7
Jun

သွေး

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

ကိုယ့်မှာ   HIV  ရှိတယ်ဆိုတာမသိခင်  ကတည်းက  တရပ်ထဲနေ သူငယ်ချင်းတစ် ယောက်ဖြစ်တာ တွေ့ဖူးတယ်။ အတူစား၊ အတူသွား၊ အတူလာပဲ။သူ့အမေကဖာခေါင်း။ သူ့အိမ်ကဟာတွေဆီကကူးတာပဲလို့ ထင်ခဲ့တာ။ သူ့ကို ခွဲခြားပြီးမဆက်ဆံခဲ့ဘူး။ အတူသွား၊ အတူလာတာနဲ့ မကူးနိုင်ဘူးဆိုတာကိုသိတယ်လေ။

 ကျွန်တော်မှာ HIV ပိုးရှိနေပြီလို့ (၂၀၀၇) လောက်မှသိတာ။ အရိုး အဆစ်တွေ ကိုက်လို့ ခြေထောက် တစ်ဖက် ဖြတ်လိုက်ရတယ်။ သွေးကြောပုတ် ရောဂါဆိုလား။ ဆေးလိပ် တွေ တအားသောက်လို့ လို့ ဆရာဝန်က ပြောတာဘဲ။ ကျွန်တော်ကလဲ ခုနှစ်နှစ်သား လောက် ကတည်းက သောက်ခဲ့တာ။ အဲဒီ  ခြေထောက်ဖြတ်ရ တုန်းက HIV ရှိတာ သိရတာပဲ။ ဆေးရုံကဆင်းတော့ အမေနဲ့ မိသားစုက သူတို့နဲ့ အတူအနေ မခံတော့ဘူး။ စားအိုး၊ စားခွက်၊ သောက်ရေအိုးအတူ အသုံးမခံတော့ဘူး။ အိမ်လေးတစ်အိမ် သီးသန့်ခွဲ ဆောက်ပေးတယ်။ အဲဒီတော့ ၀မ်းလဲနည်းတယ်။ ဒေါသလည်း ထွက်တယ်။ ကျွန်တော် တစ်ယောက်တည်းပဲ နေရတယ်။

 ညည မိသားစုနဲ့ TV ကြည့်တာကို ကူးမှာကြောက်လို့ အကြည့်မခံဘူး။ ကျွန်တော် ထိုင်ကြည့်တဲ့ ခုံကို အစ်ကိုက ရိုက်ချိုးပစ်လိုက်တယ်။ အရပ်ထဲက ကျွန်တော် နှိပ်ပေးနေကျ လူတစ်ယာက်ကလည်း ကျွန်တော့ကို အနှိပ်  မခံတော့ဘူး ။ တူမလေးကို ချီတော့လဲ သူ့ အမေက အချီမခံတော့ဘူး။ အဲဒီတော့ ဘယ်မှမထွက်တော့ဘဲ အိမ်ထဲမှာပဲ အောင်းနေဖြစ် တော့တယ်။ မိသားစုထဲက တစ်ယောက်က ရပ်ကွက်ထဲ လျှောက်ပြောတော့ တစ်ရပ်လုံး သိကုန်တယ်။
                  
နောက်တော့ ရွှေခြင်္သေ့ရောက်သွားတော့ ရွှေခြင်္သေ့ကလူတွေ ခဏခဏလာတယ်။ သူတို့က အိမ်သာ အတူတက်လို့ မကူးနိုင်ဘူးပြောတယ်။ ရေအတူသောက်၊ ထမင်း အတူစားတာနဲ့ မကူးနိုင်ဘူးလို့ လာတိုင်း ပြောတယ်။ ရွှေခြင်္သေ့  သင်တန်းတို့၊ တွေ့ဆုံပွဲ တို့က ပြန်လာရင်လည်း ပညာပေး စာအုပ်တွေကို အမေ့ကို ဖတ်ပြတယ်။ မနှစ်က မခင်မိုးမိုးလွင်လာပြီး သူလည်းပဲ ဝေဒနာရှင်ပါ။ မိသားစုက ခွဲခြားဆက်ဆံခြင်း ခံရတယ်။ အခုတော့ ပြေလည်နေပါပြီလို့ သူ့အကြောင်းကို ပြောသွားတယ်။ အဲဒါတွေကို အမေက အိမ်ထဲကနေ နားထောင်နေပြီး သူပြန်သွားတော့ ငိုတော့တာပဲ။ အဲဒီနောက်တော့ မိသားစုက ခွဲခြားဆက်ဆံခြင်း လျော့နည်းလာတယ်။ အဲဒီနောက် အိမ်သာလည်း ခွဲမထားတော့ဘူး။ အစားအသောက်လည်း အတူ စားလာတယ်။ တခါတလေ သူတို့အတွက် ကျွန်တော်ကိုယ်တိုင် ထမင်းချက်ပေးရတယ်။ အခုကျွန်တော်က ကျန်းမာရေး ကောင်းလာပြီး တဖြည်းဖြည်း ဝလာတယ်။ ထင်းကူခွဲ  ပေးတယ်။ အိမ်က အကြော်ရောင်း တယ်လေ၊ အကြော်ကြော်ဖို့အတွက် တိုဟူးကျိုပေးတယ်။ ရောဂါကြောင့် တော့ ခွဲခြားမှု မရှိတော့ပါဘူး။
                  
တကယ်လို့သာ ရွှေခြင်္သေ့အဖွဲ့နဲ့ မတွေ့ရင် ကျွန်တော်အခုချိန်လောက်ဆို စိတ်ညစ်ပြီး သေလောက် ပြီဗျ။ ဘာသွေးသားမှ မတော်မစပ်တဲ့ လူတွေက အိမ်လာပြီး ပြုစုစောင့် ရှောက်ပေးနေသေးတာ၊ အရင်း အချာကြီးတွေက ပစ်ထားလို့ မဖြစ်ဘူးဆိုပြီး သဘောထား ပြောင်းလာကြတယ်။
                  
ကျွန်တော် ၁၆ နှစ်သားလောက်မှာ အိမ်ထောင်ကျတယ်။ ငါးနှစ်လောက် ပေါင်းပြီး အဲဒီ   အမျိုးသမီးနဲ့ ကွဲသွားတယ်။ အဲဒီနောက် မိသားစုနဲ့  ပြန်မနေတော့ပဲ ကျွန်တော် တစ်ယောက်တည်း နေတယ်။ အလုပ်ကတော့ ဆိုက်ကား နင်းတယ်။ အဲဒီ နောက် မိသားစုနဲ့ ပြန်နေတယ်။ ပထမအိမ်ထောင်နဲ့တုန်းက တောင်သူလုပ်တယ်။ မိန်းမရွာ သွားပြီး လုပ်တာ။ ကျွန်တော့်   မိသားစုက အစ်ကို တစ်ယောက် အစ်မ တစ်ယောက် ညီမ တစ်ယောက် ရှိတယ်။ အစ်ကိုက လက်သမားလုပ်တယ်။ အစ်ကိုနဲ့လက်သမား လိုက်လုပ် တယ်။ နောက်တော့ အစ်ကိုနဲ့ ရန်ဖြစ်ပြီး မလုပ်တော့ဘူး၊ ဆိုက်ကား နင်းတယ်။အဲဒီနောက် မိန်းမ ၂-၃ယောက်လောက်နဲ့ပတ်သက်ခဲ့ဖူးတယ်။စောစောကပြောတဲ့ကျွန်တော့်သူငယ်ချင်း အိမ်ကပေါ့ဗျာ။
                   
HIV ရှိမှန်းသိရတဲ့ အချိန်ကျ ဒုက္ခိတဖြစ်နေပြီ။ မိသားစုက ကျွန်တော်ကို ခွဲခြားထားတော့ ဒေါသ ထွက်တယ်။ ခြေနှစ်ချောင်း ရှိတုန်းကဆို ဘယ်သူ့မှ ထည့်မတွက် ဘူး။ ခြေနှစ် ချောင်းသာရှိရင် မိသားစု အားလုံးက ထိုင်ကန်တော့   ချင်လောက်အောင် လုပ်ပြနိုင်တယ်။ အခုတော့ ကိုယ်ကဘာမှ မလုပ်နိုင်ဘူး။ သူတို့ကျွေးတဲ့ မဝရေစာဘဲ စားရတယ်။ ဝဝ မကျွေးဘူး။ မဝတော့ ကျွန်တော်က ရပ်ကွက်ထဲ လှည့်တောင်းတယ်၊ တောင်းတာ ကလည်းသူငယ်ချင်း တွေနဲ့ ဆွေမျိုးတွေဆီလောက်ပါပဲ။
       
အဲဒီတော့ အစ်ကိုနဲ့ မိသားစုက ငါတို့မိသားစုကို သိက္ခာချတယ်ဆိုပြီး မကျေနပ် ကြဘူး။ ရပ်ကွက်ကလည်း အိမ်က သွပ်မိုးနဲ့၊ တီဗွီအပေါ်စက် အောက်စက်နဲ့ နေနိုင်လျက် ထွက်တောင်းတော့ ကဲ့ရဲ့ကြတယ်။ ကျွန်တော် တကယ်မဝလို့ ထွက်တောင်း တာပါဗျာ။ သူများအိမ် တောင်းဖို့ဆိုတာ တော်တော် သတ္တိ မွေးရတယ်။ သာမာန် အကောင်းတိုင်းဆို မတောင်းရဲဘူး။ အရက်လေး နဲနဲသောက်ပြီး မူးလာမှ တောင်းရဲတာ။   ခြေထောက်နှစ်ဖက် သာ  ကောင်းတယ်ဆို ဘယ်သူ့ဆီမှ မတောင်းဘူး။ ဘယ်သူ့မှလည်း ထည့်မတွက်ဘူး။ ဆိုက်ကားနင်းမယ်။ ဘူတာမှာ ထမင်းထုပ် ရောင်းမယ်။ အိမ်ကဟာတွေကို ထည့်ကို မတွက်ဘူး။
           
အခုတော့ သူတို့ကလည်း ကျွန်တော့်ကို ကျွေးကြပါတယ်။ ကျွန်တော် ကလည်း စိတ်ကိုထိန်းပြီး တော် တော်ကို အလျှော့    ပေးထားရပါတယ်။ အစ်ကိုက ကျွန်တော်ကို အားကျတာတဲ့ဗျာ။ အမေက ကျွန်တော့်ကို ထမင်းခူး ပေးတယ်၊ ရေခပ် ပေးတယ်၊ ခြင်ဆေး ခွေထွန်းပေးတယ်၊ အဲဒါတွေကို အားကျတာတဲ့လေ။ သူ့ကိုလဲ  လုပ်ပေး စေချင် တာတဲ့ လေ။
        
အခုဆို အိမ်အလုပ်ကလေးတွေကို တတ်နိုင်သလောက်ဝိုင်းကူလုပ်ပေးပါတယ်ဗျာ။ ချိုင်းထောက်နဲ့ ခြေထောက်တစ်ဖက်နဲ့ပဲ အိမ်သာရေကို မဖြစ်ဖြစ်အောင် ဖြည့်တယ်၊ ထင်းခွဲ တယ်၊ တိုဟူးကျိုပေးတယ်၊ ပဲကျိတ်ပေးတယ၊် ထမင်းချက်ပေးတယ်……။

အမည်မဖော်လိုသူတဦး (ဇွန် ၄၊ ၂၀၁၁)
မိုးမခ - သွေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top