19
Sep

AIDS ရဲ့ ဂယက် (၁၀)

သူတို့ကလည်း ဇနီးနဲ့ ကလေးနဲ့ဆိုတော့ ဒီရောဂါဟာ ကြာရင် မိသားစုအားလုံးကို ထိမှာမို့ စရိတ်စက ကလည်း ဘယ်လောက်တက်သွားမလဲ။ ဒီတော့ ကြေးနီ ထုတ်လုပ်ရေး လုပ်ငန်းကို တွင်ကျယ်စွာ လ်ုနိုင်ပါဦးတော့ မလား။ အရှုံးပေါ်ပြီး အကြီးအကျယ် ဆုံးရှုံး နစ်နာနိုင်တယ်။ အမေရိကန်ရှိ ဟားဗတ်(ဒ) တက္ကသိုလ်က ပညာရှင်များက AIDS ရောဂါ တော်တော်များများဖြစ်နေတဲ့ အာဖရိကရှိ နိုင်ငံ ၅ နိုင်ငံကို လေ့လာပြီး တွက်ချက်လိုက်တော့ ဒီနိုင်ငံတွေမျာ AIDS ရောာဂါကြောင့် ဆုံးရှုံးမှုဟာ အဲဒီနိုင်ငံကို ပြင်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှု ပမာဏထက်တောင် များနိုင်တယ်လို့ ဆိုတယ်။

ဒါကတော့ စီးပွားရေး ဆုံးမှုရဲ့ ဖြစ်နိုင်လောက်တဲ့ အခြေကို မှန်းမျှောပြီး တင်ပြတာပါ။ AIDS ရောဂါ ဖြစ်လာပြီဆိုရင် အဲဒီသူဟာ နာမကျန်းဖြစ်ပြီး အလုပ် အလုပ်နိုင်တဲ့ အချိန်ကာလဟာ မျမ်းမျှအားဖြင့် ၈.၈ နှစ် ရှိတယ်တဲ့။ (AIDS ဟာ နာတာရှည် ရောဂါ ဖြစ်တယ်။) ဒီတော့ သူ လုပ်အားမပေးနိုင်တဲ့ အတွက် လုပ်အားဆုံးရှုံးမှုကို တွက်ကြည့်မယ်ဆိုရင် စီးပွားရေး ဆုံးရံးမှု ပမာဏကြီးဟာ ဘယ်လောက်အထိ ကြီးလိုက်မလဲဆိုတာ နည်းနည်းတော့ ချင့်ချိန်နိုင်ပါတယ်။

မိသားစု ဘက်ကကြည့်ပြီး တွက်ပြန်တော့လည်း AIDS ဖြစ်ပြီးလို့ မိသားစုထဲက လုပ်နိုင်ကိုင်နိုင်တဲ့ လူတွေလည်း သေဆိုတော့ AIDS မဖြစ်ဘဲ ကျန်ခဲ့တဲ့ လူရွယ်တွေဟာ ကျန်ရစ်ခဲ့တဲ့ ကလေးတွေနဲ့ အလုပ် မလုပ်နိုင်ကြတော့တဲ့ အသက်ကြီးသူတွေ အားလုံးတို့ကို သူတို့ကပဲ တာဝန်ယူရတော့မယ်။ ဒါကြောင့် တိုင်းပြည်တစ်ပြည်လုံး အနေနဲ့ စီးပွားရေး တိုးတက်မှုဟာ ရပ်တန့်သွားနိုင်တယ်လို့လည်း တွက်ကြတယ်။

နောက်အမြင်တစ်မျိုးကတော့ AIDS ဟာ ဥစ္စာစီးပွားရှာကြတဲ့ လူငယ် လူရွယ်ကို အများအားဖြင့် ထိတာဆိုတော့ ဒီသူတွေ သေသွားကြမယ်။ သူတို့ရဲ့ ကလေးနဲ့ အခြားကလေးတွေလည်း သေသွားကြမယ်ဆိုရင် လူဦးရေဟာ နည်းသွားမယ်။

ဒီလိုနည်းတာနဲ့အမျှ ကျန်ရစ်ခဲ့တဲ့ ကျန်းမာသန်စွမ်းတဲ့ စီးပွားရှာရမယ့် သူတွေမှာလည်း သူတို့ကို မှီခိုသူတွေဟာ အလိုက်အထိုက် နည်းသွားတော့ စီးပွားကြပ်တည်းမှုဟာလည်း အလိုက်သင့်ပဲ ရှိမယ်။ ပိုပြီး အလွန်အကျွံဆိုးမှာ မဟုတ်ဘူးလို့ ဆိုနိုင်ပြန်တယ်တဲ့။ နောက် AIDS ရဲ့ စီးပွားရေးဒဏ် တစ်ခုကတော့ AIDS ကုသမှု ကုန်ကျစရိတ်ပဲ ဖြစ်တယ်။ AIDS ဟာ သိပ်ပြီး စရိတ်ကြီးတဲ့ ရောဂါပါ။ အမေရိကန်မှာ တွက်ချက်လို့ သိရတာကတော့ AIDS လူနာ တစ်ယောက်ကို AIDS ရောဂါရယ်လို့ သိလာရပြိးတဲ့ အချိန်ကနေ သေတဲ့အထိ ကုသရလို့ ကုန်ကျစရိတ်ဟာ ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၆၅၀၀၀ ဖြစ်တယ်။ တတိယ ကမ္ဘာလို့ ခေါ်တဲ့ ဆင်းရဲနိုင်ငံများမှာတော့ ဘယ်နည်းနဲ့မှ ဒီလောက် အကုန်ခံနိုင်မှာ မဟုတ်ဘူး။

ဘရာဇီးမှာ အမေရိကန်ဒေါ်လာ ၂၁၀၀၀၊ မက်စီကိုမှာ ဒေဓလာ ၁၇၀၀၀၊ ဇိုင်ယားမှာ ၈၁၆ နဲ့ တန်ဇန်နီးယားမှာ ၃၆၇ ကုန်တယ်။ ဒါကတော့ ကုန်ကျစရိတ်ဟာ တိုင်းပြည်က ဘယ်လောက်တတ်နိုင်တယ်ဆိုတာမှာ တည်တယ်။ ဌေးတဲ့ တိုင်းပြည်မှာ ပိုသုံးမယ်။မွဲတဲ့ တိုင်းပြည်မှာ နည်းနည်းပဲ သုံးနိုင်မယ်။ တစ်ခုရှိတာကတော့ အမေရိကန်မှာ ဘာမဆို ဈေးပိုကြီးလို့ တိုက်ရိုက်အချိုးကျ မှန်းလို့တော့ မရဘူး။ တစ်ခါ တစ်တိုင်းပြည်ထဲမှာပဲ ကြည့်လိုက်ပြန်တော့ ဒီအတိုင်းပဲ၊ ဌေးတဲ့လူနာက ပိုအကုန်ခံပြီး ဆင်းရဲတဲ့ လူနာကတော့ အကုန်မခံနိုင်ဘူးပေါ့။ ဒါကြောင့် ငွေတတ်နိုင်တာကို လိုက်ပြီး ကုသပြုစုမှု အဆင်းအတန်းကလည် ကွာမှာပဲ။

ဒါကလည်း မဆန်းပါဘူး။ တချို့ဆင်းရဲတဲ့ တိုင်းပြည်တွေရဲ့ ဘတ်ဂျက်ဝေခွဲမှုကို ကြည့်ရင် တစ်နှစ်လုံးမှာ လူတစ်ယောက်အတွက် ကျန်းမာရေး အတွက်သုံးတဲ့ ပျမ်းမျှငွေကြေး ပမာဏဟာ AIDS ရှိ မရှိစစ်တဲ့ သွေးစစ်မှု တစ်ခါလုပ်တဲ့ စရိတ်လောက်တောင် မရှိဘူး။ ဒီတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ AIDS ကို ဘယ်လို ကုသနေမလဲဆိုတာ စဉ်းစားလို့ ရပါတယ်။ ဒါကြောင့် AIDS ရောဂါကာကွယ်ရေး တန်ဖိုးကြီးမားပုံကို ပိုလို့ သဘောပေါက်ပြီး ထပ်ခါတလည်း သုံးသပ်ဆင်ခြင်ဖို့ လိုပါတယ်။

AIDS ကြောင့် ဝင်ငွေကျဆုံးလို့ ဖြစ်လာတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို ပိုပြီးခံခဲ့ရတဲ့ တိုင်းပြည်တွေကတော့ တိုရစ်စင်(မ)လို့ ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကနေ ရတဲ့ နိုင်ငံခြားငွေအပေါ် အားထားနေရတဲ့ တိုင်းပြည်တွေ ဖြစ်တယ်။ ဒီ တိုရစ်စင်(မ) ဆိုတာကလည်း သေးတဲ့ စီးပွားရေး လုပ်ငန်း မဟုတ်ဘူး။ နိုင်ငံခြားငွေကို အင်မတန်လိုနေတဲ့ တတိယကမ္ဘာ တိုင်းပြည်တွေဟာ တိုးရစ်တွေကရတဲ့ နိုင်ငံခြားငွေကို အတော်အလေးထားပြီး သူတို့တိုင်းပြည်ရဲက ဘတ်ဂျက် ဘဏ္ဍာရေးရ သုံးငွေကို တွက်ချက် စီမံကြရတာ။ AIDS တစ္ဆေခြောက်လိုက်တော့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အချို့သော နိုင်ငံတွေကို အသွားနည်းသွားကြလို့ ဒီနိုင်ငံတွေရဲ့ စီးပွားရေး တော်တော် ထိခိုက်ခဲ့ကြတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top