မအားသဖြင့် မသွားနိုင်ခဲ့ တော့ပေ။ သားလေး(၅)နှစ်လောက်မှာ ကေက သမီးလေးတစ်ယောက် ထပ်မံမွေးဖွားခဲ့ပြန်သည်။ သမီး လေးကိုတော့ ကေခန့်လို့နာမည်ပေးခဲ့တယ်။ ကိုထက်အတွက်တော့ ဒီမိသားစုကမ္ဘာလေးဟာ ပျော်စရာ အတိပေါ့။

သားလေးဇွဲခန့်ပင် ဒီနှစ် ဒုတိယတန်းကိုရောက်ရှိခဲ့ပေပြီ။ တစ်နေ့ သားလေးကို ကျောင်းကြိုပြီး အပြန်မိုးမိရာမှ ကိုထက် နေမကောင်းဖြစ်လာခဲ့သည်။ ကိုထက်တစ်ယောက် တစ်နေ့တစ်ခြား ပိုဆိုးလာပြီး အရိုးပေါ်အရေတင်ဖြစ်လာပြီး ဆေးခန်းပြတော့လည်း တီဘီရောဂါဖြစ်တယ်လို့သိရသည်။ ပတ်ဝန်းကျင် ကလည်း ပြောဆိုသံတွေထွက်လာသည်။

“အောင်ခန့်တစ်ယောက်တော့ သနားစရာပဲ”

“အေးလေ…သူ့ရောဂါက အရိုးတီဘီတဲ့ဟ”

“ဘယ်က အရိုးတီဘီဖြစ်ရမှာလဲ။ AIDS ဖြစ်တာနေတာပါ”

“နင်ကလည်း သေသေချာချာမသိပဲနဲ့ လျှောက်မပြောပါနဲ့ဟာ၊ မဟုတ်ရင် အားနာစရာကြီး”

“ငါလျှောက်ပြောနေတာမဟုတ်ဘူး။ သူ့မိန်းမ ကေခိုင်က အရင်တုန်းက ကာရာအိုကေမှာလုပ်တာပဲ။ သူ့ဆီက ကူးတာနေမှာပေါ့”

“ဒါဆို ကေခိုင်က ရောဂါအရင်ဖြစ်မှာပေါ့”

“အေး …သူဖြစ်နေလို့ အောင်ခန့်ကို ကူးတာပေါ့ဟ”

“ဒါဆို အောင်ခန့်တော့ သနားပါတယ်ဟာ။ ဒေါ်လေးစန်းမူလည်း သနားစရာပါပဲ။ အောင်ခန့် ကေခိုင့်ကိုယူမယ်ဆိုတုန်းကတည်းက သူကတားမှမတားပဲ။ ဒီလိုမိန်းမမျိုးကိုယူတော့ ဒီလိုရောဂါရမှာပေါ့”

“ဟဲ့-တော်တော့ ဟိုမှာလာနေတာ ကေခိုင်။ ကြားသွားလို့ ပြဿနာဖြစ်နေဦးမယ်”

“အို-ကြားကြားပေါ့။ အမှန်တွေပြောတာပဲ၊ ဘာဖြစ်လဲ”

“ကဲပါဟယ်၊ တော်ပါတော့၊ နောက်မှဆက်ပြောတော့”

xxxxxxxxxxx

အောင်ခန့်မှာလည်း အလုပ်မလုပ်နိုင်တော့ပဲ အိပ်ယာထဲလဲနေတော့သည်။ ပတ်ဝန်းကျင်က မိမိတို့  မိသားစုကိုမြင်လျှင် ရှောင်ဖယ်ရှောင်ဖယ်လုပ်ကာ သိပ်မခေါ်မပြောကြတော့ပေ။ မိမိသားရဲ့ရောဂါ ကူးစက်ခံရမှာကြောက်လို့ဟုသိရသည်။ ကေခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့ခင်ပွန်းသည်ကို ပြုစုရင်း တစ်ဖက်ကပဲ အိမ်ရဲ့မိသားစု စားဝတ်နေရေးအတွက် လုံးပန်း နေရသည်။ ဒေါ်စန်းမူမှာလည်း နေမကောင်း နေသည့်သားနှင့် ပင်ပန်းဆင်းရဲစွာ မိသားစုအတွက် ၀မ်းစာ ရှာဖွေနေရသောချွေးမကို ကြည့်ကာ စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

တစ်နေ့ …

“အမေ”

“ဘာလဲသား”

“ကျွန်တော်တို့မြို့က ဒီနှစ် ဘုရားပွဲနီးလာပြီနော်။ ပြန်ကြရအောင်၊ အမေလည်း မပြန်ရတာကြာပြီမဟုတ်လား။ ကျွန်တော်လည်း သွားချင်နေတယ်”

“သားရယ် …သားနေကောင်းမှ သွားကြတာပေါ့”

“ဟာဗျာ ..အမေကလည်း ကျွန်တော်က ဒီလောက်တော့ သွားနိုင်ပါသေးတယ်၊ သွားကြရအောင်ဗျာ”

ကိုထက် ပြောလွန်းမကပြောသောကြောင့်  ဒီနှစ်တပေါင်းပွဲအမီ ဒေါ်စန်းမူရဲ့ ဇာတိမြို့လေးကို မိသားစုအားလုံး ပြန်ခဲ့ကြသည်။ တစ်လလောက်ကြာသွားသည်အထိ ဒေါ်စန်းမူတို့မိသားစု ပြန်မလာခဲ့ကြ သေးပေ။ တစ်လကျော်ကြာမှ ဒေါ်စန်းမူတို့မိသားစုပြန်လာကြသောအခါ ကိုထက်တစ်ယောက် ပါမလာ ခဲ့ပေ။ ဒေါ်စန်းမူတို့ကိုမြင်သည်နှင့် ရပ်ကွက်ထဲမှ ၀ိုင်းဝန်းနှုတ်ဆက်ကြပြီး ကိုထက်တစ်ယောက်ကို ၀ိုင်းမေး ကြလေသည်။ ထိုအခါကျမှ ဒေါ်စန်းမူနှင့် ကေခိုင်တို့ ၀မ်းနည်းကာ ငိုပြီးပြောပြခဲ့သည်။

“ကိုထက်က ဟိုရောက်တော့ နေကောင်းလာပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ဆွေမျိုးတွေအိမ်လျှောက်လည်ပြီး လိုက်နှုတ်ဆက်နေတာ။ ကေတို့ဖြင့် ၀မ်းသာနေကြတာ။ ကိုထက်ပြန်ပြီး နေကောင်းလာပြီဆိုပြီးတော့လေ။ ဆွေမျိုးတွေနဲ့ တွေ့ပြီး ဆယ်ရက်လောက်နေတော့မှ ပြန်ပြီးနေမကောင်းဖြစ်လာတယ်။ ဆယ်ရက်လောက် အိပ်ယာထဲလဲပြီးတော့ဆုံးသွားတယ်။ အခုရက်လည်ပြီးမှ ကေတို့ ပြန်လာခဲ့ကြတာ။ ဒီကိုလှမ်းပြောချင်ပါတယ်။ အဆင်မပြေလို့ မပြောရတာပါ။ အမေလည်း သူ့သားအကြောင်းတွေးတွေးပြီးငိုနေတာကြောင့် အမြန်ပြန်လာခဲ့တာ။ ကေ ကိုထက် ခေါင်းချခဲ့တဲ့နေရာကနေ ပြန်မလာချင် ပါဘူး။ ကလေးတွေရဲ့ ပညာရေးကလည်းရှိသေးတယ်လေ။ ဒါကြောင့် ပြန်လာ ခဲ့ရတာ။ ကိုထက်က မသေခင်နောက်ဆုံး ဆွေမျိုးတွေကို နှုတ်ဆက်သွားခဲ့တယ်လေ”

“ကဲပါ ..ကိုထက်အတွက် စိတ်တော့မကောင်းဖြစ်ရပါတယ်။ သူ့မြေပါလို့ သူ ဟိုမှာ သွားသေရတာလေ။ ကျန်တဲ့မိသားစုက သူ့အတွက် ကုသိုလ်ဒါန လုပ်ပေးကြတာပေါ့။ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်။ သားလေးအတွက် ကျွန်မတို့ကျန်တဲ့လူတွေက ကောင်းမှု ကုသိုလ်တွေ လုပ်ပေးရမှာပါပဲ။ သားလေးအတွက်ရည်စူးပြီး ကျွန်မတို့ တတ်နိုင် သလောက်လေးလည်း လှူခဲ့ကြပါတယ်။ နောက်လည်းလုပ်ပေးရဦးမှာပါပဲလေ”

xxxxxxxxxxx

ဒါနဲ့ပဲကေခိုင်တစ်ယောက် ဈေးထဲမှာ ကုန်စိမ်းဆိုင်လေးဖွင့်ပြီး ယောက္ခမရယ်၊ သားသမီး (၂)ယောက်ရယ်အတွက် စီးပွားရှာဖွေခဲ့ရတော့တယ်။ တစ်နေ့မှာ သားလေး ဇွဲခန့်တစ်ယောက် နေမကောင်း ဖြစ်လာခဲ့တယ်။ ဆေးခန်းပြတော့ အရိုးတီဘီလို့ပြောတာကြောင့် ဆေးတွေကုနေရတော့တာပေါ့။ သားလေး ကလည်း တစ်နေ့ထက်တစ်နေ့ ပိန်ပိန်လာခဲ့တယ်။ မိမိမှာ မိသားစုစားဝတ်နေရေးကတစ်ဖက်၊ သားလေးရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးတွေကတစ်ဖက်နဲ့ သောကတွေ ဝေနေတော့တယ်။ ကေကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးမကောင်းဖြစ်လာတော့တယ်။ မိမိကျန်းမာရေးကို ဂရုမစိုက်နိုင်ပဲ သားလေးကျန်းမာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားခဲ့ရတယ်။ သို့သော်လည်း သားလေးမှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ ပတ်ဝန်းကျင်ကလည်း အမျိုးမျိုးပြောဆိုနေကြပြီ။ သူတို့ပြောသလို ရောဂါဆိုးကြီးက မိမိတို့မိသားစုကို ဒုက်္ခပေးနေတာလား။ ပတ်ဝန်းကျင်ကပြောနေကြသလို မိမိကြောင့် ရောဂါကူးသည် ဆိုရအောင် မိမိအနေက ဘယ်သူနှင့်မှ ပတ်သက်ဆက်ဆံခဲ့ဖူးတာမဟုတ်။ ကိုထက် တစ်ယောက်သာပဲ။ ဒါဆို ဒီရောဂါဆိုးက ဘယ်ကဘယ်လို ကူးစက်ခဲ့ပါလိမ့်။ သူများတွေပြောသလို မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။

နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်တော့မည်။ သမီးလေး ကေခန့်ကို ကျောင်း အပ်ရန်အတွက် ငွေလိုလာသည်။ မိမိမှာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် ဘယ်သူကမှလည်း ငွေမချေးလိုကြတော့ပေ။ ဘယ်လိုလုပ်ရမလဲစဉ်းစားရင်းနဲ့ အင်္ကျီအ၀တ်အစားကောင်းလေးများကို ရသလောက်နှင့်ပဲရောင်းရန် စိတ်ကူးရခဲ့တယ်။ သေတ္တာထဲမှ အ၀တ်တွေကို ထုတ်ယူလိုက်စဉ် စာခေါက် ကလေးတစ်ခုထွက်ကျလာသည်။ ဘာပါလိမ့်ဟုတွေးရင် ဖွင့်ကြည့်လိုက်သည်။
“ကိုထက်လက်ရေးပဲ။ ဘာရေးထားပါလိမ့်”

“ကေ ….
ကေ – ဒီစာကိုဖတ်နေချိန်မှာ ကိုယ်ရှိတော့မှာမဟုတ်ဘူး။ ကိုယ့်ရောဂါက သူများတွေပြောကြသလို AIDS လို့ပဲထင်တယ်။ သူများတွေပြောကြသလို ကေ့ ဆီက ကူးတယ်ဆိုတာတော့ လုံးဝမဟုတ်နိုင်ပါဘူး။ ကေ ရိုးရိုးသားသား သီချင်းဆိုပြီး အလုပ်လုပ်ခဲ့တာ ကိုယ်သိပြီး ယုံကြည်ပါတယ်။ ကိုယ် မယုံနိုင် ဖြစ်နေတာက ကိုယ့်ကိုကိုယ်ပဲ။ ကေမှတ်မိလား။ ကိုယ့်သူငယ်ချင်း စည်သူရဲ့ မွေးနေ့မှာ ကိုယ်မနက်မိုးလင်းမှ အိမ်ပြန်လာခဲ့တဲ့နေ့လေ။ အဲဒီညက ကိုယ် တော်တော်မူးသွားပြီး ကောင်မလေးတစ်ယောက်ကို ကေအမှတ်ရဲ့ ကိုယ်လေ ….ဟို …မှားသွားခဲ့မိတယ်။ ကိုယ် မနက်လင်းခါနီးနိုးလာမှသိရတယ်။ သူကတော့ အဲဒီလိုအမြဲနေနေတဲ့မိန်းကလေးတစ်ယောက်ပါတဲ့။ ဒီတော့ ဘာ ပြဿနာမှတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း ကေ့ကို ပြောမပြရဲဘူး။ ကိုယ် ဖောက်ပြန်တာ၊ ကေ့အပေါ် သစ်္စာမရှိတာမဟုတ်ပါဘူး။ ကိုယ်တကယ် မှားသွားခဲ့တာပါ။ တဒင်္ဂအမှားက ကိုယ့်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ ကိုယ်တောင်းပန် ပါတယ်။ ကေ ကိုယ့်ကိုခွင့်လွှတ်ပေးပါလို့။ ကိုယ်မရှိတဲ့နောက် အမေရယ်၊ သားနဲ့ သမီးရယ်ကို ကေစောင့်ရှောက်ပြုစုပေးသွားပါလို့။

ကေ့ရဲ့ ကိုထက်

စာဖတ်ပြီး ကေတော်တော်တုန်လှုပ်သွားခဲ့တယ်။ ဒါဆို မိမိမှာ AIDS ရောဂါဖြစ်နေပြီပေါ့။ သားလေးလည်း ဒီရောဂါနဲ့ပဲ သေခဲ့ရတာပေါ့။ ရက်စက်လိုက်တာကိုထက်ရယ်။ ကိုထက်ရဲ့ တဒင်္ဂအမှား ဆိုပေမယ့် မိသားစုတစ်ခုလုံး ဒုက်္ခရောက်ရပြီပေါ့။ ကေဘာလုပ်ရမလဲ။ ကေ့သမီးလေးအတွက် ကေ ဘယ်လိုလုပ်ရမလဲ။ ကေ မရှိတော့ရင် သမီးလေး ဘ၀ပျက်တော့မှာပေါ့။ အဘွား ဒေါ်စန်းမူကလည်း ဘာမှ လုပ်ကိုင်နိုင်တော့တာမဟုတ်။ လုပ်ကြပါဦး။ ကေဘာလုပ်ရမဲ။ ကေ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေတော့တယ်။ ကေကလည်းနေမကောင်းဖြစ်နေတာဆိုတော့ ကေ သေရတော့မှာပါ။ ကေ့သမီးလေးနဲ့ ကေခွဲရတော့မှာပေါ့။ သမီးလေးမှာရော ဒီရောဂါကြီးဖြစ်နေပြီလား။ ဒါဆိုရင် ယောက္ခမဖြစ်သူကိုရော ကူးစက်ပြီးဖြစ်နေပြီလား။ သူတို့မှာ မကူးသေးရင်တော်ပါသေးရဲ့။ ကူးနေပြီဆိုရင် …. အို …. ကေ ဆက်မတွေးရဲတော့ပါ။

အဲဒီနောက် ကေ့ရောဂါကို ကေအလိုလိုသိလာတယ်။ ကေ့အကြောင်းကိုပြောပြရင်လည်း ယောက္ခမနဲ့ ဘာမှနားမလည်သေးတဲ့သမီးလေး စိတ်မကောင်းဖြစ်မှာရယ် ပတ်ဝန်းကျင်က ၀ိုင်းပြီး ဖယ်ကြဉ် လိုက်တော့မှာ စိုးရိမ်ပြီး မပြောပဲနေလိုက်တယ်။ ကေ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တစ်ခြားပိန်ပိန်လာတယ်။ ဘာစားစား အဟာရမဖြစ်ဘူး။ ရှိစုမဲ့စုလေးနဲ့ ဆေးခန်းပြနေရပြီး ကေ့မှာ သေမယ့်ရက်ကို လက်ချိုးပြီး တွက်နေရတာ။ သမီးလေးနဲ့ ယောက္ခမကို ကေဘယ်လိုမှ စိတ်မချနိုင်ဘူး။ ကေချက်ပြုတ်ကျွေးမွေးတာကို စားနေကြရတဲ့ သမီးလေးနဲ့ယောက္ခမကို ကေ့ဆီက ရောဂါကူးမှာ စိုးရိမ်တယ်။ သမီးလေးကိုလည်း ကေ့အနားသိပ်အကပ်မခံစေချင်တော့ဘူး။ ဒါနဲ့ပဲ ကေ့ဘ၀ဟာ အထီးကျန်ပြီး ခြောက်သွေ့လာခဲ့တော့တယ်။

xxxxxxxxxxx

ဒီလိုနဲ့တစ်နေ့ ရပ်ကွက်ထဲကို လူမှုကျန်းမာရေးပညာပေးအဖွဲ့ကဆိုပြီး ကောင်မလေး(၂)ယောက် (၃)ယောက်ကလာပြီး ကျန်းမာရေးပညာပေးပွဲလေးလုပ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတဲ့။ သူတို့က HIV/AIDS ရောဂါအကြောင်းကို အဓိကပြောပြကြတယ်။ သူတို့ပြောပြတဲ့ HIV/AIDS ရောဂါ ကူးစက်ပုံကူးစက်နည်းတွေ၊ မကူးနိုင်တဲ့နည်းတွေ၊ ကာကွယ်နည်းတွေ၊ ရောဂါဖြစ်နေတဲ့သူကို ပြုစု ပေးတဲ့နည်းတွေ၊ စိတ်ဓါတ်အင်အား တိုးမြင့်စေတဲ့အကြောင်းတွေ၊ ဒီရောဂါသည်တွေကို ပစ်ပယ်မထား သင့်တဲ့အကြောင်းတွေ ပြောပြသွားလိုက်ကြတာ။ ကေ့မှာ သူတို့ပြောတာနားထောင်၊ သူတို့ကိုကြည့်ပြီး အားတွေရှိလာတယ်။ ပညာပေးပြောပြပြီးတဲ့နောက် ကေသိချင်တဲ့အကြောင်းလေးတွေကို သူတို့နားသွားပြီး ကပ်မေးကြည့်တယ်။ သူတို့က စိတ်ရှည်ရှည်နဲ့ပြောပြတယ်။ သူတို့ကို ကေယုံကြည်ပြီး ကေ့အကြောင်းတွေ အားလုံးပြောပြလိုက်တယ်။ သူတို့ကလည်းအားပေးကြတယ်။ ကေ့အတွက် အားတက်သရောကူညီ ပေးကြပါတယ်။ သွေးစစ်တာကအစ သူတို့ကူညီကြတယ်။ အမှောင်ထဲရောက်နေတဲ့ ကေ့အတွက် အလင်းတန်းတစ်ခုတွေ့လိုက်ရတာပါပဲ။

xxxxxxxxxxx

သွေးစစ်ပြီးတဲ့နောက် ကေ့မှာ AIDS ရောဂါဖြစ်နေပြီဆိုတာ သေသေချာချာ သိလိုက်ရ တော့တယ်။ အဲဒီနောက်လည်း ကေ့ဆီကို ခဏခဏလာပြီး အားပေးစကားတွေပြောတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စီလာကြတာလည်းရှိတယ်။ ဆေးဝါးတွေနဲ့ စားစရာသောက်စရာတွေအပြင် သမီးလေးအတွက်  အသုံးအဆောင်လေးတွေပါယူလာကြပြီး ကေနဲ့အတူတူ စားသောက်ကာ ကေ့ကိုပြုစုပေးနေတာ ကိုယ့်မိသားစုတစ်ယောက်ကိုပြုစုနေသလိုပါပဲ။ ကေလေ သူတို့လာရင် အရမ်းပျော်တာပဲ။ ကေ့ကိုယ်ကိုလည်း ရောဂါသည်တစ်ယောက်လို့ကို မထင်တောဘူး။ သူတို့လာရင် ကေ့ရောဂါဝေဒနာတွေပျောက်သွားသလိုပဲ။ ကေအားတွေရှိနေတယ်။ သမီးလေးကိုလည်း သူတို့က ချစ်ကြတယ်။ သမီးလေးဆို သူတို့လာရင် ပျော်နေ လိုက်တာအရမ်းပဲ။ သူတို့လေးတွေ ဒီလိုလူမှုရေးလုပ်ငန်းလေးတွေလုပ်ပေးနေတာကို ကေ အားကျမိတယ်။ အစောကြီးကတည်းကသာသိရင် ကေလည်း ဒီလိုလုပ်ငန်းတွေမှာ ပါဝင်မိမှာပါ။ ကေ့သမီးလေး ကြီးလာ ရင်လည်း ဒီလို ကျန်းမာရေးပညာပေးအဖွဲ့ကြီးမှာ ပါဝင်ဆောင်ရွက်စေဖို့ ကေတိုက်တွန်းမယ်။ သမီးလေး ကြီးလာတဲ့အချိန်မှာ ကေက သက်ရှိထင်ရှား မရှိနိုင်တော့ဘူး။ ဒီတော့ ကေစာရေးထားခဲ့မယ်။ သမီးလေး လည်း နားလည်ပြီး လုပ်ဆောင်မယ်လို့ ကေယုံကြည်နေပါတယ်။

xxxxxxxxxxx

အခု ကေပြောပြခဲ့တာတွေအားလုံးဟာ ကေ့ဘ၀ရဲ့ဖြစ်စဉ်တွေပါပဲ။ ကေအခုလိုပြောပြရတာဟာ နောက်လူတွေ သင်ခန်းစာယူနိုင်အောင်လို့ပါ။ လူတစ်ယောက်ရဲ့ တဒင်္ဂအမှား၊ အဲဒီအမှားကို ဖုံးကွယ် ထားလိုက်လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲရလဒ်တွေတွေကို အခြားသူတွေ သင်ခန်းစာယူစေချင်ပါတယ်။ ကေလည်း ဘ၀ဆက်တိုင်းမှာ ဒီလိုဒုက္ခဆင်းရဲမျိုးမှ ကင်းလွတ်ပါစေလို့လည်း ဆုတောင်းမိပါတယ်။

ကေ့ဘ၀ရဲ့နောက်ဆုံးအချိန်အထိ ကေ့ကိုအားပေးထောက်ကူခဲ့တဲ့ အသိပညာပေးနေတဲ့အဖွဲ့ကြီး ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ လူသားထုအကျိုးကို ဒီထက်ပို၍ သယ်ပိုးဆောင်ရွက်နိုင်တဲ့အဖွဲ့ကြီး ဖြစ်ပါစေလို့လည်း ကေအမြဲဆုတောင်းပါတယ်။ ကျန်းမာရေးအသိပညာပေးနေတဲ့ အဖွဲ့ကြီးရဲ့ လုပ်ဆောင်ပေးမှုတွေ က ကေတို့လို့ အမှောင်ထဲ ရောက်နေသူတွေအတွက် အလင်းတန်းတစ်ခုလို့ပဲ ကေမှတ်ယူထားမိပါ တော့တယ်။

xxxxxxxxxxx

ကေခိုင်ပြောပြခဲ့လို့ သူ့ဘ၀အကြောင်းကို ကျွန်မအားလုံးသိခဲ့ရပါတယ်။ သူကလည်း သူ့ဘ၀ အကြောင်း သူများတွေကို သင်ခန်းစာယူနိုင်အောင် ပြောပြပေးပါလို့လည်း ပြောခဲ့ပါတယ်။ အခုဆိုရင် ကေခိုင့်သမီးလေးဟာ ကျန်းမာရေးပညာပေးအဖွဲ့တစ်ခုမှာ အားတက်သရောနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒီလိုမျိုးတွေ့ရတော့ ကျွန်မရင်ထဲမှာ ဖော်မပြနိုင်လောက် အောင် အလွန့်အလွန်ကို ၀မ်းသာကြည်နူးနေရပါတယ်။ နောက်နောင်လည်း ဒီလို စေတနာ့ဝန်ထမ်း လေးတွေ ပေါ်ပေါက်လာအောင် ထာဝစဉ် မွေးထုတ်ပေးသွားနိုင်ပါစေ လို့လည်း ဆုတောင်းနေမိပါတော့သည်။ ကေတို့လို AIDS ရောဂါသည်တွေအတွက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းတွေက အမှောင်ထဲက အလင်းတန်း တစ်ခုပါလို့ ကေကပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းလေးရဲ့ခေါင်းစဉ်ကို “အမှောင်ထဲက အလင်းတန်း”လို့ ပေးလိုက်ရခြင်း ဖြစ်ပါသည်။

ဝိုင်း

MMSY - အမှောင်ထဲက အလင်းတန်း


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top