23
Mar

ဝေးလွင့်လရိပ်



ဒီဇင်ဘာ
၃ရက်နေ့က ဆေးရုံကုတင်ပေါ်မှာ ခွေခွေလေး လဲလျောင်းနေတဲ့ သူကလေးကို စကားသွားပြောတော့ သူ့ခမျှာ
စကားများများ မပြောနိုင်ပဲ မောနေပါတယ်။ တကယ်ဆိုသူက ၁၉နှစ် သမီးပဲရှိသေးတာမို့ အားအပြည့်
မာန်အပြည့် သွင်လွင်တဲ့ အနာဂတ်နဲ့ အိမ်မက်တွေ ရှင်သန်နေရမယ့် အရွယ်ပါ။ မိုးသောက်စ လူငယ်ဘဝမှာ
နေခြည်လို လန်းနေရမယ့်သူပါ။ အခုတော့ လရိပ် ဆိုတဲ့ သူကလေးဟာ အလင်းရောင်တွေနဲ့ ဝေးခဲ့ပြီး
HIV အရိပ်မည်းကြီးက သူ့ကို လရောင် နေရောင်တို့နဲ့ ဝေးရာဆီ တရွတ်ဆွဲခေါ်ဆောင်လို့ သွားနေပါပြီ။

သူက
သူ့ကိုယ်သူ ပဲခူးက လာတယ်လို့ ပြောပါတယ်။ အဖေက ငှက်ဖျားရောဂါသည်းလို့ အလုပ်မလုပ်နိုင်တဲ့အတွက်
အမေနဲ့ အစ်မက ဈေးရောင်းရတယ်။ ဘာတွေ ရောင်းသလဲလို့ မေးတဲ့အခါ “ဟိုလေ ဘာခေါ်လဲ ဘယ်လို
ပြောရမလဲ ကွမ်းလေ ကွမ်းယာ ပစ္စည်းတွေ ရောင်းတယ်” လို့ တုံ့တုံ့ဆိုင်းဆိုင်း ဖြေပါတယ်။
သူဟာ အိမ်စီးပွားရေး အဆင်မပြေတဲ့အတွက် ၇နှစ်တန်းအထိသာ နေခဲ့ရတယ်။ သူ့အသက် တစ်ဆယ့်လေးငါးနှစ်ရောက်တဲ့အခါမှာ
မိဘနဲ့ စိတ်ဆိုးပြီး အိမ်က ထွက်ပြေးခဲ့တယ်။ သူငယ်ချင်းတွေနဲ့ မန္တလေးလိုက်လာရင်း ကြုံရာလုပ်ကိုင်
စားခဲ့တယ်လို့ သိရတယ်။ သူငယ်ချင်းတွေက ဘာအလုပ်လုပ်လဲလို့မေးတဲ့ အခါ တချို့ကလည်း ပန်းရံ၊
တချို့ကလည်း ဟလိုလို ဒီလိုလိုပေါ့လို့ ဖြေပါတယ်။

အိမ်က
ထွက်ပြေးလာပြီး သူပြောတဲ့ ဟလိုလိုဒီလိုပေါ့ ဆိုတဲ့ အလုပ်လုပ်ရင်း အသက် ၁၆၊ ၁၇ လောက်မှာ
စပယ်ယာလေး တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ အားကိုးရမလားလို့ ယောက်ျား ယူလိုက်တာလို့ သူက
ဖွင့်ပြောလာပါတယ်။ ဈေးချိုနဲ့ စက်မှုပြေးတဲ့ ကားလိုင်းပေါ်မှာ စပယ်ယာလုပ်တဲ့ ယောက်ျားက
တစ်နေ့ဝင်ငွေ ၉၀၀ ရတယ်။ ပန်းရံ အဖွဲ့တစ်ဖွဲ့မှာ အုတ်သယ်၊ မဆလာသယ် ပန်းရံသမလေး အဖြစ်
ဝင်လုပ်နေတဲ့ သူကိုယ်တိုင်ကတော့ တစ်နေ့ ၅၀၀ ရတယ်။ တံခွန်တိုင်မှာ တလ ၄၀၀၀ နဲ့ အိမ်ငှားနေရင်း
ယောက်ျားနဲ့ ၂နှစ် ကျော် ပေါင်းသင်းနေရာက သားသမီးမရပဲ အကြာခင်ကတော့ အိမ်ထောင်ရေး ပြိုကွဲခဲ့ပါတယ်။
သူက တအား အဆဲသန်တယ်။ ဆက်မပေါင်းနိုင်တော့လို့ လမ်းခွဲလိုက်တာလို့ တခုလပ်အသစ်စက်စက်လေး
ဖြစ်လာရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

ဆေးရုံကို
ရောက်မလာခင်မှာ အကြာခဏ ဖျားတတ်တယ်လို့ သိရတယ်။ ဖျားတဲ့အခါ ဆေးမြီးတိုနဲ့ ကုရင်း လွန်ခဲ့တဲ့
၁၅ရက် ကျော်ကျော်လောက်ကစပြီး အစားအသောက် ပျက်လာတယ်။ ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး
အမောမခံနိုင်ဖြစ်လာတယ်။ အားကိုးရာမရှိတဲ့သူ့မှာ စားဝတ်နေရေး အတွက် နေမကောင်းတဲ့ကြားက
အလုပ်အသွားမှာ သတိလစ် မူးလဲသွားတဲ့အတွက် ဆေးရုံကို ရောက်ပါတယ်။ သူ့ကို ဘယ်သူတွေက ဆေးရုံကို
လာပို့သွားကြတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိပါဘူး။

ဆွေမရှိ
မျိုးမရှိ အသိမိတ်ဆွေ မရှိ လူနာစောင့်မရှိတဲ့ သူဟာ ခု ခုတင်ထက်မှာ စောင်ပါးလေး တစ်ထည်ခြုံလို့
ကျုံ့ကျုံ့လေး နေပြီး အအေးဒါဏ်ကို ကာကွယ်နေတယ်။ ဆေးရုံက ဆင်းခွင့်ရရင် မိဘ အိမ်ပြန်မှာလားလို့
မေးတော့ “ အဖေရော အမေရော ဆုံးသွားပြီ” လို့ပြောပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားချင်းဖြစ်တဲ့
အစ်မနဲ့တော့ အဆက်အသွယ်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ သူကတော့ သူ့ဇာတိ မပြန်ပဲ သူငှာားထားတဲ့
အိမ်လေးဆီပဲ ပြန်မယ်တဲ့လေ။ “ အိမ်လခ မပေးနိုင်ရင် အိမ်ရှင်က ဆက်ထားပါ့မလား” ပူပန်မိတော့
သူက “အိမ်ရှင်က သဘောကောင်းပါတယ်။ ရင်းလည်း ရင်းနှီးနေပြီဆိုတော့ ဆက်ထားမယ်လို့ ထင်တာပဲလေ”
လို့ အသံယဲ့ယဲ့နဲ့ ပြောပါတယ်။

နှုတ်ခမ်းပါးပါးလေးနဲ့
သူ့ရဲ့ချစ်စရာ ကောင်းတဲ့ မျက်နှာ ဝိုင်းဝိုင်းလေးမှာ မျက်လုံး၊ မျက်ခုံးလေးတွေက ထူးထူးခြားခြား
လှနေပါတယ်။ ဆံပင် ခပ်တိုတို ညှပ်ထားပြီး ဇာဖဲပွင့်နဲ့ အနားကွပ်ထားတဲ့ ရှန်သား အင်္ကျီလေး
ဝတ်ထားတဲ့ သူ့ကို ကြည့်ရတာ အရွယ်မရောက်သေးတဲ့ တကယ့်ကလေးလေး တစ်ယောက်လိုပါပဲ။ ဘယ်ဘက်လက်
သူကြွယ်မှာ ပလတ်စတစ်နဲ့ ရက်ထားတဲ့ ပန်းဆီရောင် တောက်တောက် လက်စွပ်လေးဝတ်ထားတဲ့ သူကလေးရဲ့
အသားအရေကတော့ မွဲခြောက်ခြောက် နိုင်လှပါတယ်။

ရုပ်ရည်လေး
လှပပေမဲ့ ဘဝမလှရာတဲ့ သူကလေး HIV/AIDS က တစ်စထက်တစ ထိုးနှက် တိုက်ခိုက်လာရင်ဖြင့် ဆိုတဲ့
အတွေးကို ဆက်မတွေးရဲတော့လောက်အောင်ပါပဲ။ ဆေးရုံကုတင် အောက်မှာ ချွတ်ထားတဲ့ သူ့ရဲ့ကတ္တီပါ
ပုံဖေါ် ဖိနပ် ပိတောက်ခြောက်ရောင်လေးက သူ့ကို ဘယ်ဆီခေါ်ဆောင် သွားလေဦးမလဲ။

သူ့ဘဝရဲ့
နောက်ဆုံး နေ့ရက်တွေဟာ အကြင်နာနဲ့ ပြုစု စောင့်ရှောက်ကြမယ့် ဆရာဝန်တွေ သူနာပြုတွေ ဆေးရုံဝန်ထမ်းတွေ
ထိရောက်တဲ့ ဆေးဝါး ဓါတ်စာ အာဟာရတွေ ကရုဏာနဲ့ ကမ်းလင့်လာမယ့် ဖေးမ ကူညီမှုတွေ ပေါ်မှာ
လုံးလုံးလျားလျား တည်မှီလို့သာ နေပါတယ်။

 

အေးမြချမ်း
၏ “ကမ္ဘာကြီး ကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top