ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှာတော့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် အတွင်း HIV/AIDS နဲ့ပတ်သက်ပြီး အသိပညာပေး အစီအစဉ် တွေပြုလုပ်ခဲ့ပါတယ်။ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် (၂) က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ AFH အဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်း ဆိပ်ကမ်းမြို့နယ်ရဲ့ ဓမ္မာရုံအတွင်း HIV/AIDS နဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ HIV/AIDS နဲ့ပတ်သက်ပြီး ၀ါးတန်းဆိပ်ကမ်း ပြည်တွင်းပြည်ပ ကုန်တင် ကုန်ချဌာနခွဲ (၂) က လုပ်သား ၁၀၀ ကျော်ကို သွေးဖောက် စစ်ဆေးမှုတွေပြုလုပ်ပေးခဲ့သလို ပန်းဆိုးတန်းဆိပ်ကမ်းမှာလည်း HIV/AIDS အကြောင်း အသိပညာပေး လက်ကမ်း စာစောင် တွေနဲ့ ကွန်ဒုံးတွေ ကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။
ဒီလို HIV/AIDS နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ အစိုးရနဲ့ NGO အဖွဲ့အစည်းတွေကတဆင့် အသိပညာပေးမှုတွေ ပြုလုပ်နေပေမယ့်လည်း အခြေခံ လူတန်းတစ်ချို့မှာတော့ HIV/AIDS နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ နည်းပါးနေသေးတာကို တွေ့ရပါတယ်။ လက်ရှိမြန်မာနိုင်ငံ မှာတော့ HIV/AIDS ရောဂါပိုးတွေ့ရှိသူ ၁ သိန်းရှစ်သောင်းကနေ ၂ သိန်းဝန်းကျင်ရှိတယ်လို့ သိရပြီး HIV/AIDS ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ နှစ်စဉ် လူ ၇၀၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။
MRTV-4 - ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံလုပ်သား များအား အခမဲ့သွေးစစ်ပေး




