29
Sep

AIDS ရဲ့ ဂယက် (နိဂုံး)

ဇန်ဘီးယားနိုင်ငံမှာဆိုရင် ၁၉၈၆ ခုနျစ်မှာ “တိုးရစ်” တွေ အလာဟာ ၁၉၈၅ ခုနှစ်ထက် ၂၅% ကျသွားတယ်။ ဒါဟာနိုင်ငံရေး မငြိမ်သက်တဲ့ အတွက် တစ်ကြောင်းဖြစ်ပေမယ့် ဇန်ဘီးယားမှာ AIDS ရောဂါဖြစ်နေတယ်ဆိုတဲ့ အချက်ကြောင့်လည်း ဖြစ်မယ်လို့ ဇန်ဘီးယား အစိုးရက ယူဆပြီး သူတို့နိုင်ငံမှာ AIDS ဖြစ်နေပြီ ဆိုတာကို အသားပေးပြီး ဖော်ပြတဲ့ အနောက်နိုင်ငံ သတင်းစာတွေကို ဝေဖန် ပစ်တင်ကြတယ်။ ဒီကိစ္စကြောင့် အချို့တိုင်းပြည်တွေဟာ သူတို့ဆီမှာ AIDS ဘယ်လောက်ဖြစ်နေပြီ ဆိုတာကို အတိအကျ ဖော်ထုတ်ကြေညာဖို့ကို ဝန်လေးနေကြတာ ဖြစ်တယ်။

ဟေတီကျွန်းမှာဆိုရင် ဟေတီနဲ့ AIDS အကြောင်း ကြားပြီးနောက် ဒီကျွန်းကို လာတဲ့သူတွေဟာ တစ်နှစ်အတွင်းမှာ လူပေါင်း ၇၀၀၀၀-၁၀၀၀၀၀ အထိ နည်းသွားလို့ တော်တော်ဆုံးရှုံးကြတယ်။ ဒီခရီးသည်တွေဆီကရတဲ့ ဝင်ငွေဟာ ဟေတီရဲ့ နိုင်ငံခြားဝင်ငွေမှာ ဒုတိယ အများဆုံး ဖြစ်ပြီး လူပေါင်း ၂၅၀၀၀ ကို အလုပ်ပေးနေတာဆိုတော့ စိုးရိမ်တကြီး ဖြစ်မယ်ဆိုရင်လည်း ဖြစ်ထိုက်ပါတယ်။ ဒီလိုပဲ “တိုးရစ်စင်(မ)” နဲ့ စီးပွားဖြစ်တဲ့ တိုင်းပြည်တွေကတော့ ကာရီဘီယံမှာဆိုရင် “ဟေတီ၊ ဒိုမီနီကို”၊ အာရှမှာ “ထိုင်း” နိုင်ငံနဲ့ “ဖိလစ်ပိုင်” တို့ဖြစ်တယ်။

ထိုင်းနိုင်ငံမှာဆိုရင် “တိုးရစ်” က ဝင်ငွေဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင် ရှိတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည့်တန်ဆာလုပ်ငန်း ကြီးကျယ် အောင်မြင်ဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ နိုင်ငံပါ။ နိုင်ငံအနေနဲ့လည်း ဒီငွေဝင်လမ်းကို မျှော်ကိုးပြီး ခရီးသည်များ လာချင်အောင် ကြော်ငြာ မြုဆွယ်ရေးအတါက် ၁၉၈၇ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၇၀ အကုန်ခံခဲ့တယ်။ အဲဒီနှစ်မှာလည်း ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေးသူ ၁၅၀၀၀ တွေကို သွေးစစ်ကြည့်တော့ အမျိုးသား ပြည့်တန်ဆာတွေထဲက ၂.၆ % မှာ ပိုးတွေ တွေ့တယ်။ အမျိုးသမီးမှာ ၀.၀၃ % တွေ့တယ်။

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လည်း အစပိုင်းမှာ AIDS ဖြစ်သူ ၆ ယောက်မှာ ၅ ယောက်ဟာ အမေရိကန်စစ်တပ် အခြေချ စခန်းနဲ့ ဆက်သွယ်သူတွေ ဖြစ်နေတယ်။ ဖိလစ်ပိုင်ဟာလည်း ၁၉၈၅ မှာ တိုရစ်စင်(မ)ကနေ မေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၇ ရခဲ့တဲ့ နိုင်ငံပဲ။ အင်ဒိုနီးရှားမှာဆိုရင် ၁၉၈၁ နဲ့ ၁၉၈၅ ကြားမှာ “တိုရစ်စင်(မ)” ကြောင့် ရတဲ့ငွေဟာ ၂ ဆ တက်သွားတယယ်။ အဲဒီနိုင်ငံတွေမှာလည်း ခရီးသည်တွေဆီက မြို့ခံလူတွေကို AIDS ဗိုင်းရပ်စ် ကူးစေတာကို တွေ့ခဲ့ရတယ်။

နောက် ဆိုးတာတစ်ခုကတော့ အိမ်နီးချင်း နိုင်ငံအချင်းချင်း လူကုန်ကူးမှု တွေ ရှိတာကြောင့် ပထမ AIDS မရှိသေး၊ ဒါမှ မဟုတ်ရင်လည်း AIDS အင်မတန် နည်းသေးတဲ့ တိုင်းပြည်ကို AIDS မြန်မြန် ကူးစေတယ်။ AIDS များတဲ့ နိုင်ငံက လူတွေဟာ AIDS သိပ်မရှိသေးတဲ့ နိုင်ငံက အမျိုးသမီးကလေးတွေကို ခေါ်သွားပြီး ပြည့်တန်ဆာ အလုပ်ခိုင်း၊ နောက် အဲဒီ နိုင်ငံရဲ့ စည်းမျဉ်းအရ ပြည့်တန်ဆာတွေကို AIDS ပိုး ရှိမရှိ စစ်ကြည့်လို့ တွေ့ရင် ဒီအလုပ် မလုပ်နိုင်တော့ဘူးဆိုပြီး တရားဥပဒေအရ မောင်းထုတ်တယ်။ အလုပ်မလုပ်ရတော့လို့ ဆိုတယ်။

ဒီတော့ ဒီပိုးဝင်ပြီးသူတွေဟာ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး ရောဂါသယ်သွားကြတယ်။ နောက်တစ်ခါ ဟိုဘက်က လူကုန်စီးပွားရေး သမားတွေက ကလေးမကလေး အသစ်အုပ်စုကို ကောက်ယူပြီး ခေါ်သွားပြန်တယ်။ သူတို့က မသိနားမလည်ကြသူတွေဆိုတော့ အချိန်တန်ရင် AIDS ဗိုင်းရပ်ပိုးရပြီး ကိုယ့်နိုင်ငံ ပြန်ကြရပြန်ရော။ ဒီတော့ ဒီနိုင်ငံဟာ တစ်ဘက်နိုင်ငံက AIDS ဗိုင်းရပ်စ်ပိုးကို တမင်သွားပြီး သွင်းကုန်အဖြစ် မှန်မှန်သယ်ယူပြီး သွင်းနေတာနဲ့ တူတယ်။ ဒီနည်းလောက် AIDS ပွားမြန်တဲ့နည်း ဘယ်မှာ ရှိအုံးမှာလဲ။

ဒီအချက်ဟာ “တိုးရစ်စင်(မ)ကိုမြှောက်စားလိုသူတွေ စီမံချက် ဆွဲတဲ့အခါမှာ သေသေချာချာ လေ့လာထိုက်တယ်။ ဘယ်လို အကြောင်း ကြောင့်ပဲဖြစ်ဖြစ် တိုရစ်စင်(မ) ကို ပြည့်တန်ဆာ (ယောက်ျား/မိန်းမ) လိင်ကိစ္စနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် AIDS ကူးစက်မြန်ဖို့ရာကတော့ သိပ်ရှိလာမှာ အမှန်ပဲ။ ဒါကြောင့် အချို့နိုင်ငံတွေက တိုရစ်စင်(မ) နဲ့ နိုင်ငံခြားငွေရတဲ့ အကြောင်းအပေါ် အမြင်တွေ တစ်မျိုးပြောင်းလာကြပြီး ဒီလိုဝင်လာတဲ့ ငွေအတွက် တကယ် အမြင်ကျယ်ကျယ်တွက်ကြည့်ရင် တစ်နိုင်ငံလုံးအနေနဲ့ ဘယ်လောက် အမြတ်အစွန်းထွက်လို့လဲ။ နောက်ဆုံးကျတော့ လူနည်းစု တစ်စုသာ မြန်မြန်နဲ့ မြက်မြက်စားနေကြရတာပါလို့ တွက်လာကြပြီ မြန်မာအပါအဝင် ဖွင့်စ ပွင့်စနိုင်ငံတိုင်း ဒီသုံးသပ်ချက်ကို ကောင်းကောင်းလေ့လာ နှလုံးသွင်းထိုက်ပါတယ်။

AIDS ရဲ့ ဂယက်ကြောင့် စိုးရိမ်ဖွယ်ရာ အခြေကို ဆိုလာပြီဖြစ်တဲ့ နောက်အုပ်စု တစ်စုကတော့ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေပဲ ဖြစ်တယ်။ အကျဉ်းထောင်နဲ့ ပတ်သက်ရင် ဖုံးကွယ်လို့ မရတဲ့ အကြောင်းအရာတစ်ခုကတော့ ယောက်ျား ယောက်ျားချင်း လိင်ဆက်ဆံမှု ကိစ္စပဲ။ ဒီလိုပြုမှုခြင်းဟာ တရားဥပဒေကို ချိုးဖောက်တယ်လို့ အတိအလင်း သတ်မှတ်ထားတဲ့ နေရာ/နိုင်ငံတွေ ရှိပါတယ်။ (ဥပမာ -  ဗြိတိန်)။ ဒါပေမယ့် ဒီလိုသတ်မှတ်တဲ့ နိုင်ငံမှာရော၊ မသတ်မှတ်တဲ့ နေရာမှာကော ရှိတာကတော့ ရှိတာပဲ။ ဒါလည်း လူတိုင်းအသိပါပဲ။

ဒါပြင် မူးယစ်ဆေးထိုးမှုဟာလည်း ထောင်ထဲမှာ ရှိတတ်သေးတယ်။ ထောင်ကျနေသူထဲမှာလည်း မူးယစ်ဆေးထိုးခဲ့တာကြောင့် ဒါမှမဟုတ် အခြားအကြောင်းကြောင့် AIDS ဗိုင်းရပ်စ်ပိုး ထောင်သားဘယ်လောက်မှာ ရှိနေသလဲဆိုတာ မပြောနိုင်ဘူး။ ဒီလိုဖြစ်နေတော့ အကျဉ်းသားချင်း AIDS ကူးဖို့ရာ အခြေအနေ သိပ်ပေးသွားတာပေါ့။ ဒါတွေကို အခုအချိန်မှာတော့ တိုင်းပြည်တွေမှာ သူတို့တည်ဆဲ ဥပဒေအလိုက် လုပ်နေကြတယ်ယ။ သတိပေးဖို့ လိုတာက ဒီကိစ္စဟာ လျစ်လျူရှု့ထားလို့တော့ မရဘူး။ ပေါ့သေးတဲ့ ကိစ္စတော့ မဟုတ်။

AIDS ကာကွယ်ရေးမှာ အင်မတန်မှ သတိလက်ကိုင်ထားပြီး ကြည့်ထားရမယ့် ကိစ္စဖြစ်တယ်။ ၁၉၈၇ ခုနှစ်မှာဆိုရင် ဆွစ်ဇာလန်ပြည်က နယ်ကလေးတစ်ခုရဲက အကျဉ်းထောင်မှာ ၁၁% သော အကျဉ်းသားတွေဆီမှာ AIDS ဗိုင်းရပ်စ်ပိုး ရှိနေတယ်။ အီတလီမှာ အကျဉ်းသား အသစ်တွေ ပိုးစစ်ကြည့်တော့ ၁၆.၈ % မှာ တွေ့တယ်။ စပိန်ပြည်မှာ ၂၆%၊ ပြင်သစ်မှာတော့ အကျဉ်းထောင်အားလုံးရှိ အကကျဉ်းသားတွေအတွက် ကြိတ်နှုန်းဟာ ၆% တဲ့။ ဒီတော့ ပြဿနာဟာ ဘယ်လောက်ကြီးနေပြီလဲဆိုတာ သိနိုင်ပါတယ်။ နောက် ထောင်ထဲမှာ ရောဂါပိုးမရှိသေးတဲ့ သူတွေဆီကို ထပ်ပွားဦးမယ်။ နောက်ဆုံးကျတော့လည်း ဒီအကျဉ်းသားတွေဟာ အပြင်ဘက် ပြန်လာပြီး အပြင်က လူ့အဖွဲ့အစည်းထဲ ပြန်ရောက်ဦးမယ်။ ဆက်ပြီးသာ စဉ်းစားကြည့်ပါတော့။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top