ကမ်းမယ့်လက်တွေ များပါစေ။ ကျွန်တော်တို့ဟာ သာမန် သူလိုကိုယ်လို တိုင်းသူပြည်သား တွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်တွေဟာ မင်းအစိုးရနဲ့ ကယ်မဆောင်ယူမယ့် သူတွေက ချပေးချီးမြှင့်မယ့် အခွင့်အရေး အကောင်းအဆိုး တွေကိုသာ ခံယူဖို့ ဖြန့်ထားလို့ရတဲ့ လက်တွေ သတ်သတ်တော့ မဟုတ်ပါဘူး။ တစ်စုံတစ်ရာ အားရှိတဲ့၊ တစ်စုံတစ်ဦးကို ဆွဲထူနိုင်တဲ့၊ မတင်နိုင်တဲ့၊ ခေတ်တစ်ခေတ်ကို ထုဆစ် တည်ဆောက်နိုင်တဲ့ လက်တွေလည်း ဖြစ်တယ်ဆိုတာ မမေ့လျော့ သင့်ပါဘူး။
‘လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ’၊ ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဘယ်နှခါများ၊ ဘယ်နှယောက်ကိုများ ထူပေးခဲ့ပြီးကြပြီလဲ ခင်ဗျာ။ ဘယ်တော့မှ မလဲတဲ့သူ မရှိနိုင်ပါ။ ဘယ်တော့မှ မမှားတဲ့သူ မရှိနိုင်ပါ။ ကျွန်တော်တို့ လဲကျတဲ့ အခါမှာ တွဲထူမယ့် လက်တစ်ဖက်ရဲ့တန်ဖိုးကို ပိုနားလည် လာမှာပါ။ ကျွန်တော်တို့ အမှား ကျူးလွန်မိတဲ့ အခါ ခွင့်လွှတ်ပေးတတ်မယ့် စိတ်ထားတစ်ခုရဲ့ တန်ဖိုးကို ပိုသိရှိ ခံစားလာနိုင်မှာပါ။
လဲနေသူ တစ်ယောက်ကို ဥပေက္ခာပြု ပစ်ပယ်ခဲ့ခြင်းက ခံစားရသူ အတွက် စိတ်ဒဏ်ရာ လွယ်လွယ်လေး ဖြစ်ပေါ်စေနိုင်သလို၊ အနည်းဆုံး နောင်အခါများမှာ သူကိုယ်တိုင်ကလည်း လက်မကမ်း တတ်တော့တဲ့ သူတစ်ဦး ဖြစ်သွား စေနိုင်ပါတယ်။ ကမ်းတတ်တဲ့လက် မရှိတော့တဲ့ လူ့အသိုင်း အဝိုင်းကြီးဟာ အမှောင်ခေတ်ကို အလိုလို ဦးတည်သွားစေနိုင်တာပေါ့။ ‘ကိုယ်ထူကိုယ်ထ’ တွေများလာတဲ့ လူ့အသိုင်းအဝိုင်းမှာ တွဲထူမယ့် လက်တွေနဲ့ အတူ ပါလာတဲ့ ကြည်နူးချမ်းမြေ့မှု ဆိတ်သုဉ်းသွားမှာ အသေအချာပါပဲ။ အမှားကို ပြင်လာသူ တစ်ယောက်အတွက်၊ အသွားမတော်လို့ လဲကျခဲ့ရသူ တစ်ယောက်အတွက် အမှားပြင်ခွင့်ဆိုတဲ့ ပြန်လည် ရပ်တည်ခွင့်ဆိုတဲ့ ကမ်းလက်တစ်ဖက်ကို ကျွန်တော်တို့ လိုလိုလားလား မပေးသင့်ဘူးလားဗျာ။ အမှားပြင်ခွင့်ဆိုတာ အနည်းဆုံး တစ်ခါတော့ ရှိကိုရှိသင့်တယ် မဟုတ်ပါလား။ ကျွန်တော်တို့အားလုံး မေ့နေတတ်တာက အမှားကို မပြင်ချင်တဲ့သူ မရှိသလောက် ဖြစ်တယ်ဆိုတာပါပဲ။
HIV ပိုး ကူးစက်ခံထားရတဲ့ လူငယ်လေးတစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စိတ်လိုက်မာန်ပါ အမှားတစ်ခုအတွက် ပေးဆပ်ပြီးလို့ ထောင်ထဲက ပြန်ထွက်လာတဲ့ လူမိုက်ပေါက်စလေး တစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စကားတစ်ခွန်း၊ အဆုံးအဖြတ်တစ်ခု လွဲချော်သွားခဲ့လို့ မျက်နှာမွဲ အရှက်ရခဲ့တဲ့ နိုင်ငံရေး သမားတစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့် ပါတယ်။
မှားခဲ့တဲ့ လုပ်ရပ်တစ်ခုအတွက် ခွင့်လွှတ်နားလည် ပေးနိုင်မယ့် နှလုံးသားတစ်ခုဟာ နီးနီးနားနားမှာ ရှိနေသင့်ပါတယ်။ လူ့ဘောင်၊ လူ့လောကအတွက် ကြီးကြီးကျယ်ကျယ် စကားလုံးတွေမပါတဲ့ မထင်မရှား အကျိုးပြု လက်တစ်စုံရဲ့ပိုင်ရှင်ဟာ သင်ကိုယ်တိုင် ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လျစ်လျူရှုပြီး ခါပြလို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာ၊ ကမ်းလာမယ့်လက်ကို ပုတ်ထုတ်လို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာကိုပါ သတိပြု မိစေချင် ပါတယ်။ ပြင်ခွင့်မရနိုင်တော့လို့ အမှားတွေနဲ့ပဲ ပျော်အောင်နေတတ်ဖို့ ကြိုးစားလိုက်ရတဲ့ သူတွေဟာ အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အလဟဿ ဖြစ်သွားရပြီး အခန့်မသင့်တဲ့ အခါများမှာ အသိုင်းအဝိုင်း တစ်ခုလုံးကို ထိခိုက် လာတတ်ပါသေးတယ်။
စိတ်ဒဏ်ရာ အနာတရဖြစ်ခဲ့တဲ့ AIDS ဝေဒနာရှင်က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးခဲ့လို့ ပြန့်ပွားကူးစက် ခံလိုက်ရတဲ့ သားကောင်တွေ အများအပြားပဲ ရှိနေတာ ပုံပြင်မဟုတ်ပါ။ စိတ်ဒဏ်ချက်အပြည့်နဲ့ ကျန်ရစ်ခဲ့တဲ့ လူမိုက်တစ်ဦးဟာ ပိုအဆင့်မြင့်တဲ့ လူယုတ်မာ လူမိုက်အဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် ပိုခက်ခဲ ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေကို စိတ်ပါလက်ပါ ကျူးလွန်လာခဲ့တာတွေဟာလည်း ပုံပြင်မဟုတ်ပါ။ စိတ်အမာရွတ် ကျန်ခဲ့တဲ့ နိုင်ငံရေး သမားတစ်ဦးဟာ အခွင့်သင့်တဲ့ တစ်ချိန်မှာ နိုင်ငံနဲ့လူမျိုး အလုံးစုံကို ထိုးကျွေးပေးတာ၊ ရောင်းစားပစ်တာမျိုး မလုပ်နိုင်ဘူးလို့ အာမခံနိုင်သူ ရှိရဲ့လား။
ကျွန်တော်တို့ လက်တွေမှာ ကျွန်တော်တို့ရဲ့ လူ့ဘောင်ကို အဲဒီလို အဖြူကနေ အမည်း၊ အမည်းကနေအဖြူ ပြောင်းလဲ ပုံဖော်ပေးနိုင်လောက်တဲ့ စွမ်းအား ရှိနေတာကို မမေ့လျော့သင့်ပါ။ သိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ပါ။ သိပ်ခက်ခဲတဲ့ စိတ်ထား မဟုတ်ပါ။ လောကလူ့ဘောင်ထဲမှာ တစ်နေ့ ကိုယ်တိုင်ကြုံနိုင်တဲ့ လောကဓံ အနိမ့်အမြင့်တွေပါ။ ကိုယ်က ထူပေးနိုင်သူ တစ်ဦး ဖြစ်နေတာကို စဉ်းစားကြည့်ရုံနဲ့တင် ပျော်စရာမကောင်း ပါလား ခင်ဗျာ။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ပိုမိုပျော့ပျောင်း လာအောင်ဆိုတဲ့ အတွေးနဲ့အတူ လက်ကိုအိတ်ထဲ ထည့်ထားဖြစ်ခဲ့ရင် အပြင်ထုတ်လိုက်ပါဗျာ။ ကျွန်တော်တို့ အားလုံးရဲ့ လက်တစ်စုံစီဟာ လဲနေသူ တစ်ဦး စီတိုင်းကို ထူပေးနိုင်တာ သတိရကြပါ။ ပိုကောင်းတဲ့ တစ်နေ့မှာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေ အတူတူ စုလိုက်နိုင်တဲ့အခါ လဲနေတဲ့ တိုင်းနိုင်ငံကြီး တစ်ခုလုံးကိုတောင် ဆွဲထူလို့ရတယ် ဆိုတာကိုလည်း တစ်ပါတည်း သတိရနေကြစေချင် ပါတယ်။ ။
(ယက္ခ) ရဲကြီး
တွဲလက်များ - ကမ်းမယ့်လက်တွေ များပါစေ




