3
Mar

Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

မှတ်ချက်။ ဒီစာမျိုးကို ဖေ့စ်ဘွတ်မှာတင်ဘို့ အကြမိကြိမ်စဉ်းစားခဲ့ပါတယ်။ နားလည်မှုပေးကြစေချင်ပါတယ်။

သမီးက HIV ဝေဒနာရှင်ပါ။ သမီးအမျိုးသားနဲ့ လွန်ခဲ့သော ၆ လက အကာအကွယ်မပါပဲ ၃ ကြိမ်ဆက်ဆံခဲ့မိပါတယ်ဆရာ။ သမီးအမျိုးသားကို ကူးစက်သွားပါပြီလားရှင်သမီးအမျိုးသားက လွန်ခဲ့သော ၁ နှစ်က သွေးစစ်ခဲ့ပါတယ်။ HIVမရှိပါဘူးရှင့်။ ခုပြန်မစစ်ကြည့်ရသေးပါဘူးရှင့်။ ခုလိုဆို သူကူးစက်သွားပြီလား သိချင်ပါတယ်ရှင့်။ အရင်က ကွန်ဒုံးနဲ့ ဆက်ဆံပါတယ်။ ကွန်ဒုံးနဲ့ဆိုရင်ကော ရာခိုင်နှုန်းပြည့်စိတ်ချရပါသလားရှင့်။ သမီးစာကို page ပေါ်တင်ရင် နာမည်လေး ချန်ပေးလို့ရမလားဆရာ။

သံသယဖြစ်စရာအတွေ့အကြုံရှိပြီး ၃ လမှာ ဆေးစစ်လို့ရပါပြီ။ ၆ လမှာမတွေ့ရင် အရင်နေခဲ့တာကနေ မကူးစက်ပါ။ ကွန်ဒွမ်က % ပြည့်တော့မဟုတ်ပေမဲ့ အများဆုံးအကာကွယ်ပေးပါတယ်။ စနစ်ကျရင် အပြည့်အဝကာကွယ်ပါမယ်။

လိင်ဆက်ဆံမှုပြုတိုင်း (ကွန်ဒွမ်) ကို စနစ်တကျသုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာအမြင့်ဆုံး ကျန်းမာရေး အဖွဲ့အစည်းတွေက ထောက်ခံချက် ပေးထားတယ်။

(ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။ (၁) ကိုယ်ဝန်ရမှာကို တားဘို့နဲ့ (၂) HIV အပါအဝင် STDs ခေါ်တဲ့ လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ လိင်လမ်းရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) စတဲ့ရောဂါမှန်သမျှတွေကို ကူးစက်မလာစေဘို့လဲ ဖြစ်တယ်။ လိင်လမ်းကြွက်နို့ နဲ့ လိင်လမ်းရေယုံတွေကိုတော့ အသေအချာ မကာကွယ်နိုင်ပါ။

(ကွန်ဒွမ်) ကို အသုံးပြုနည်းလဲ မှန်ရမယ်။ စဉ်ဆက် မပြတ်စေရဘူး။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ဗဂျိုင်းနား)၊ ပါးစပ်၊ စအို ဘာကိုမှ မထိရသေးခင် ကျားအင်္ဂါသန်မာတာနဲ့ စွပ်ပါ။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးစေပါ၊ လေမခိုအောင်ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာကျန်နေအောင် ဂရုစိုက်ပါ။ ဒီနေရာကလွဲရင် ကျားအင်္ဂါတခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေပါစေ။

Latex condoms (လေးတက်စ်-ကွန်ဒွမ်) ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံးဖြစ်တယ်။ ဆီအခြေခံတွေဖြစ်တဲ့ ဓါတ်ဆီ-ချောဆီ၊ (ဗက်ဆလင်း)၊ Hand lotion လက်-လိုးရှင်း၊ Baby oil ကလေးကိုယ်လိမ်းဆီ၊ တခြားဘယ်ဆီအမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant (စီလီကွန်) ချောဆီက အဝတ်အစားကို စွန်းထင်းစေတယ်။

ဆန္ဒပြည့်ဝလို့ သုက်ရည်ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မရောက်ခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန်မနေစေပါနဲ့။ ဒီအခါမှာလဲ တယုတယလုပ်ပါ။

၉၈% ထိရောက်တယ်လို့ ဆိုပါတယ်။ မထိရောက်မှု (ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ)၊ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသနရလဒ်တွေက မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ်သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင်ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရလို့ မတူတာဖြစ်ပါတယ်။

ဆေးတွေလိုဘဲ (ကွန်ဒွမ်) သတ်မှတ်ရက် ကုန်နေ-မနေစစ်ပါ။ ဝယ်ထားတုံးက ကောင်းနေအုံးတော့ အပူချိန်များတဲ့နေရာ ထားမိတာ၊ ဥပမာ လက်ကိုင်အိတ်ထဲ အကြာကြီးထားတာမျိုး။ စွပ်-ချွတ်တဲ့အခါ နည်းမှန်ပေမဲ့၊ သွား-လက်သည်း-လက်စွပ် နဲ့ထိပြီး ပေါက်နိုင်တာမျိုး၊ သုံးရမဲ့ဆီမှန်ပေမဲ့ လိုတာထက် အားသုံးမိလို့ ပေါက်ပြဲတာမျိုး စတာတွေ စဉ်းစားရအုံးမယ်။

အရည်အသွေးက အရေးပါတယ်။ ခပ်ညံ့ညံ့ နိုင်ငံတွေမှာ ခပ်ညံ့ညံ့ လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များပါတယ်။ အမေရိကားမှာ (FDA) က အသိအမှတ်ပြုမှသာ ရောင်းခွင့်ရှိတယ်။ ဥရောပမှာတော့ CE အမှတ်အသား ပါရတယ်။ တကမ္ဘာလုံးမှာဆိုရင် (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ်ဆိုတာ သတ်မှတ်ပေးထားပါတယ်။

(ကွန်ဒွမ်) ကို အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှုမရှိပါ။ (လေးတက်စ်-ကွန်ဒွမ်) နဲ့ မတည့်သူတွေက Polyurethane Condom (ပေါ်လီယူရီသိန်း-ကွန်ဒွမ်) သုံးရတယ်။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) လဲ ရှိပါတယ်။ (ပေါ်လီယူရီသိန်း) နဲ့ လုပ်ထားတာပါ။

ကနေဒါမှာ မမြင်နိုင်တဲ့ (ကွန်ဒွမ်) ထုတ်လုပ်ဘို့ ကြိုးစားနေပါတယ်။ အရည်တမျိုးကနေ အကာအကွယ် (ဂျဲလ်) ဖြစ်လာစေပြီး ကာကွယ်ပေးမယ်။ ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေးပါတယ်။ Foam အမြှုပ် ဒါမှမဟုတ် Cream (ခရင်မ်) အနေနဲ့ သုတ်ထားပေးတာမျိုး။ ဒါက ကိုယ်ဝန်မရမှာကို ပိုသေခြာအောင် လုပ်တာပါ။ မတည့်ရင်တော့ တချို့မှာ အနာဖြစ်တတ်တယ်။

အဆန်းသမားတွေက လိင်လမ်းတမျိုးမက အသုံးချတယ်။ (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း ဥပမာ စအို၊ ပါးစပ်အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့လိုတယ်။ အုပ်စုလို အဆန်းအပြား လိင်ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက်ကြ အသစ်ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ အမှိုက်ပုံးထဲသာ ပြစ်ပါ။ ရေအိမ်သာထဲ မပြစ်ရပါ။ သူများမမြင်စေချင်ရင်တော့ (တစ်ရှူး) လေးနဲ့ထုပ်ပေါ့။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင် ရောဂါကာကွယ်ဘို့ သုံးသူက အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်းလုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခုသုံးနေသူနေပေမဲ့ တကယ်လို့ ကိုယ့်အဖေါ်အကြောင်းကို မသိရင် ရောဂါတွေကာကွယ်ဘို့ရာ (ကွန်ဒွမ်) ကိုပါ သုံးရမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေးသောက်ရပါမယ်။

ဒေါက်တာတင့်ဆွေ - Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

Comments

  1. Zaya says:

    ကွန်​ဒုံးနဲ့လိင်​ဆက်​ဆံပြီးဆက်​ဆံ​နေတဲ့မိန်းမကို ကွန်​ဒုံးပြန်​ချွတ်​ပြီး လက်​နဲ့အာသာ​ဖြေခိုင်းရင်​​ကော ​ရောဂါကူးပါသလားခင်​ဗျာAntiviral Therapy ​ဆေးက ဝယ်​ရတာလွယ်​ပါသလားခင်​ဗျာ ​ဆေးက ဘယ်​လို​သောက်​ရလဲခင်​ဗျ ပြန်​​ဖြေ​ပေးပါခင်​ဗျာ

  2. လင်းလင်း says:

    အကာအကွယ်မပါပဲ ၁ ရက်နေ့ကလိင်ဆက်ဆံပီး နောက်နေ့ecee 2 နှစ်လုံးတခါတည်းတိုက်ခဲ့ပါတယ် အခုဆိုရင် ၁၈ ရက်ရှိပါပီ ရာသီလာမှာလား ကိုယ်ဝန်ရနှိင်လား သိချင်ပါတယ် ဆရာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top