ဒီဇင်ဘာ ၁ နေ့မှာ ကမႝာ့
အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတကာမှာ
နေရာအနှံ့ ကျင်းပကြသလို တရုတ်မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုက
ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကေအိုင်အို
ကျန်းမာရေးဌာနနဲ့ တရုတ်နိုင်ငံအခြေစိုက် အင်ဂျီအို အဖွဲ့တဖွဲ့က နေပြီးတော့ မနက် ၁၁
နာရီကနေ ညနေ ၃ နာရီအထိ အေအိုင်ဒီအက်စ် ပညာပေး ဟောပြောခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ
အင်ဂျီအို အဖွဲ့က သူတို့စစ်တမ်းကောက်ယူထားတဲ့ အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးရှိတဲ့သူစာရင်း အများအပြားတွေ့ရတဲ့အကြောင်း ပြောကြားခဲ့တယ်လို့
အဲဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လိုင်ဇာ ဒေသခံတယောက်က ပြောပါတယ်။
လိုင်ဇာ
ဒေသခံ။ ။ “သူတို့
အိတ်ခ်ျယူက ၆ ထောင်ကျော်
စစ်ဆေးတဲ့ နေရာမှာ လူ ၁၀၁၄ ယောက် အိပ်ခ်ျအိုင်ဗွီ တွေ့တာပေါ့၊ အဲဒီထဲမှာက အများဆုံးက
ဒီလိုင်ဇာပတ်ဝန်းကျင်က၊ မြစ်ကြီးနားက အယောက် ၂၀၀ ပတ်ဝန်းကျင်လောက် ပါဝင်တယ်ပေါ့
ကျန်တဲ့ဟာကတော့ နယ်စပ်ပတ်ဝန်းကျင်ပေါ့ ၊ ကေအိုင်အို ဝန်ထမ်း ယောက် ၁၀၀ ကျော် ပါဝင်တယ်တဲ့အဲဒီ အိတ်ခ်ျအိုင်ဗွီ ပေ့ရှင့်ထဲမှာ
ဟုတ်တယ် များတယ် စာရင်းဇယားအဲဒီမှာ တင်ပြသွားတာ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်က
အများဆုံးပဲပေါ့ တဝက်ကျော်လောက် ရှိတယ်လို့ သူတို့က ပြောသွားတာလေ
အနည်းဆုံးပြောမယ်ဆိုရင် လူ တထောင်စစ်မယ် ဆိုရင်တော့ ၁၀၀ ကျော်တော့ တွေ့တာပေါ့ ဒါတောင်မှ သူတို့က ကောင်းကောင်းမလုပ်နိုင်သေးဘူးပေါ့
လာတဲ့လူတွေကို စစ်ဆေးတာ ဒီလောက်ပဲ လုပ်နိုင်တာပေါ့။ ”
အိတ်ခ်ျယူလို့ခေါ်တဲ့
အင်ဂျီအို အဖွဲ့ဟာ တရုတ်နိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး နောက်ပိုင်းမှာ
လိုင်ဇာမြို့မှာ လာရောက်လုပ် ကိုင်နေတာဖြစ်တယ်လို့သိရပါတယ်။ အခုလို လိုင်ဇာဒေသမှာ
အိတ်ခ်ျအိုင်ဗွီ ရောဂါရှင် များပြားလာရတဲ့ အဓိက အကြောင်းအရင်းကတော့ မူးယစ်ဆေးဝါး
ဆေးထိုးအပ်တွေကနေ တဆင့် ကူးစက်တာတွေ များတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က
လိုင်ဇာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ အများအပြားရှိပေမဲ့ အခုနောက်ပိုင်းမှာတော့
ကေအိုင်အိုက နှိမ်နင်းတာတွေ လုပ်လို့ မူးယစ်ဆေးဝါးရောင်းဝယ်မှု နည်းပါးသွားပေမဲ့
လိုင်ဇာမြို့နဲ့ ကပ်လျက် တရုတ်နိုင်ငံဘက်ခြမ်းမှာတော့ မူးယစ်ဆေးဝါးတွေ
လွတ်လွတ်လပ်လပ် ရောင်းနေတယ်လို့ စောစောက လိုင်ဇာဒေသခံက ပြောပါတယ် ။
နယ်စည်းမခြားဆရာဝန်များ
အဖွဲ့ရဲ့ မကြာခင်က ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးရှိသူ ၂သိန်းခွဲ နီးပါးရှိနေပြီး အေအာတီခေါ် ရောဂါတိုက်ဖျက်ရေး
ဆေးလုံလောက်စွာ မရတာကြောင့် ဝေဒနာရှင် ၂ သောင်းလောက်
သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။




