6
Apr

AIDS ရောဂါ အကြောင်း (၄)

အခု AIDS မှာ လောလောဆယ်သုံးဖို့ရာ ဆေးကိုတော့ အရင်ရှိပြီး စမ်းသပ်ပြီး ဆေးတွေထဲက အလားအလာ ရှိမယ်ထင်တဲ့ ဆေးကို ပထမ စမ်းသပ်ကြည့်တယ်။ ဒါမှသာ အချိန်တိုတိုနဲ့ ရနိုင်ဖွယ်ရှိတာ။ အခုအချိန် အထိတော့ အအောင်မြင်ဆုံးလို့ ဆိုရမယ့် ဆေးက ZIDOVUDINE ဖြစ်တယ်။ AZT လို့ အသိများတဲ့ ဆေးပါ။

ကုန်တံဆပ် အမည်ကတော့  "Retrovir" လို့ ခေါ်တယ်။ ဒီဆေးက ပါးစပ်က စားလို့ ရတယ်။ သွေးနဲ့ ဦးနှောက် ခြားအတားအဆီးကို ဖြတ်ကျော်နိုင်လို့ ဦးနှောက်အထိ ရောက်တယ်။ စားသုံးသူရဲ့ ခုခံစွမ်းအင်ကို ကောင်းမွန် လာစေနိုင်တယ်။ ဒါပေမယ့် ပြင်းတဲ့ ဆေးဖြစ်လို့ မလိုလားအပ်တာတွေလည်း ဖြစ်စေတယ်။ အဆိုးဆုံးကတော့ အရိုးတွင်း ရှိ ခြင်ဆီတွေကို ပျက်ပြုန်းစေလို့ သွေးတွေ ဖျော့လာပြီး သွေးသွင်းရတဲ့ အထိ ဖြစ်တယ်။ AZT ဟာ AIDS လူနာတွေကို ပိုပြီး ကြာကြာနေစေနိုင်တယ်။ အသက်ပိုရှည် စေတယ် ဆိုတာကို တွေ့ရတယ်။ ဒါကြောင့် HIV ပိုး ကိုယ်တွင်းရှိနေပြီး ဖြစ်ပေမယ့် AIDS ရောဂါလက္ခဏာတွေ ပေါ်မလာသေးသူတွေကို ပေးကြည့်နေကြတယ်။

AZT က ၁၉၆၀ လောက်ကတည်းက ပေါ်နေတဲ့ ဆေးပါ။ ဒါကြောင့်လည်း ချက်ချင်းသုံးလို့ ရတာ။ အဲဒီတုန်းက ကင်ဆာအတွက် သုံးဖို့ရာ၊ ဒါပေမယ့် သိပ်မအောင်မြင်လို့ ချောင်းထိုးထားခြင်း ခံခဲ့ရတယ်။ ဒီဆေးက ငါး ၂ မျိုးဖြစ်တဲ့ Herring (ဟဲရင်း) နဲ့ Salmon (ဆာမွန်) ရဲ့ “ဖိုမျိုးပစ္စည်း” (Sperm - စပန်း) က ထုတ်ယူရတဲ့ (Thymidine - သိုင်းမီဒင်း) ဆိုတဲ့ ပစ္စည်းဖြစ်တယ်။ ဒီတော့ အင်မတန် ရှာတာပေါ့။ ဒီဆေးကို ဆေးကုမ္ပဏီကြီး တစ်ခုက လက်ဝါးကြီး အုပ်ပြီး မူပိုင်လုပ်ထားလို့ ဈေးပိုကြီးတယ်လို့ စွပ်စွဲပြီး AIDS ရောဂါရှင်တွေနဲ့ သူတို့ကို ကူညီပံ့ပိုး ထောက်ခံနေသူတွေက တိုက်ပွဲ ဝင်နေကြတယ်။

အခုအခြေအနေမှာတော့ AIDS လူနာတစ်ယောက်ကို ဒီဆေးနဲ့ တစ်နှစ်ကုသဖို့အတွက် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ (တစ်သောင်း) လောက်ကျတယ်။ အချို့ကလည်း မှောင်ခိုဆေးကုမ္ပဏီက ထုတ်တဲ့ AZT ကို ဝယ်ပြီး သုံးစွဲနေကြတယ်လို့ ဆိုတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် AIDS လူနာဦးရေက တိုးလာမယ် ဆေးအတွက်နှုန်းကတော့ မျှတစွာ တိုးလာမှာမဟုတ်တော့ ဆေးပိုပြီး “ရှား” လာမှာဖြစ်တယ်။ ဒီတော့ ဈေးကြီးအုံးမှာပဲ။ ဒါကြောင့် မတတ်နိုင်သူတွေကတော့ ဒီဆေး မသုံးနိုင်လိုက်ဘဲ သေကြရုံသာရှိတယ်။ တတ်နိုင်တယ်ဆိုသူတွေကလည်း မွဲပြာကျတဲ့အထိ ကုန်ကြရမှာ။ ဒါတောင် ပျောက်တဲ့ဆေး မဟုတ်ဘူး။ ရောဂါတိုးမှုကို တန့်စေပြီး အသက်ရှည်အောင် လုပ်ရုံပဲ ရှိသေးတယ်။

AZT နဲ့ အလားတူဆေးတွေလည်း ပေါ်တော့နေတယ်။ မျှော်လင့်အားထားဖွယ် အလားအလာရှိတယ်လို့ ယူဆရတာကတော့ (Ampligen) အမ်ပလီဂျင်ဆိုတဲ့ ဆေးဖြစ်တယ်။ သွေး/ဦးနှောက် အတားအဆီးကိလည်း ဖြတ်ကျော်နိုင်တယ်။ အခုထိတော့ သုံးခွင့်လိုင်စင် မရသေးဘူး။ ရရင်လည်း AZT လိုပဲ ဈေးကြီးမှာပဲ။ AIDS အတွက် တကယ်ပဲ ထိရောက်ပါတယ်လို့ သတ်မှတ်လို့ရတဲ့ ဆေးမပေါ်သေးဘူးဆိုတော့ သက်ဆိုင်ရာက ခွင့်ပြုချက် မရသေးပေမယ့် လူတွေက သုံးကြည့်နေကြတဲ့ ဆေးတွေလည်း ရှိတယ်။ ဒါတွေကတော့ ပြင်သစ် (Lyon) လီယွန်မြို့က ထုပ်တဲ့ Imuthiol အီမြူသိုင်ရော (ဈေးအလွန်ကြီးသည်။) နောက်စမ်းသပ်ဆေးတွေကတော့ ယူအက်(စ)အေမှ D. D. C (Dideoxycitidine) မက်ဆီကိုမှ Ribavirin (ရိုင်ဘဗိုင်ရင်)၊ အစ္စရေးမှ ကြ်ဥနှစ်မှ ထုတ်လုပ်ထားတဲ့ AL 721 နဲ့ AZT နဲ့ တွဲသုံးရင် အကျိုးရှိတယ်လို့ ယူဆရတဲ့ (Dextran Duphate) ဒက်(စ်) တရန်ဆာ(လ)ဖိတ်တို့ ဖြစ်တယ်။ ဒါတွေအားလုံးဟာ စမ်းသပ်နေတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ ကြက်ဥနှစ်ကရတဲ့ AL 721 မှလွဲလို့ အားလုံးဟာလည်း အဆမတန် ဈေးကြီးကြမယ်။

နောက် အခြားစမ်းသုံး ကြည့်နေကြတာတွေကတော့ ဗိုင်းရပ်စ်က ဖျက်ထားတဲ့ ခုခံကာကွယ် အဖွဲ့အစည်းကို ပြန်ပြီး အင်းအားဖြည့်တင်းပြီး မြေတောင်မြှောက်ပေးနိုင်မယ်လို့ ထင်ရတဲ့ ပစ္စည်း/ နည်းတွေ ဖြစ်တယ်။ ဒါတွေကတော့ (Inferferron) “အင်တာဖဲရွန်နဲ့ (Interleukin - 2) “အင်တာလူကင် - ၂ ” တို့ ဖြစ်တယ်။ တချို့ကလည်း ဒီခုခံအဖွဲ့အစည်းမှာပါတဲ့ အရေးကြီးတဲ့ “ဆဲ” ဖြစ်တဲ့ (Lymphocyte) လင်ဖိုဆိုက် အပြင်ကနေ သွင်းပြီး အားဖြည့်ပေးတယ်။ (Bone Marrow transplant) ရိုးတွင်းခြင်ဆီ အစားထိုးခြင်းနဲ့ (Thymus gland) သိုင်းမတ်(စ) ဂလင်း အစားထိုးမှုကိုလည်း စမ်းသပ် သုံးကြည့်ကြတယ်။ တချို့တလေမှာ အောင်မြင်မှု အနည်းအငယ် ရှိတယ်လို့ ဆိုကြပေမယ့် ဒါတွေဟာ သိပ်ပြီး ရေရာတဲ့ နည်းတွေ မဟုတ်သေးပါဘူး။ ချုံ့ပြောရရင်တော့ AIDS ကုသမှုမှာ အရေးကြီးပြီး ထင်ရှားတဲ့အပိုင်းက ပါလာမယ့် ကုနည်းတွေ မဟုတ်ကြပါဘူး။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top