26
Aug

ခေတ်သစ် မာသာထရီဇာ

ဒေါ်ဖြူဖြူသင်းကား မာသာဖြူဖြူသင်းဟု ဆိုရလောက်အောင် အိတ်ခ်ျအိုင်ဗီရောဂါသည်များကို မိခင်ရင်းတစ်ဦးသဖွယ် စောင့်ရှောက်ကျွေးမွေးနေသူဖြစ်သည်။ အိတ်ခ်ျအိုင်ဗီရောဂါသည်ပေါင်း သုံးရာကျော်တို့သည် ကာကွယ်ဆေးထုတ်ရန် ရန်ကုန်သို့ လာကြရသည်။ ထိုဆေးကို ဟော်လန်နိုင်ငံမှ လှူဒါန်းပေးသည်။

ရန်ကုန်ရောက်သောအခါ တည်းခိုစရာ အခက်အခဲ ဖြစ်ကြရသည်။ ထိုရောဂါသည်ဆိုလျှင် မည်သည့်အိမ်၊ မည်သည့်တည်းခိုခန်းကမှ လက်မခံပေ။ ထိုရောဂါသည် သုံးရာကျော်ကို လက်ခံသောအိမ်ကား တစ်အိမ်သာရှိသည်။ ထိုအိမ်ကား ဒေါ်ဖြူဖြူသင်းမိသားစု၏ အိမ်ပင်ဖြစ်၏။

လူနာပေါင်း သုံးရာကျော်ကို သူတို့မိသားစုပိုင် အိမ်နှစ်အိမ်တွင် ခွဲထားပေးသည်။ လူနာများအတွက် စား၊ ဝတ်၊ နေရေး အပြင် သေရေအတွက်ပါ တာဝန်ယူရသည်။ ထိုရောဂါဖြစ်ပြီဆိုလျှင် မိသားစုကပါ စွန့်ပစ်တတ်ကြသည်။ သေပြီဟု ကြားလျှင်လည်း မည်သူမျှ လိုက်မလာတတ်ကြပေ။ ထို့ကြောင့် သင်္ဂြိုလ်ဖို့ပါ ဒေါ်ဖြူဖြူသင်းက တာဝန်ယူရခြင်းဖြစ်သည်။

ထိုမျှနှင့် မပြီးသေး။ ရက်လည်ဆွမ်း၊ လပတ်ဆွမ်း လှူပေးဖို့အတွက်လည်း ဆက်လက်တာဝန်ယူရသေးသည်။ ဒေါ်ဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သောကြောင့် စစ်တပ်အစိုးရက အမျိုးမျိုးဒုက္ခပေးသည်။

တစ်ခါကဆိုလျှင် ရေဂါသည်တစ်ယောက်၏ ရက်လည်ဆွမ်းကျွေးရန် ဒေါ်ဖြူဖြူသင်းတို့အဖွဲ့က ကွယ်လွန်သူ တည်းခိုရာအိမ်သို့ ရောက်လာကြသည်၊ ဒေါ်ဖြူဖြူသင်းအိမ်တွင် မဆန့်သော လူနာများကို တခြားမြို့၊ တခြားရပ်ကွက်များတွင် အိမ်ငှားပေးကြသည်။ သာကေတနှင့် ဒေါပုံတွင် အများဆုံးငှား ဖြစ်ကြသည်။

ထိုအိမ်တွင် အိပ်ရမည်ဖြစ်သောကြောင့် ဆွမ်းချက်ရမည့် အဖွဲ့သားအားလုံး ဧည့်စာရင်းသွားတိုင်ကြသည်။ ရပ်ကွက်ဥက္ကဋ္ဌက တိုင်စရာမလိုဟုဆိုကာ ပြန်လွှတ်လိုက်သည်။ အဟုတ်မှတ်ပြီး ပြန်လာကြသည်။ ညရောက်သောအခါ ရဲများပါခေါ်လာပြီး ဧည့်စာရင်းစစ်ကာ ဒေါ်ဖြူဖြူသင်းတို့ တစ်ဖွဲ့လုံးကို ထောင်ချပစ်လိုက်သည်။

၂၀၀၂ ခုနှစ်ကတည်းက ထိုလုပ်ငန်းကိုစခဲ့ရာ ယခုအခါတွင် ဆယ်နှစ်ကျော်ခဲ့လေပြီ။ ထိုဆယ်နှစ်ကျော်အတွင်း ဒေါ်ဖြူဖြူသင်းကို နိုင်ငံတကာမှလည်း အကူအညီမပေးခဲ့ကြ။ ပါတီဝင်တစ်ယောက် ဖြစ်နေသောကြောင့် ဟုဆိုသည်။

စစ်တပ်အစိုးရကား မကူညီသည့်အပြင် အနှောက်အယှက်ပင် ပေးလိုက်သေးသည်။ ပြည်သူများကလည်း မကူညီကြ။ စစ်တပ်အစိုးရကို ကြောက်သောကြောင့် ဖြစ်သည်။ ထိုသို့ အခက်အခဲများကြားထဲက ဆယ်နှစ်ကျော်ကြာသည်အထိ မယိုင်မလဲ ခိုင်မြဲအောင် လုပ်ဆောင်နိုင်ခြင်းသည် မေတ္တာစေတနာ အတော်ကြီးမားသောကြောင့်သာ ဖြစ်သည်။

ဒေါ်ဖြူဖြူသင်းသည် ထိုလူနာများအတွက် ဖခင်အသက်ကိုပင် စွန့်ခဲ့ရသည်။ တစ်ခါတွင် ဒေါ်ဖြူဖြူသင်းသည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရန် ရွှေတိဂုံဘုရားတွင် ဆုတောင်းသော အပြစ်ကြောင့် စစ်အစိုးရက လိုက်ဖမ်းရာ ထွက်ပြေးတိမ်းရှောင် နေရသည်။

သို့သော် မြေအောက်လောကမှာပင် လူနာများ ဆေးသောက်ချိန်၊ ထမင်းကျွေးချိန် စသည်တို့ကို ဖုန်းဖြင့်ညွှန်ကြားနေရသည်။ ထိုအချိန်မှာပင် ဖခင်ဖြစ်သူသည် ကြီးကျယ်သော ရောဂါတစ်ခုဖြစ်ကာ ဆေးရုံတင်လိုက်ရသည်။ ဖခင်ရောဂါ အခြေအနေက အတော်ဆိုးနေသဖြင့် ဒေါ်ဖြူဖြူသင်းသည် ဖမ်းလိုက ဖမ်းတော့ဟု ဆုံးဖြတ်ပြီး ဖခင်ထံလာရန် ပြင်ဆင်သည်။

ထိုအချိန်မှာပင် ဖခင်က ပြန်မလာဖို့ ဖုန်းလှမ်းဆက်သည်။ ဒေါ်ဖြူဖြူသင်းသာ ထောင်ထဲရောက်သွားလျှင် လူနာသုံးရာကျော်ကို စောင့်ရှောက်မည့်သူ ရှိတော့မည်မဟုတ်ချေ။ ထို့ကြောင့် ဖခင်ဖြစ်သူက သူ့ကိုလာမကြည့်ရန် ဖုန်းဆက်ခြင်းဖြစ်သည်။ တစ်ရက်တွင် ဆေးရုံတွင်း၌ ရဲများနှင့် သူနာပြုများ ဝရုန်းသုန်းကား အော်ဟစ်ပြေးလွှား နေသောအသံသည် ဆေးရုံတစ်ခုလုံး ဆူညံသွားသည်။

ရောဂါသည်းနေသည့်ကြားထဲက ဖခင်သည် ဘာဖြစ်ကြတာလဲဟု စုံစမ်းကြည့်သောအခါ ဒေါ်ဖြူဖြူသင်းကို လာဖမ်းနေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် နှလုံးရပ်ကာ တစ်ခါတည်း ဆုံးသွားရှာတော့သည်။ သမီးဖြစ်သူသည် အဖေဇောဖြင့် ဆေးရုံသို့ တားနေသည့်ကြားက ဇွတ်လိုက်လာခြင်းကြောင့် အဖမ်းခံသွားရသည်ဟု ထင်သွားခြင်းဖြစ်သည်။

အမှန်ကား ထိုသို့မဟုတ်။ ထိုဆေးရုံမှ သူနာပြုမလေး တစ်ယောက်၏အမည်သည် တိုက်တိုက်ဆိုင်ဆိုင် ဖြူဖြူသင်းပင် ဖြစ်နေသည်။ ထောက်လှမ်းရေးများက နာမည်သတင်းရသည်နှင့် ဒေါ်ဖြူဖြူသင်းထင်၍ အတင်းဝင်ဖမ်းကြခြင်း ဖြစ်သည်။

ကိုရာဇာသည် ဒေါ်ဖြူဖြူသင်း၏ ညာလက်ရုံးတစ်ယောက်ဖြစ်သည်။ အရင်က ဂီတသမားယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်ဖြင့် အချိန်ကုန်နေသူ တစ်ယောက်ဖြစ်သည်။ ဒေါ်ဖြူဖြူသင်းနှင့်လည်း မသိသေးပေ။ တစ်ခါတွင် ကိုရာဇာ၏ မိတ်ဆွေတစ်ဦး အေရောဂါစွဲကာ အိပ်ယာထဲလဲတော့သည်။

ထိုရောဂါမှန်း သိသွားသည်နှင့် သူစိမ်းမဆိုထားနှင့် မိသားစုချင်းကပင် ပြုစုစောင့်ရှောက်မှု မရှိတော့ပေ။ အခန်းထဲတွင် သည်အတိုင်း ပိတ်ထာလိုက်ကြသည်။ ထိုအချိန်ကတည်းက ဒေါ်ဖြူဖြူသင်းသည် အေရောဂါသည်များရှိရာသို့ လိုက်လံအားပေးပြုစုနေပြီဖြစ်သည်။ ကိုရာဇာ၏ အကူအညီတောင်းမှုအတွက် ဒေါ်ဖြူဖြူသင်းသည် လူနာရှိရာသို့ လာရောက်ပြုစုပေးသည်။

လူနာ၏ အခန်းတံခါး ဖွင့်လိုက်သည်နှင့် လူနာ၏ကိုယ်မှ စိမ်းရွှေရွှေရောဂါအနံ့များ ကျင်ကြီးနံ့၊ ကျင်ငယ်နံ့များသည် ထောင်းထောင်းထကာ ပြေးထွက်လာတော့သည်။

သူငယ်ချင်း အရင်းခေါက်ခေါက် ကိုရာဇာသည်ပင် အခန်းပေါက်ဝတွင် ပျို့မလို၊ အန်မလိုဖြစ်နေသော်လည်း ဒေါ်ဖြူဖြူသင်းကား မိခင်တစ်ယောက်ပမာ လူနာကို ပွေ့ချီကိုင်တွယ်ပြီး တတွတ်တွတ် အားပေးစကားပြောနေသည်။

လူနာ၏ပုဆိုးများ၊ အင်္ကျိင်္ီများကို ချွတ်ပစ်ကာ ဆပ်ပြာမှုန့်နှင့် လျှော်ဖွတ်ပေးသည်။ လူနာ၏ ပေါင်ကြိုပေါင်ကြားပါ မကျန်တစ်ကိုယ်လုံးကိုလည်း ရေပတ်တိုက်ကာ ကြေးချွတ်ပေးသည်။

ထိုအချိန်က ဒေါ်ဖြူဖြူသင်းသည် အသက်သုံးဆယ်အရွယ် အပျိုတစ်ယောက်သာဖြစ်သည်။ အပျိုတစ်ယောက်က သွေးသားမစပ် သူစိမ်းယောက်ျားတစ်ယောက်၏ တစ်ကိုယ်လုံး ရေပတ်တိုက်ပေးနိုင်ဖို့ ဟူသည်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။ တစ်ခါကလည်း လူလတ်ပိုင်း အမျိုးသားကြီးတစ်ယောက်ကို ဒေါ်ဖြူဖြူသင်းက ရေပတ်တိုက်ပေးနေသည်ကို မြင်သွားသော အလှူရှင်များက ယောက်ျားအပေါ် တော်တော်ကြင်နာတဲ့ အမျိုးသမီးပဲဟု ချီးမွမ်းသွားလေသည်။

ထိုလုပ်ဆောင်ချက်များကြောင့် ဒေါ်ဖြူဖြူသင်းကို မေတ္တာရှင်ပရဟိတစံပြဆုကို ချီးမြှင့်ရခြင်းဖြစ်သည်။ “သူတစ်ပါးခန္ဓာနဲ့ နာဖျားနေကြသူများ” စာအုပ်တွင် ဒေါ်ဖြူဖြူသင်းအကြောင်းကို အကျယ်ဖတ်နိုင်ပေသည်။

ယခုအခါ ဆရာဦးစိုးမြင့်(မေတ္တာရှင်-ရွှေပြည်သာ)မှ ဒဂုံအရှေ့ပိုင်းမြိုနယ်၊ အမှတ်(၆)ရပ်ကွက်၊ ခါတော်မှီ(၁)လမ်း၊ မြေကွက်အမှတ်(၄၉၈၊ ၄၉၉၊ ၅၀၀၊ ၅၀၁)၊ မြေ ၄ ကွက်ကို HIV ရောဂါဝေဒနာရှင်များ တည်းခိုကုသနိုင်ရန်အတွက် လှူဒါန်းပြီးဖြစ်ပါသည်။

ထိုမြေကွက်များပေါ်၌လည်း HIV ဂေဟာ၊ သုံးထပ်အဆောက်အဦးတစ်ခုကို ဆရာဦးစိုးမြင့် မှ ကျပ်သိန်း(၂၃၀) ကျော် မတည်လှူဒါန်းပြီး၊ ဆောက်လုပ်ဆဲဖြစ်ပါသည်။ အဆောက်အဦးမှာ မပြီးဆုံးသေးပါ။ လိုအပ်ချက်များစွာ အခက်အခဲများစွာ ရှိနေပါသေးသည်။

လက်ရှိ HIV လူနာများ တည်းခိုဆေးကုသရန် အခက်အခဲများကို ဒေါ်ဖြူဖြူသင်း၏ မိဘများနေအိမ်၌သာ ယာယီမှီခို ကုသနေရဆဲ ဖြစ်ပါသည်။

မေတ္တာစေတနာ ကြီးမားလှသည့် ဒေါ်ဖြူဖြူသင်း၏ ပရဟိတ HIVဝေဒနာရှင်များအား ကူညီစောင့်ရှောက်နိုင်ရေးလုပ်ငန်းကို fb မိတ်ဆွေများအနေဖြင့် ဝိုင်းဝန်းကူညီ လှူဒါန်းပေးပါရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါသည်။

မေတ္တာရှင်-ရွှေပြည်သာ
ဘဝကို အသေသတ်သောစိတ် စာအုပ်မှ ကူးယူဖော်ပြပါသည်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန် -
ဒေါ်ဖြူဖြူသင်း
ဖုန်း - ၀၉ ၅၀၂၄၀၅၆

အမှတ် (၄၉၈၊ ၄၉၉၊ ၅၀၀၊ ၅၀၁)၊
ခါတော်မှီ(၁)လမ်း၊ (၆) ရပ်ကွက်၊
ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Shin Kyat Mouk - ခေတ်သစ် မာသာထရီဇာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top