ဘေးထွက်ဆိုးကျိုးများပြီး
ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူမှီဝဲနိုင်သည့် ဆေးဝါးအချို့ကို ဆေးအရောင်း ဆိုင်များက
အလွယ်တကူ ရောင်းချနေသဖြင့် ကျောင်းသား လူငယ်ထုအကြား ဆေးဝါးအလွဲသုံးစားမှုနှင့် ဆေးစွဲသူ
များပြားလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်
ဆေးဝါးဝယ်ယူရာတွင် အသက်၊ ထောက်ခံချက်၊ ညွှန်ကြားချက် မလိုအပ်ဘဲ အလွယ်တကူ ဝယ်ယူနိုင်သည့်
အချက်သည် လူငယ်များအား ဆေးစွဲရန် လမ်းဖွင့်ပေးသလို ဖြစ်စေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) တို့က လေ့လာတွေ့ရှိထားပြီး တပြည်လုံးအနှံ့ရှိ
ဆေးအရောင်းဆိုင်များအား လိုင်စင်စစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း FDA မှ
တာဝန်ရှိသူတဦးက ပြောကြားသည်။
၎င်းက “ကျောင်းသား
လူငယ်တွေစွဲတဲ့ ဆေးဝါးတွေ အလွယ်တကူ ရောင်းပေးနေတဲ့ ဆေးဆိုင်တွေကို စစ်ဆေးဖော်ထုတ်သွားဖို့
စီမံချက်တရပ် ရေးဆွဲပြီး ပြည်နယ်နဲ့တိုင်းအလိုက် ညွှန်ကြားထားတယ်။ စစ်ဆေးတဲ့ အထဲမှာ ဆေးဆိုင်လိုင်စင်
လျှောက်ထားသူနဲ့ လက်ရှိအဲဒီဆေးဆိုင်မှာ ဆေးရောင်း နေတဲ့လူတွေ ကွဲလွဲနေလား ဆိုတာလည်း
အခု စီမံချက်မှာပါတယ်။ လိုင်စင်မရှိတဲ့ ဆေးဆိုင်တွေဆိုရင် အရေးယူမယ်” ဟု ပြောသည်။
ဆေးအရောင်းဆိုင်
ဖွင့်လှစ်ခွင့် လိုင်စင် လျှောက်ထားသူသည် (၁၀) တန်းအောင်လက်မှတ်ဖြင့် မြို့နယ် အစား အသောက်နှင့်
ဆေးဝါးကြီးကြပ်မှုဌာနထံ လျှောက်လွှာ တင်သွင်းနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာပြည်တွင်း၌
လူငယ်များသုံးစွဲသည့် ရီဝေယစ်မူးစေသည့် ဆေးဝါးများမှာ ချောင်းဆိုးပျောက်ဆေး အရည် ပုလင်းများနှင့်
စိတ်ကြွဆေးကဲ့သို့ ယစ်မူးအောင် ဖော်စပ်ထားသည့် နောက်ဆုံးပေါ် ဆေးအမှုန့်များမှာ ထင်ရှားပြီး
ထိုဆေးဝါးများအား ရေရှည်သုံးစွဲသွားပါက ဆေးဝါးယဉ်ပါးသည့် အန္တရာယ် ဖြစ်နိုင်ကြောင်း
ဆေးဘက်ဆိုင်ရာ ပညာရှင်များက ပြောသည်။
ကလေးအတွက်
ဖော်စပ်ထားသည့် ချောင်းဆိုးပျောက်ဆေး (ရည်) များသည် ဆေးဆိုင်တိုင်းတွင် ရောင်းအား ကောင်းသည့်
ဆေးဝါးတမျိုးဖြစ်နေပြီး ဈေးနှုန်းမှာ ကျပ် (၁) ထောင်မှ (၂) ထောင် အတွင်းသာ ရှိသည့်အတွက်
လူငယ်များဝယ်ယူရန် အလွယ်ဆုံးနှင့် ဈေးနှုန်းအသက်သာဆုံး ဖြစ်သည်ဟု FDA တာဝန်ရှိသူက ရှင်းပြသည်။
ထိုသို့
လူငယ်များ ဆေးဝါးအလွဲသုံးစားမှု ဖြစ်နေသည့်အတွက် ဆေးဆိုင်များကို စီမံချက်ချ စစ်ဆေး သွားမည်ဆိုသော်လည်း
အောင်မြင်မည်ဟုမထင်ကြောင်း ရန်ကုန်မြို့တွင်း ဆေးဆိုင်ကြီး တဆိုင်မှ ဖြန့်ချိရေး ဒါရိုက်တာ တဦးကပြောသည်။
၎င်းက “ဘာလို့လဲဆိုတော့
အသက်အရွယ်နဲ့ ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်ပါမှသာ ရောင်းရမယ် ဆိုတဲ့ တိကျတဲ့ ဥပဒေမျိုး
ဗမာပြည်မှာမှ မရှိသေးတာ။ အခု လူငယ်တွေ စွဲနေတဲ့ ချောင်းဆိုးပျောက်ဆေး ဆိုတာက ကလေးငယ်တွေအတွက်
ဖော်စပ်ထားတာ။ လူတိုင်းဝယ်လို့ ရတယ်။ သူတို့သောက်တာက အလွန်အကျွံဆိုတော့ ရီဝေမူးမေ့သလို
Feeling ရှိတာကို စွဲတာ။ ဥပမာ စီးကရက်ဝယ်ရင်လည်း ဗမာပြည်မှာ ကြိုက်တဲ့လူ သွားဝယ်၊ ဟိုက
ရောင်းပေးမှာပဲ။ ဒီစီးကရက်ဘူးတွေမှာပဲ (၁၈) နှစ်အထက်သာ ဝယ်လို့ရတယ်လို့ ရေးထားပေမယ့်
အမှန်တကယ် ကျတော့ ဘယ်ကလေးပဲဖြစ်ဖြစ် ဝယ်လို့ရတယ်။ အသက်ဘယ်လောက် ရှိပြီလဲဆိုပြီး အသက်မပြည့်လို့
ဆေး(ဝါး)တွေ၊ စီးကရက်တွေ မရောင်းတဲ့ဆိုင်က
မရှိသလောက်ပါ” ဟုပြောသည်။
မြန်မာနိုင်ငံ
အောက်ပိုင်းတွင် ယင်းကဲ့သို့ မူးယစ်စေတတ်သည့် ဆေးဝါးသုံးစွဲမှုသည် နိုင်ငံရပ်ခြား တိုင်းပြည်များမှ
ပြန်ရောက်လာသူ လူငယ်များက စတင်ခဲ့ပြီးနောက် ဗန်နဒရိုင်းခေါ် ချောင်းဆိုး ပျောက်ဆေးရည်ကဲ့သို့
ဝယ်ယူရ လွယ်သည့် မူးယစ်စေသည့် ဆေးဝါးများအား သုံးစွဲခြင်းသည် ကျောင်းသားလူငယ်များအကြား
ကျယ်ပြန့် နေသည်ဟု လူငယ်တဦးဖြစ်သူ ကိုအာကာက ပြောသည်။
ပြည်တွင်းတွင်
လူငယ်များအကြား ယခင်က သုံးစွဲမှုအများဆုံးဖြစ်သည့် မြင်းဆေး ခေါ် ယာဘဆေး တလုံး၏ လက်ရှိဈေးနှုန်းသည်
(၅,၀၀၀) ကျပ်မှ (၆,၀၀၀) ကျပ်အထိ ဈေးမြင့်လာခြင်းကြောင့် ချောင်းဆိုး ပျောက်ရည်ကဲ့သို့
ရလွယ်သည့် ဆေးဝါးများအား သုံးစွဲမှုများလာခြင်း ဖြစ်ကြောင်းသိရ သည်။
http://www.khitpyaing.org




