19
Aug

AIDS ရဲ့ ဂယက် (၉)

အရွယ်ရောက်သူနဲ့ အရွယ်မရောက်သေးဘူး ဆိုတာကို ဘယ်လိုခွဲခြားသလဲ။ အသက် (နှစ်) ပိုင်းနဲ့ ခွဲတယ်ဆိုရင် ဘယ်တော့ အရွယ်ရောက်ပြီ၊ လူကြီး ဖြစ်ပြီလို့ ဆိုမလဲ။ ၁၆ နှစ်လား၊ ၁၈ နှစ်လား၊ ၂၁ နှစ်လား၊ ဆန္ဒမဲပေးလို့ ရပြီဆိုတဲ့ အရွယ်လား၊ AIDS ဟာ လူကြီး မဟုတ်သေးတဲ့သူတွေကို ဘယ်လို သိနေသလဲလို့ မေးရင် မွေးစ ကလေးငယ်တွေကို ထိပုံတော့ သိခဲ့ရပြီ။

ဆက်ကျော်သက်နဲ့ မြီးကောင်ပေါက်လို့ ခေါ်တဲ့ လူကြီးမမယ်သေးတဲ့ အရွယ်ပိုင်းတော့ ဘယ်လိုနေသလဲ။ ဒီအုပ်စုကိုတော့ AIDS ရဲ့ ဆိုးကျိုးဟာ ၂ နည်း သက်ရောက်နိုင်တယ်။ အခုခေတ်မှာ အချို့တိုင်းပြည်တွေမှာ ဆယ်ကျော်သက်ပိုင်း ၁၃-၁၄ နှစ်အရွယ်တွေကစပြီး မူးယစ်ဆေးတွေ စသုံးကြပြီမို့ အကြောသွင်းဆေးမျိုးကို သုံးရင်တော့ သူတို့လည်း AIDS ရနိုင်တာပဲ။

နယူးယောက်နဲ့ အချို့တောင်အမေရိက တိုင်းပြည်တွေမှာ ဒီလိုငယ်ငယ်ကလေးတွေ မူးယစ်ဆေးသုံးနေတာ တွေ့ထားနေရပါပြီ။ အလားတူပဲ ဒီအရွေယ်လောက်မှာ စပြီး ပြည့်တန်ဆာ လုပ်ကြတာတွေလည်း ရှိပါတယ်။ ဒါဟာလည်း ဖုံးကွယ်လို့ မရတဲ့ ကိစ္စပါ။ အာရှတိုင်းပြည်တွေမှာကော တောင်အမေရိကနဲ့ အခြားတိုင်းပြည်ကြီးတွေမှာကော ကလေးပြည့်တန်ဆာ ပြဿနာဟာ ရှိနေကြပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်နဲ့ ချမ်းသာတဲ့ တိုင်းပြည်ရဲ့ ဆင်းရဲတဲ့ ရပ်ကွက် အတန်းအလွှာမှာ တွေ့တတ်တယ်။

ဒီပြည့်တန်ဆာအလုပ်က မိန်းကလေးငယ်တွေကော ယောက်ျားလေးငယ်တွေကော လုပ်ကြတာပါ။ ဒီတော့ ဒီလို မူးယစ်ဆေးထိုးသူနဲ့ ပြည့်တန်ဆာ လုပ်သူတွေကနေ AIDS ရောဂါကို တိုက်ရိုက်ကူးပြီး ရနိုင်တယ်။ ရောဂါ မရဘဲ ကျန်းကျန်းမာမာရှိတဲ့ ကလေးတွေမှာလည်း AIDS ဟာ အထက်ကတင်ပြခဲ့သလို မိသားစုရောဂါဆိုတော့ မိသားစုကို ထိခိုက်မှုဟာ ဒီကလေးတွေလည်း လာထိခိုက်တော့တာပေါ့။

“ဆဲလဘီ” ဆိုတဲ့ ကလေးမကလေး အဖြစ်ကတော့ AIDS မှ အစ ပျိုးထောင်ပေးလိုက်တဲ့ ပြဿနာပေါင်းစုံ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဆက်ဆံရေး၊ ဥပဒေနှင့် ကိုင်တွယ်ရေး၊ လူမှုအခွင့်ထိပါးရေးတို့ကို အရုပ်ဖော်နေတယ်လို့ ဆိုရမှာ ဖြစ်တယ်။ “ဆဲလဘီ” ဟာ အသက် ၁၈ နှစ် အပြည့်သေးဘူး၊ အိန္ဒိယ တောင်ပိုင်း မဒရပ်မြို့ အနီးရှိရွာက တောသူကလေးဖြစ်တယ်။ သူ့အဖေက တောင်သူ ဆင်းရဲတယ်၊ မိုးခေါင်တဲ့နှစ်ကစပြီး မိသားစု မွဲသွားလိုက်တာ သူ့အဖေလည်း အရက်သမားကြီးလုံးလုံး ဖြစ်သွားတော့တာပဲ။

အမေတစ်ဦးတည်း လယ်ထဲ အငှါးလုပ်တဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မလောက်နိုင်လို့ မိသားစု ငတ်လုနီးနီးအဖြစ်မှာ အတုတ္ထမြောက် ကလေးဖြစ်တဲ့ ဆဲလဘီက မြို့ထဲ သွားအလုပ်ရှာမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အနီးနားရွာက အမျိုးသမီး တစ်ဦးက သူနဲ့လိုက်ခဲ့ သူကူမယ်ဆိုလို့ မြို့ကို လိုက်သွားတယ်။ ဒါနဲ့ပဲ မြို့ကြီးမှာ ပြည့်တန်ဆာဘဝ ရောက်သွားခဲ့ရတယ်။

“ဒီကလေးမဟာ အိမ်ပြန်လာတိုင်းလာတိုင်း မိသားစုအတွက် လက်ဆောင်တွေ ပါလာတာချည်းပဲ၊ ငွေလည်း လစဉ်မှန်မှန်ပို့လို့ သူ့မောင်ကလေးတွေတောင် ကျောင်းနေရပြီ” လို့ ရွာရှိသူတွေက ပြောကြတယ်။ ဆဲလတီကတော့ “ကျွန်မ မြို့ကို ထွက်သွားတုန်းက ကျွန်မ ဟိုမှာ ဘာလုပ်ရမယ် ဆိုတာကိုတော့ ကျွန်မအမေ ခန့်မှန်းမိမှာပါပဲလို့ ထင်ပါတယ်။ ဒါပေမယ့် သူကတော့ ဘာမှမပြောဘူး” တဲ့။

မဒရပ်မြို့က အစိုးရ အာဏာပိုင်တွေက ပြည့်တန်ဆာတွေကို သွေးစစ်ကြည့်တော့ ဆဲလဘီနဲ့ အတူနေတစ်ယောက်ဟာ AIDS ပိုးဝင်ပြီး ဖြစ်နေတာကို တွေ့ရတယ်။ ဒါနဲ့ပဲ ဆဲလဘီ အပါအဝင် အားလုံးကို ထိန်းသိမ်းတဲ့ စခန်းကို ခေါ်သွားပြီး ချုပ်လှောင်ထားတော့တာပဲ။ “ကျွန်မ သွေးမကောင်းဘူးဆိုလား ဆရာဝန်တွေက ပြောတယ်။ ကျွန်မ ကတိပေးပါတယ်။ နောက်ဒီအလုပ်ကို မလုပ်ပါဘူးလို့။ ကျွန်မ အမေဆီ ပြန်ပါရစေ” လို့ အကျယ်ချုပ်ထဲကနေ ပြောရှာတယ်။

သူဟာ သိပ်ကြောက်ပြီး အင်မတန်မှ အားငယ်နေပုံရတယ်။ ကြံရာမရ ဖြစ်နေတယ်။ စာမတတ်၊ ပညာမရှိ၊ မသိတတ်သူ၊ အသက်ကလည်း ၁၈ နှစ်မှ မရှိသေး။ ဆိုးဝါးလှတဲ့ ဆင်းရဲငတ်မွတ်ဒဏ်ကို မိသားစု အားလုံးခံနေရလို့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအရှာ မြို့ထဲကို ထွက်လာခါမှ ဒီဆိုးတဲ့ဘေးနဲ့ ထပ်ပြီး ကြုံတွေ့နေရတယ်။ အကျဉ်းချုပ်နဲ့ မိနေတယ်။

ပြည့်တန်ဆာ အလုပ်ဟာ ဒီကမ္ဘာကြီးက ဘယ်တော့ ပျောက်သွားမှာလဲ။ တကယ်ကော ပျောက်သွားဦးမှာတဲ့လား။ ပြည့်တန်ဆာကို အသုံးချ ကုန်ပစ္စည်းတစ်မယ်လို့ သဘောထားပြီး အသုံးချမယ့်သူတွေ ရှိနေရင် ပတ်ဝန်းကျင် အခြေအနေကလည်း အခုလိုပဲ ဆက်လက်တည်ဆဲ့ဆိုရင် ပြည့်တန်ဆာ ပျောက်နိုင်ပါ့မလား။ ဆဲလဘီတို့လို ကလေးမကလေးတွေကို အကျဉ်းချုပ်ထားလို့ ဒီပြဿနာ ပြေလည်မှာ တဲ့လား။ သူတို့အပေါ် မတရားလုပ်တာဘဲ ရှိမယ်၊ ပြဿနာကတော့ ပျောက်သွားမှာ မဟုတ်ဘူး။ အရင်းအမြစ်ကျတဲ့ လူမှုရေး၊ စီးပွားရေး စသည်တို့ကို ဦးတည်ချက်ထားပြီး စီစဉ်ရေးဆွဲတဲ့ နည်းမှသာ အောင်မြင်ဖို့ရာ အလားအလာ ရှိချင်ရှိမှာ။ အရှိကို အရှိတိုင်း ပထမဦးဆုံး လက်ခံပြီးမှ လက်တွေ့ကျတဲ့ အဖြေ ရှာရလိမ့်မယ်။

AIDS ဟာ လူသားတွေ၊ တိုင်းပြည်တွေကို ဘယ်လောက် နစ်နာဆုံးရှုံးစေလည်းဆိုတာကို တွက်တဲ့အခါ လူနာတွေရဲ့ ဝေဒနာ ခံစားမှုဒုက္ခ၊ သေဆုံးရမှု၊ ကျန်သူများက ပြုစုရသည့်တာဝန် စသည်တို့အပြင် အခြားသွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်ဆုံးရှုံးမှုတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ လူအဖွဲ့အစည်း တစ်ခုလုံးအတွင်း တွေ့ကြုံရတဲ့ လူမှုဒုက္ခနဲ့ စီးပွားရေး ဒုက္ခတို့ ဖြစ်တယ်။ ဒီစီးပွားရေးနဲ့ လူမှုရေး ထိပါးလာမှုဒဏ်ဟာ ဘယ်လောက် ကြီးလိမ့်မယ်ဆိုတာကို အခုတော့ တိကျစွာ မသိသေးဘူး။

ခန့်မှန်းလို့လည်း သိပ်တော့ မလွယ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ထည့်ပြီးတွက်ရမယ့် အကြောင်းအခြင်းရာ တချို့တော့ ရှိနေပါတယ်။ AIDS ဟာ သန်တုန်း မြန်တုန်းဖြစ်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအင်လို့ ခေါ်ရမယ့် လူငယ်လူရွယ်တွေမှာ ဖြစ်တယ်။ ဒီတော့ လူတွေဟာ အသက်ခပ်ငယ်ငယ်မှာ သေကုန်ကြရင် တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ ဝင်ငွေ ဘယ်လိုဖြစ်သွားမလဲ။

တချို့တိုင်းပြည်တွေမှာ စီးပွားရေး သော့ချက်လို့ ခေါ်ရမယ့် စီးပွားရေး၊ ထုတ်လုပ်ရေး ကဏ္ဍတွေမှာ လုပ်သားအင်အား ကျဆင်းသွားလို့ ဆုံးရှုံးမှုတွေ ရှိမလား။ ဥပမာ ဇန်ဘီးယားပြည်ရဲ့ ဒေသတစ်ခုဟာ အဲဒီတိုင်းပြည်ရဲ့ စီးပွားရေး အချက်အချာဒေသလို့ ခေါ်ရလောက်တဲ့ ဒေသဖြစ်တယ်။ အဲဒီနေရာက ဇန်ဘီးယားတိုင်းပြည်ရဲ့ ဝင်ငွေ အမျိုးသားထုတ်လုပ်မှု ပေါင်းချုပ် ၂၀% ကို ပေးတဲ့ ကြေးနီထွက်ရာဒေသ ဖြစ်တယ်။ အဲဒီနေရာက လူတွေဟာ AIDS ကြောင့် လုပ်သားအင်အား ကျဆင်းလာဖွယ်ရာ ဖြစ်နေတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top