7
Dec

HIV ကူးစက်ခံရသူများ စကားဝိုင်းကို နယ်လှည့် ပြုလုပ်နေသည့် ဦးစရကိုနှင့် တွေ့ဆုံခြင်း

ယခုနှစ်အတွင်း HIV ကူးစက်ခံရသူ တစ်ဦးမှ ရန်ကုန်-ထားဝယ် မိုင် ၄၀၀ ကျော် ခရီးစဉ်ကို စက်ဘီးစီးသွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ မိုင် ၄၀၀ စက်ဘီးစီး ခဲ့သူသည် လာမည့် ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး မြို့ပေါင်း ၂၅၅ မြို့ကို စက်ဘီးစီးခြင်းဖြင့် HIV ကူးစစက်ခံရသူများအား အသိပညာပေး စကားဝိုင်းများ ပြုလုပ်ရန် အတွက် လုပ်ဆောင်သွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ပေါင်း ၂၅၅ မြို့တွင် HIV အသိပညာပေး စကားဝိုင်းများ ပြုလုပ်မည့်သူ တစ်ဦးဖြစ်သည့် ကိုယ်တိုင်လည်း အဆိုပါ HIV ကူးစက်ခံထားရသူ ဖြစ်သည့် စရကို (ခ) ဦးနိုင်အောင်ကျော်ထွန်းကို မြန်မပို့စ် ဂျာနယ်မှ ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေး။    ။ အီကို အခု ဒီလိုမြို့တွေကို လှည့်ပြီး HIV ကူးစက်ခံရသူတွေနဲ့ စကားဝိုင်းလုပ်ဖို့ စိတ်ကူးဘယ်လို ရခဲ့ပါသလဲ။

ဖြေ။    ။ ကျွန်တော် ရောဂါ ကူးစက် ခံထားရကတည်းက ပတ်ဝန်းကျင်ကို ဝေငှဖြစ်တယ်။ သူတို့ဆီကို ပြန်လည် မကူးစက်ဖို့၊ ကျွန်တော်မှာ HIV ပိုး ရှိတယ်လို့ ပတ်ဝန်းကျင်ကိုရော၊ သူငယ်ချင်းတွေကိုရော အားလုံးကို ပြောပြတယ်။ မြန်မာပြည်မှာက အရိုးစွဲသိနေတဲ့ ဒီပိုးရှိနေတယ်ဆိုရင် ခြောက်လ၊ တစ်နှစ်ပဲ ခံတော့မလားဆိုတဲ့ အသိကြီးကို အဲဒါမဟုတ်ဘူးဆိုတာ ပြချင်တယ်။ ကျွန်တော်လည်း HIV ပိုးကူးစက်ခံရပြီး သုံးနှစ်လောက်မှ သိလာတာ။ အဲဒီလို ဝေမျှချင်တယ်။ PLHIV တွေကို ဘာမှ လုပ်လို့ မရတော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုတဲ့ လူ့အဖွဲ့အစည်းကြီးက ထင်မှတ်နေတာများသေးတယ်။ PLHIV တွေ ကလည်း ငါတို့က ကူးစက်ခံရတဲ့ လူတွေဆိုပြီး ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး သေတော့မယ်ဆိုပြီး စိတ်ဓာတ်ကျနေတာကို ဒီလိုမျိုး မဟုတ်ဘူး၊ လုပ်နိုင်ရင် လုပ်လို့ ရတယ်။ စိတ်ဓာတ် မကျဖို့ ဝေမျှချင်တယ်။

ကျနော်ဆို အခု ဒီပိုးရှိနေတာ ကိုးနှစ်ရှိသွားပြီ။ HIV ပိုးရှိပြီး ခြောက်နှစ်လောက် ကတည်းက စဉ်းစားတယ်။ ဘယ်လို ဝေမျှရင် ကောင်းမလဲလို့။ အခုဆို ဆေးဝေငှတာ ရှိတယ်။ အာဟာရ ဝေငှတာ ရှိတယ်။ နှစ်သိမ့် ဆွေးနွေးတာရှိတယ်။ အဲဒီလို သူများလုပ်နေတာက ကျွန်တော် အာရုံမရဘူး။ အခု ၂၀၁၃ ခုနှစ်မှာ ထားဝယ်-ရန်ကုန် မိုင် ၄၀၀ ကျော် စက်ဘီးစီးကြတယ်။ ကျနော် လိုက်စီးဖြစ်တယ်။ အဲဒီလို စီးရင် စိတ်ကူးရတယ်။ စက်ဘီးစီးပြီး တစ်မြို့တရက်နှုန်းနဲ့ ကိုယ်အတွေ့အကြုံတွေ လိုက်ဝေငှမယ်။ သူတို့ထင်နေတဲ့ HIV ပိုး ရှိရင် ခဏနဲ့ သေမယ်။ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာ မဟုတ်ဘူးလို့လိုက်ပြောမယ်။

PLHIV ဆိုတာ သိလိုက်ရင် လူတွေ စိတ်ထဲမှာ ဒီကောင် မဟုတ်တာ လုပ်တဲ့သူ၊ အပျော်အပါး လိုက်စားတယ်၊ မူးယစ်ဆေးသုံးတယ်လို့ ထင်ကြတယ်။ ကူးစက်တာ ဒီနှစ်ခုထဲတင် မဟုတ်ပါဘူး။ သွေးကကူးတာ၊ ကိုယ်ဝန်ဆောင် မိခင်က ကူးတာ၊ ချွန်ထက်တဲ့ အရာကကူးတာ၊ လိင်ဆက်ဆံတာက ကူးတာ၊ အဲဒီလို မစဉ်းစားကြဘူး။ ကျန်တဲ့ နယ်ပယ်တွေမှာလည်း လူမသိ သူမသိ ကူးတာတွေ ရှိတယ်။ အဲဒါတွေကို သိအောင် တစ်မြို့ တစ်ရက်နှုန်း စက်ဘီးစီးပြီး ပြည်သူတွေ ရင်ထဲ စွဲစွဲမြဲမြဲ လက်ခံအောင် လုပ်မယ်လို့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာ။

မေး။    ။ HIV ကူးစက်ခဲ့ နေရတဲ့ သူတွေရော၊ တခြားသာမန် လူတွေရောကို ဒီရောဂါနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ ဘာများ ပြောချင်လဲ။

ဖြေ။    ။ ကျွန်တော် အရင် ပညာရေး လောကမှာ ပန်းချီသင်တာ။ အခုမှ ဒီလောကထဲ ဝင်မှာ။ ကျန်တဲ့ NGO တွေ လုပ်နေတဲ့ ဆေးထောက်ပံ့တာတို့ အာဟာရ ပေးတာတို့ လုပ်နိုင်မှာ မဟုတ်ဘူး။ နှစ်သိမ့် ဆွေးနွေးတာတော့ လုပ်နိုင်တယ်။ ဒါပေမယ့် အခု NGO တွေ လုပ်နေသလို လုပ်မှာတော့ မဟုတ်ဘူး။ PLHIV တွေ ရောဂါ ကူးစက်ပြီးသွားတဲ့ အချိန်မှာမှ ငါတို့ကိုမှ ဒီရောဂါ ကူးရလေချင်းဆိုတဲ့ စိတ်ဓာတ် အရမ်းကျသွားမယ်။ လူလောကထဲက မထွက်ခွာချင်ဘဲ ထွက်ခွာရတော့မယ် ဆိုပြီး စိတ်ဓာတ်ကျနေဖို့ မလိုဘူး။ လူတိုင်းမှာ ခန္ဓာကိုယ်ထဲမှာ မှီတင်း နေထိုင်တဲ့ ပိုးတစ်မျိုးလို့ သတ်မှတ်လိုက်တော့ လာကကြီးကို သက်တမ်းစေ့ ကိုယ့်ကိုယ်ကို နေနိုင်အောင်၊ ပတ်ဝန်းကျင်ကို အကျိုးပြုပြီး နေနိုင်အောင်၊ အဲဒီလို စဉ်းစားပြီး ကျန်းမာရေး ဂရုစိုက် နေထိုင်ဖို့၊ ပတ်ဝန်းကျင်ကို မကူးစက်အောင် ပတ်ဝန်းကျင်က လူတွေကို ဒီရောဂါကို စိုးရိမ်ကြောက်လန့်မှု မဖြစ်အောင် ဝေမျှချင်တယ်။ HIV ပိုးမရှိတဲ့ သူတွေကိုလည်း ဒီရောဂါနဲ့ ပတ်သက်ပြီး အဆိုးမမြင့အောင်၊ ဒီရောဂါကို အဆိုးမြင်နိုင်၊ PLHIV တွေက ဖွင့်ပြောရဲမှာ မဟုတ်ဘူး၊ ဘယ်လိုမှ ဒီရောဂါနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်မှု ရှိနေမှာ မဟုတ်တော့ဘူး။

အဲဒီလိုဆို ကူးစက်ဖို့ အန္တရာယ် ပိုများမယ်။ ဒါကြောင့် PLHIV တွေ ကူးစက်တဲ့ အပေါ် အဆိုးမမြင်ဘဲ ဒီပိုးက လူ့ခန္ဓာကိုယ်မှာ မှီတင်းနေတဲ့ ပိုးတစ်မျိုးပဲလို့ လက်ခံပြီးတော့ ကူးစက်နိုင်တဲ့ အရာတိုင်း အနေအထားတိုင်း သတိထား ဆင်ခြင်နေထိုင်သွားဖို့ PLHIV တွေကို တက်နိုင်သလောက် လက်တွဲဖေးမဖို့ ပြောချင်တယ်။

မေး။    ။ မြန်မာနိုင်ငံမှာ ARV ဆေးလိ ကာကွယ်ဆေးကို HIV ကူးစက်ခံရသူတိုင်း မရှိတဲ့အပေါ် အကိုအမြင်လေး။

ဖြေ။    ။ ကျွန်တော်ရဲ့ စီနီယာ NGO တွေ မေးကြည့်တယ်။ မြန်မာပြည် အတိုင်းအတာနဲ့ ၂၀၁၂ ခုနှစ် ရှေ့ပိုင်းက တစ်ကမ္ဘာလုံး အတိုင်းအတာမှာကို CD4-350 အောက် သောက်ရတယ်။ အဲဒါက တစ်ချက် CD4- 350 မဟုတ်ပေမယ့် ကျန်အခွင့်အရေးယူတဲ့ ရောဂါဝင်နေပြီး ဆေးစသောက်ရတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က CD4-500 အောက် မှတ်ထားပေမယ့် မြန်မာပြည်မှာ CD4-350 အောက် လူနာ၊ အခွင့်အရေး ယူတဲ့ ရောဂါရှိတဲ့သူ၊ တစ်ခုထက် ပိုပြီး ရောဂါ ရှိတဲ့သူတွေကို သောက်ခွင့်ပေးတယ်။ လိုအပ်တယ်ဆိုရင် အစိုးရ ကျန်းမာရေးဌာန၊ NGO ဌာနတွေက ဝေဒနာရှင်တွေ သောက်လို့ရအောင် စီစဉ်ပေးထားတယ်။ သောက်ဖို့ မလိုရင်တော့ မပေးဘူး၊ မလိုအပ်ဘဲ သောက်ရင် ဆေးယာဉ်သွားမှာ ဆိုးလို့ပါ။

မေး။    ။ မြန်မာနိုင်ငံမှာရှိတဲ့ HIV ကူးစက်ခံရသူတွေကို အစိုးရက စောင့်ရှောက်မှု အပေါ် အားသာချက်၊ အားနည်းချက်လေး တွေ့ရှိရင် ပြောပြပေးပါ။

ဖြေ။    ။ အားနည်းချက်ကတော့ မရှိဘူး။ အားသာချက်ကတော့ အားလုံးက ကြောက်နေတဲ့ ရောဂါကို ကျန်းမာရေး ဝန်ကြီးဌာနပိုင်းက ဝန်ထမ်းတွေက အစ ဖက်လဲတစ်ကင်း ပြုစုတယ်၊ စောင့်ရှောက်တယ်။ ဆေးက အစ အခမဲ့ ပေးတယ်။ ARV လိုဆေးတွေက အရင်ကဆို လက်လှမ်း မမီဘူး။ ဈေးက တစ်သိန်းလောက် ရှိတယ်။ အခုဆို အခမဲ့ သောက်ခွင့်ရတယ်။ ကျွန်တော် တစ်ဦးတည်း ခံစားရတဲ့ အချက်တစ်ချက်တော့ ရှိတယ်။ ARV ပေးတဲ့ အချိန်က နှစ်သိမ့် ဆွေးနွေးတာ သုံးခါ ဝင်ရတယ်။ အချိန် အကြာကြီး ပေးရတယ်။ သွားစောင့်နေရတယ်။ တချို့ဆို မထိုင်နိုင်လို့ လှဲစောင့်ရတယ်။ သာမန်လူတွေတောင် ဆေးရုံဆေးခန်းမှာ အကြာကြီး ထိုင်စောင့်ရတာ စိတ်ဓာတ်ကျတယ်။ တကယ်ဆိုတကြိမ်လောက်နားလည်အောင် ပြောပြထားမယ်ဆိုရင် နားလည်မယ်လို့ ယူဆပါတယ်။ ဒီဆေးကိုဘယ်အချိန်သောက်ရမယ်၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဆိုတာကို နားလည်အောင်ပြောပြထားရင်ရနိုင်ပါတယ်၊ အဲ့ဒီတခုပါဘဲ။ ကျန်တဲ့စနစ်တစ်ခုလုံးကောင်းပါတယ်။ တခြားနိုင်ငံမှာအလှူရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကြိုးပန်းမှုကြောင့်ရတာ။ တစ်ခါတရံမှာ လူ့စိတ်သိပ်မကြည်တဲ့အခါတွေရှိတယ်။ လူအများနဲ့ဆက်ဆံရတော့ နားလည်မှုရှိရမယ်။ လူကိုမကြည့်ဘဲ မူကိုကြည့်မယ်ဆို အဆင်ပြေပါတယ်။

မေး။    ။ အစိုးရက ဖွင့်လှစ်ထားပေးထားတဲ့ HIV ကူးစက်ခံရသူတွေအတွင် ဆေးရုံတွေက လက်ရှိအခြေအနေလုံလောက်မှုရှိလား။

ဖြေ။    ။ လုံလောက်မှုရှိပါတယ်။ HIV ကူးစက်ခံရသူတွေကို ဆေးရုံတွေက သုံးလတစ်ခါ သို့မဟုတ် ခြောက်လတစ်ခါ ကျန်းမာရေးစစ်တယ်။ နောက်သောက်ဖို့ဆေးပေးတယ်။

မေး။    ။ လူမှုအဖွဲ့အစည်းတွေက ဖွင့်ပေးထားတဲ့ HIV ကူးစက်ခံရသူတွေ စောင့်ရှောက်ရေးဂေဟာတွေအပေါ် အစ်ကို့ အမြင်ပြောပြပေးပါ။

ဖြေ။    ။ လူမှုအဖွဲ့တွေအနေနဲ့ ကူးစက်ခံရသူတွေကို လိုအပ်တဲ့ဆေးမဟုတ်တဲ့ အခြားလိုအပ်တဲ့ လူမှုဘဝနဲ့ ပတ်သက်တာတွေ၊ လူ့အဖွဲ့အစည်းတွေ ထဲဝင်လို့မရတဲ့ အနေအထားတွေကို သူတို့က ဦးဆောင်ပြီးတော့ ပံ့ပိုးတာ ကောင်းပါတယ်။

မေး။    ။ မြန်မာနိုင်ငံမှာရှိတဲ့ HIV ကူးစက်ခံရသူတွေကို လူ့ဘဝတွေရဲ့ ရပိုင်ခွင့်တွေ၊ လူ့အခွင့်အရေး ဆုံးရှုံးနေမှုအပေါ် အမြင်လေးပြောပြပါ။

ဖြေ။    ။ ဒီရောဂါနဲ့ ပတ်သက်ပြီး လူတွေက ဂဃနဏ မသိစေးတဲ့အပေါ်မှာ သူတို့က ဒီလိုမြင်နေတယ်ဆိုတာ ခေါင်းထဲမထည့်ဘဲ ကိုယ်ရပိုင်ခွင့်ရဖို့ဘဲ ကိုယ့်ဟာကိုယ်လုပ်ဖို့ လိုတယ်လို့ပဲမြင်တယ်၊ နောက်ပြီး HIV ဆို လူတွေအားလုံးက AIDS ရောဂါလို့ဘဲမြင်တယ်။ ဒီအမြင်ပြောင်းဖို့ အများကြီးလိုတယ်၊ တကယ်တော့ ပိုးတခုပဲ ဝင်ရောက်နေတာ ရောဂါသည် မဟုတ်ဘူး၊ ပိုးကြောင့် ခန္ဓာကိုယ် ခုခံအားနည်းလာပြီး အခွင့်အရေး ယူတဲ့ရောဂါတွေ ဝင်ပြီး အခွင့်အရေးယူရောဂါတွေဖြစ်မှ AIDS ရောဂါသည်လို့ခေါ် လို့ရတယ်။ ရောဂါကို ကုလို့ရတယ်။ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုး တစ်ခု မဟုတ် တစ်ခုဖြစ်နေတာပဲ။ ပိုးနဲ့ ဘဝကြီးကို ရှင်သန်နေတဲ့သူပါ။ ဒါကြောင့် HIV ကူးစက်ခံရသူတွေကို ငါတို့ ဘာမှလုပ်လို့ မရတော့ဘူးဆိုတာ ခေါင်းထဲမထည့်ဘဲ ကိုယ်ဟာကိုယ် ကိုယ်ဘယ်လိုနေမလဲ ဆိုတာ လုပ်ဖို့လိုတယ်။ ဆင်ခြင်ပြီးနေစေချင်တယ်။

မေး။    ။ HIV ပိုးမကူးစက်ခံရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အများသိအောင်ပြောပြပါလား။

ဖြေ။    ။ ကျွန်တော်က ဒီပိုးကူးစက်ခံရတာ ငယ်ငယ်က ဆေးမှင်ကြောင်ထိုးတယ်။ နောက် ၁၉၉၇ ပခုက္ကူ-ဂန့်ဂေါ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းမှာ လက်ဝဲဘက် လက်သန်းကြွယ် ဒဏ်ရာရတယ်။ စီမံကိန်း ဆေးခန်းမှာ ကုသတယ်။ ၁၉၉၉ ခုနှစ် ကျောက်ပါးစပ်ရွှေတောမှာ ဗိုက်နာလို့ ဆေးခန်းမှာ ကုသတယ်။ ကူးစက်ခံရတာသိတော့ ၂၀၀၅ မှာသိတယ်။ ဒါကြောင့် ဘာဘဲလုပ်လုပ် ဆင်ဆင်ခြင်ခြင်လုပ်ဖို့၊ စိတ်ချရတဲ့ အနေအထားရောက်မှလုပ်၊ တစ်ချို့က ဆေးမှင်ကြောင်ထိုးရင် အပ်လဲတာ၊ စက်လဲတာနဲ့ မလုံလောက်ဘူး။ ရှေ့က ထိုးတဲ့လူသွေးက ဆေးရည်ထဲရှိနေတယ်ဆိုရင် ပိုးကမသေဘူး၊ စိုစွပ်နေတယ်ဆိုရင် မသေဘူး။ ဒါကြောင့် ဆင်ခြင်ဖို့ လိုတယ်၊ မြန်မာနိုင်ငံ လူသန်းခြောက်ဆယ်မှာ HIV ပိုးရှိတာ နှစ်သိန်းကျော်ရှိတယ်။ အရင်ကမသိလို့ ဒီရောဂါကို ကြောက်နေတာ၊ အခုလက်တွဲပြီး ဖြေရှင်းဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။

ဖြိုးဖြိုး

မြန်မာပို့စ် ဂျာနယ် - အမှတ် ၄၇၊ အတွဲ ၅ - နိုဝင်ဘာ ၂၇ ရက်နေ့ - ထုတ် “HIV ကူးစက်ခံရသူများ စကားဝိုင်းကို နယ်လှည့် ပြုလုပ်နေသည့် ဦးစရကိုနှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ ပြန်လည် ရေးသား ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top