ဒီဇင်ဘာလ
၁ ရက်နေ့ဟာ ကမ္ဘာ့အေစ့်ရောဂါနေ့ ဖြစ်ပါတယ်။ တကမ္ဘာလုံးကို ဆယ်စုနှစ် သုံးစုနီးပါး ဒုက္ခပေးလာတဲ့
AIDS ကို တကမ္ဘာလုံး သတိတကြီးနဲ့ ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့ ရည်မှန်းချက်ထားပြီး ဒီနေ့
သတ်မှတ်တာပါ။ AIDS ရောဂါဟာ လူသားတွေအတွက် ကျန်းမာရေးကိစ္စရပ်တင် မဟုတ်တော့ပါဘူး။ ရောဂါသည်တွေကို
ခွဲခြားဆက်ဆံမှုတွေ ရောဂါသည်တွေအပေါ် အထင်အမြင်မှားမှု အထင်အမြင်သေးမှုတွေကစလို့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေလည်း ဖြစ်လာပါတယ်။ လူမှုရေး ပညာရေး စီးပွားရေး စသဖြင့် နယ်ပယ်အသီးသီးနဲ့ပါ
အကျုံးဝင် ဆက်စပ် လာပါတယ်။
ရောဂါ
ကူးစက်ပျံနှံ့မှုဟာ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းလာတယ်လို့ ကုလသမဂ္ဂ
အေစ့်ရောဂါတိုက်ဖျက်ရေး အဖွဲ့ကြီးက ထုတ်ပြန်ပေမယ့်လို့ HIV ဒါမှမဟုတ် အေ့စ်ရောဂါ ခံစားနေရသူ
ဝေဒနာရှင်ဟာ လူဦးရည် ၃၃ သန်းအထိ တိုးများလာပါတယ်။ ၁၉၈၀ ခုနှစ်များ ကာလကတည်းကဆိုရင်
အေစ့်ရောဂါကြောင့် လူပေါင်း ၂၅သန်းကျော် သေဆုံးခဲ့ရပါပြီ။ နှစ်စဉ်လိုလို လူဦးရည် ၂.၅သန်း
ရောဂါပိုး ကူးစက်ခံရပြီး ရောဂါကြောင့် ၂.၁သန်း သေဆုံးရပါတယ်။ ရောဂါပိုးပျံနှံမှုဟာ ဖွံဖြိုးဆဲ
တတိယနိုင်ငံတွေမှာ အဆိုးဆုံးဖြစ်နေပါတယ်။ ရောဂါပိုး ကူးစက်ခံရသူ ၉၀ရာခိုင်နှုန်းဟာ ၀င်ငွေနည်းပါးတဲ့
ဝင်ငွေအလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေကပါ။
ဒါပေမယ့်လည်း
AIDS ရောဂါ တိုက်ဖျက်ရေးမှာ အောင်မြင်မှုတွေတော့ ရှိနေပါတယ်။ အရင်တုန်းက AIDS ဝေဒနာရှင်တွေအတွက်
ရောဂါသက်သာဆေးဖြစ်တဲ့ အေအာဗီ ဆေးပြားဟာ အတော်ကို ဈေးနှုန်းကြီးမြင့်လို့ - ဝေဒနာရှင်တွေ
လက်လှမ်းမမှီ ဖြစ်ခဲ့ရပါတယ်။ အခု ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာတော့ အေအာဗီဆေး တန်ဖိုးဟာ
သိသိသာသာကို ဈေးနှုန်းကျဆင်းသွားပါတယ်။ အလိုအပ်ဆုံး နေရာတွေမှာ လိုအပ်တဲ့ဆေးဝါးတွေ
ပိုမိုရရှိ လာပါတယ်။
Dr.Anthony
Fauci ဟာ AIDS ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့ဆုံးကနေ ပြောဆိုဆောင်ရွက်နေတဲ့ အလာဂျီနဲ့ ကူးစက်ရောဂါဆိုင်ရာ
အမျိုးသားသိပ္ပံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ရောဂါတိုက်ဖျက်ရေးမှာ အောင်မြင်မှုတွေ ရှိနေတယ်ဆိုပေမယ့်
- ကမ္ဘာအနှံအပြား HIV/AIDS ရောဂါသည်အရည်အတွက် ကြီးကြီးမားမားကို ကျဆင်းသွား စေနိုင်မယ့်
အဓိကအခြေအနေတွေ ကိုင်တွယ်ရေးမှာတော့ ဆရာဝန်တွေရော ဆေးသိပ္ပံပညာရှင်တွေအဖို့ ခက်ခဲနေတုန်းပါပဲ။
အဲဒီအထဲ ထိပ်ဆုံးကရှိနေတဲ့ကိစ္စ ကတော့ AIDS ကာကွယ်ဆေး ပေါ်ထွက်လာရေးပါ။
ဆေးသိပ္ပံပညာရှင်တွေကတော့
HIV ရောဂါပိုး ကူးစက်ပျံပွားမှုကို တားမြစ်နိုင်တဲ့ လိမ်းဆေးအရည် သဘောမျိုး ပိုးသတ်ဆေးရနိုင်အောင်
ကြိုးစားဆောင်ရွက် နေကြပါတယ်။ အမျိုးသမီးတွေ အတွက်တော့ ဒီနည်းနဲ့ ကိုယ်နဲ့ လိင်ဆက်ဆံမယ့်
ရောဂါပိုးရှိထားတဲ့ အမျိုးသားဆီက ရောဂါပိုးမရနိုင်အောင် အကာအကွယ်ယူနိုင်မှာပါ။ ကွန်ဒုံ
အသုံးပြုခြင်းဟာ အကာအကွယ် ယူနိုင်တယ် ဆိုပေမယ့် ကွန်ဒုံသုံးတာ မကြိုက်သူတွေလည်း အတော်များများ ရှိနေတုန်းပါ။
အေစ့်ရောဂါ
တိုက်ဖျက်ရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေထဲ တခုကတော့ ရံပုံငွေကြေး ကိစ္စဖြစ်ပါတယ်။
တကမ္ဘာလုံးမှာ စီးပွားရေးကျဆင်းပြီး တိုင်းပြည်အတော်များများ ၀င်ငွေ ကျဆင်းနေတဲ့ အချိန်မှာ
ပိုလို့အခက်တွေ့လာရပါတယ်။ ဥပမာ အာဖရိကတိုက်က ဆွာဇီလန်နိုင်ငံမှာ လူဦးရည် ၂၅ ရာခိုင်နှုန်းဟာ
HIV ရောဂါပိုးကူးစက်ခံထားရပါတယ်။ ဒါပေမယ့် တိုင်းပြည်ဘဏ္ဍာငွေရဲ့ ၁၇ရာခိုင်နှုန်းကိုပဲ
အေစ့်ရောဂါကာကွယ်ရေး အတွက်အသုံးပြုပါတယ်။
ဒါကြောင့်လည်း
အေစ့်ရောဂါကူးစက်မှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံနေတဲ့ နို်င်ငံတွေအနေနဲ့ သူတို့ရဲ့ အမျိုးသား အာမခံလုပ်ငန်း
အစီအစဉ်တွေမှာ အေစ့်ရောဂါ ပြုစုစောင့်ရှောက်ရေး စရိတ်စကတွေ ထည့်သွင်းသင့်တယ်လို့ ကျွမ်းကျင်သူတွေက
အကြံပြုကြပါတယ်။




