21
Mar

ခြေတော်ရာရဲ့ ပုံရိပ်



ပျို့အံချင်စရာ
ကောင်းတဲ့ စူးအဲ့အဲ့ အနံ့ဆိုးတစ်ခုဟာ သစ်လွင်နေဆဲ အဆောက်အဦ တစ်ခုထဲကနေ အန်ထွက်တာလာတယ်။
အဆောက်အဦအတွင်းမှာတော့ အရိုးပေါ်အရေတင် မျက်တွင်း ဟောက်ပက် အသားအရေ မွဲခြောက် ခြောက်နဲ့
သေလုမျောပါး လူနာတွေဟာ ဖြူလွလွ အိပ်ရာခုတင်တွေထက်မှာ တုံးလုံးပက်လက် လဲလျောင်းနေကြတယ်။
မသတီစရာ ပြည်တည်နာတွေဟာ မြင်မကောင်း ရှူ့မကောင်း ရှိနေပေမဲ့ ဖရာဘတ်နမ်ဖူ ဘုန်းကြီးကျောင်းက
သူနာပြုတွေကတော့ ဂရုတစိုက်နဲ့ ကြင်ကြင်နာနာ ပြုစုပေးနေကြတယ်။

ဘန်ကောက်မြို့ရဲ့
မြောက်ဘက် ကီလိုမီတာ ၁၂၀ (၇၅) မိုင်အကွာ လော့ဘူရီခရိုင်က ခြေတော်ရလို့ အဓိပ္ပါယ်ရတဲ့
ဖရာဘတ်နမ်ဖူဟာ HIV/AIDS လူနာ ၄၀၀ ကျော်အတွက် အိုအေစစ်ပါပဲ။ လူနာတွေအတွက် စားဝတ်နေရေး
လိုအပ်ချက်တွေအပြင် အခမဲ့ ဆေးကုပေးရာ နေရာတစ်ခုလည်း ဖြစ်တယ်။ တောရိပ် တောင်ရိပ် သစ်ကြီး
ဝါးကြီးရိပ် အာဝါသတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဒီကျောင်းကို  ၁၉၉၂ ခုနှစ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့
ထိုင်းလူမျိုး ဆရာတော် ဒေါက်တာ အလောင်ကော့ ဒီခပန်ညို က AIDS ဝေဒနာသည်တွေကို စောင့်ရှောက်ရာ
ဘုန်းတော်ကြီး ကျောင်း ၂၃ကျောင်းရှိတဲ့အနက် ဒီကျောင်းတိုက်ကလည်း အပါအဝင်ဖြစ်တယ်။

လူမမာတွေကို
ကူညီ စောင့်ရှောက်တာဟာ ထိုင်းလူမျိုး ဓလေ့မှာတော့ ဘုန်းကြီးတွေ ဘုန်းကြီးကျေင်း တွေရဲ့
တာဝန်ပဲလို့ ဆရာတောက မိန့်ပါတယ်။ သက်တော် ၅၀ ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ သာသနာ့ ဘောင်မဝင်ခင်က
အင်ဂျင်နီယာ တစ်ဦးဖြစ်ခဲ့ပြီး သြစတြေးလျနိုင်ငံကနေ ဘွဲ့လွန်ခဲ့သူ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ
ထုံးစံအရ ပဉ္စခံပြီး ဦးပဉ္စင်းငယ်ဘဝမှာ လမ်းဘေး တစ်နေရာကနေ AIDS ကြောင့် သေခါနီးဆဲဆဲ
လူနာတစ်ယောက်ကို တွေ့ခဲ့တယ်။ ဒီလူနာ မသေခင် လက်ကလေးတွေကို ဆုပ်ကိုင်ကာ အားပေးခဲ့စဉ်ကစလို့
ဆရာတော်ဟာ သာသနာ့ဘောင်ထဲ ခြေစုံပစ်ဝင်ပြီး ရောဂါသည်တွေအတွက် စိတ်ရောကိုယ်ပါ နှစ်ပြီး
လုပ်ဆောင်တော့တယ်။

ဦးပဉ္စင်းရဲ့
အလုပ်ကတော့ AIDS လူနာတွေကို နောက်ဆုံးအချိန်မှာ အေးအေး ချမ်းချမ်းနဲ့ ညင်ညင်သာသာနဲ့
ဘဝကူးကောင်းအောင် လုပ်ပေးတာပါပဲ။ ဒီလူနာတွေဟာ အနှေးနဲ့ အမြန်သေကြ မှာဖြစ်လို့ အချို့လူတွေက
ဒီအလုပ်ကို အကျိုးမရှိဘူးလို့ ပြောကြတယ်။ ဆရာတော်က သူ့ကျောင်း ဆောင်လေးထဲမှာ ခေတ္တခဏ
နားနေရင် မိန့်ကြားနေတာ ဖြစ်ပါတယ်။ အားလုံးဟာ တစ်နေ့ သေကြမယ့် သူတွေချည်းပဲလေ။ တကယ်တော့ဒီလူနာတွေကို
သနားဂရုနာနဲ့ ကူညီ စောင့်ရှောက် သင့်ပါတယ်။ သူတို့ကို ကျောခိုင်းပြီး ဥပေက္ခာ ပြုမယ်ဆိုရင်
ကိုယ့်ကိုယ်ကို လူလို့ ဘယ်ခေါ်နိုင် ပါတော့မလဲ။

ဒီကျောင်းတိုက်မှာ
လူနာတွေအတွက် လစဉ် ဘတ်ငွေ သုံးသန်းကျော် သုံးစွဲနေရပြီး ၉၀ ရာခိုင်နှုန်းကို အလှူရှင်တွေဆီက
ရရှိပြီး အစိုးရဆီက ၅ ရာခိုင်နှုန်း ထည့်ဝင်ပါတယ်။ အစိုးရက ထည့်ဝင် လှူဒါန်း မှုမှာ လူနာ
၆၄ ယောက်အတွက် ARV ဆေးပါဝင်ပြီး ဖြစ်ပါတယ်။ အေအာဗွီဆေးဟာ ခန္ဓာကိုယ်တွင်း HIV ပြန့်ပွားနှုန်းကို
လျော့ချတဲ့ ဆေးပါ။ ခေတ်မီဆေးဝါးတွေအပြင် လူနာတွေ လက်ခံမယ်ဆိုရင် တိုင်းရင်းဆေးနဲ့ပါ
ကုသပေးပါတယ်။

လူနာတွေအတွက်
ဆေးကုသမှုမပြင် အခြား အစီအစဉ်တွေလည်းရှိပါတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေ တရားထိုင်စေတာတွေ
ယောဂ ကျင်စဉ်တွေအပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း စတာတွေလည်းရှိတယ်။

လူနာတွေ
အခေါင်းသယ်ပြိုင်ပွဲ ကျင်းပနေကြပုံ အေရိုးဗစ် ကစားနေကြပုံ စတဲ့ ဓါတ်ပုံတွေကိုလည်း ကျောင်းဝင်
တစ်နေရာက ပြတိုက်ထဲမှာ တွေ့ရတယ်။ အဲဒီ ပြတိုက်ထဲမှာ ရောဂါပိုးအကြောင်း သိမှတ်စရာအပြင်
HIV ရဲ့ ပုံစံကိုလည်း တင်းတောင် တစ်တောင်းအရွယ် ပြုလုပ်ထားပြီး ပြသထားတယ်။ ဒါတင်မက
HIV/AIDS နဲ့ ပတ်သက်ရာ အင်တာနက် ဝက်ဆိုက် တွေကိုလည်း ဖေါ်ပြထားတယ်။

ဒါ့အပြင်
ဆေးကုသမှု ခံယူပြီး နလန်ထူလာတဲ့ လူနာတွေအတွက် ကျောင်းဝင်းထဲမှာပဲ အလုပ်အကိုင် စီစဉ်ပေးတယ်။
ထမင်းချက် သန့်ရှင်းရေး လုံခြုံရေး စတဲ့ နေရာတွေမှာ ထိုက်သင့်တဲ့ လုပ်အားခ ခံစားခွင့်ရှိတယ်။

လူနာ
၂ ယောက်နဲ့ စတင်ခဲ့တဲ့ ခြေတော်ရာ ကျောင်းတိုက်မှာ အခုဆိုရင် အထူးကြပ်မတ်ဆောင် အပါအဝင်
နောက်ထပ် ကုသဆောင် တစ်ခုအပြင် သစ်သားအိမ်လေးတွေထဲမှာလည်း လူနာတွေအပြည့်ပါပဲ။ ရောဂါသည်
တစ်သောင်းခန့်ဟာ ခြေတော်ရာ မှာ ခိုလှုံခွင်ရဖို့ စောင့်ဆိုင်း နေကြတယ်လို့လည်း သိရပါတယ်။

ကျောင်းဝင်းထဲမှာ
လူနာ ၅ ယောက်လောက်ဟာလည်း နေ့စဉ်သေဆုံးနေတဲ့အတွက် ဆရာတောက မီးသဂြိုဟ်စက်တစ်လုံး ထားရှိပါတယ်။
သေဆုံးသူတွေရဲ့ အရိုးပြာတွေကို သီးသန့် အိတ်လေးတွေနဲ့ ထုပ်ပြီး နာမည် နေ့စွဲ ကအစ ရေးမှတ်ထားတယ်။
အများစုက သေသွားတဲ့သူတို့ ဆွေမျိုးသားချင်း တွေရဲ့ အရိုးပြာကို လာယူဖို့ လိပ်ပြာ မသန့်တဲအတွက်
ဥာဏ်တောမြင့်မြင့် ဗုဒ္ဓရုပ်ပွားတော် ရှေ့မှာ စီရရီ ထပ်ထားတဲ့ ပြာအိတ်တွေဟာ တောင်လိုပုံနေပါပြီ။
ဒါကြောင် ပိုပြီး ဝန်ကျင်းစေတဲ့ အရိုးပြာ သိမ်းတဲ့နည်းကို စဉ်းစားနေရတယ်လို့ ဆိုပါတယ်။

ပြာတွေကို
စနစ်တကျ သိမ်းထားတဲ့ အပြင် သစ်သားအိမ်လေးနားက ဇီဝပြာတိုက် မှာ ဆေးစိမ်ထားတဲ့ ရုပ်အလောင်း
၁၃ လောင်းကို မှန်ခေါင်းတွေထဲမှာ ထားရှိပြသထားတယ်။ ဒီလိုပြဖို့အတွက် လူနာတွေ မသေခင်ကတည်းက
ခွင့်ပြုချက် ရယူထားတာဖြစ်ပါတယ်။ အချို့ရုပ်အလောင်းတွေရဲ့ နုနယ်ပျိုမျစ် လှပခဲ့တဲ့
ဓါတ်ပုံလေးတွေကိုပါ ပူးတွဲ ဖေါ်ပြထားတဲ့အတွက် နှိုင်းယှဉ်ကြည့်ပြီး သံဝေဂ ရစရာ ကောင်းပါတယ်။
မှန်ခေါင်း ထဲက ဝါဖန့်ဖန့် ဆေးရည်ထဲမှာ ပေါလော ပေါ်နေတဲ့ ကလေးရုပ်အလောင်း ကို ရင်နာစရာတွေရမှာဖြစ်သလို
သန်စွမ်း ထွားကျိုင်းခဲ့ပုံရတဲ့ လူကြီးတစ်ယောက်ရဲ့ ခန္ဓာဟာလည်း HIV တရားကို လက်တွေ့ဟောနေတယ်။

ဆရာတော်က
တိုင်းတပါးကနေ လာရောက်လိုတဲ့ လူနာတွေဟာ ပြည်ဝင်ခွင့် ကိစ္စတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင်
ဦးပဉ္ဖင်းတို့က လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး လို့ မိန့်ကြားပါတယ်။ နိုင်ငံခြားသား
AIDS ဝေဒနာသည်နှစ်ယောက်ဟာ ဒီကျောင်းတိုက်အတွင်းမှာ လာရောက်ခိုလှုံရင် ရောဂါ ကျွမ်းနေပြီ
ဖြစ်တဲ့အတွက် သေဆုံးသွာတာလည်း ရှိခဲ့ဖူပါတယ်။

ခြေတော်ရာ
ကျောင်းဝင်းထဲက လမ်းချိုးလေး တစ်နေရာမှာ ရောဂါသည်တွေ မချိမဆန့် ခံစားရပုံတွေကို ကျောက်သားနဲ့
ပုံဖေါ်ထားတာ တွေ့ရတဲ့အခါ လူသားအားလုံး HIV ကနေ ကင်းဝေး လေစလိုတဲ့ ဆန္ဒပိုလို့ ပြင်းပြ
လာမိပါတယ်။

အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top