ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊
မြန်မာနိုင်ငံ ဆရာဝန် အသင်း ခန်းမဆောင် (အေ)တွင် MMA (PPM-DOTS) TB Project ၏ World TB DAY(2009) အထိမ်းအမှတ် အခမ်းအနားကို' I Am Stopping TB' (တီဘီကင်းစင်၊ ကမ္ဘာတစ်ခွင်၊ လူတိုင်း တာဝန်ပင်)
ဆောင်ပုဒ်နှင့် အညီ တီဘီရောဂါ တိုက်ဖျက်ရေး အကြောင်း အခမ်းအနားကို မတ်(၂၆)ရက်၊
နေ့လယ် (၁)နာရီက ကျင်းပ ပြုလုပ်ရာ အခမ်းအနားမှူး အဖြစ် ဒေါက်တာ ယုယုလွင်က
ဆောင်ရွက်ပါတယ်။
အစီအစဉ် အရ မြန်မာနိုင်ငံ
ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင်မှ ကြိုဆို နှုတ်ခွန်းဆက်
အမှာစကား ပြောကြားခြင်း ရန်ကုန်တိုင်း၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ
ဦးလှမြင့်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ WHO (Myanmar)TB Advisor Dr.
Hans Kluge မှ အဖွင့် အမှာစကား
ပြောကြားခြင်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း တီဘီ စီမံချက် တာဝန်ခံ ဒေါက်တာ
ဦးတင်အေးမှ စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း၊ Media
Promotion အစီအစဉ်နှင့် ပတ်သက်၍ လက်ထောက်
စီမံချက် မန်နေဂျာ ဒေါက်တာ သက်နိုင်မောင်မှ ရှင်းလင်း တင်ပြခြင်း၊ တီဘီရောဂါ
တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သော အထွေထွေ ရောဂါကု ဆရာဝန်
တစ်ဦးမှ အတွေ့အကြုံ ရှင်းလင်း တင်ပြခြင်း ရောဂါကုသ ပျောက်ကင်းပြီးသော တီဘီ
ဝေဒနာရှင် တစ်ဦးမှ အတွေ့အကြုံ ရှင်းလင်း တင်ပြခြင်း Outstanding
နှင့် TB
Patient များအား ဂုဏ်ပြုလက်ဆောင်
ပေးအပ်ခြင်းများ ပြုလုပ်ပါတယ်။
ဆက်လက်၍ ဒေါက်တာ တင်အေး (Project
Coordinator) MMA (PPm-Dots) TB Project
ပြောကြားရာတွင် မြန်မာနိုင်ငံ ဆရာဝန် အသင်း တီဘီ စီမံချက်ကို (၂ဝဝ၆)ခုနှစ်လောက်
စပြီး Global Fund
ထောက်ပံ့မှုနဲ့ မြို့နယ် (၁၃)မြို့နယ် လောက်မှာ အထွေထွေ ရောဂါကု ဆရာဝန်(ထွေ/ကု)
တစ်နည်းအားဖြင့် ပြင်ပ ပုဂ္ဂလိက ဆရာဝန်တွေကို သင်တန်း ပေးပြီး အစပျိုး ခဲ့ပါတယ်။
ဒါပေမယ့် မကြာမီမှာဘဲ Global Fund
ပြန်ဆုတ်သွားတော့ လုပ်ငန်း ရပ်နား သွားခဲ့တယ်။ (၂ဝဝ၇)ခုနှစ်၊ မတ်လမှာတော့ ရောဂါ
(၃)မျိုး ရန်ပုံငွေ 3 Diseaseas Fund (3DF) အကူအညီနဲ့ လုပ်ငန်းများ ပြန်စခဲ့ပါတယ်။ အခုဆိုရင် တိုင်းနဲ့
ပြည်နယ် အဆင့်၊ ဒီစကြိတ်အဆင့် မြို့ကြီး (၂၆)မြို့နယ်နဲ့ မြို့ငယ် (၁၅)မြို့နယ်၊
စုစုပေါင်း (၄ဝ)ကျော်ထိ တိုးချဲ့ နိုင်ခဲ့ပြီး (ထွေ/ကု)ဆရာဝန်ပေါင်း (၆ဝဝ)
နီးပါးကိုလည်း ppm မဟာဗျူဟာ
အောက်မှာ စည်းရုံး နိုင်ခဲ့ပါတယ်။
ppm မဟာဗျူဟာရဲ့
အဓိပ္ပာယ် ppm ကတော့ public
private mix အစိုးရနဲ့ ပုဂ္ဂလိက ဘဏ္ဍာတို့
ပူးပေါင်း ဆောင်ရွက်ခြင်းပါ၊ သုတေသန ပြုချက်တွေ အရ တီဘီလူနာ (၅ဝ)ရာခိုင်နှုန်းဟာ
အစိုးရ ဆေးရုံ ဆေးခန်းတွေ မသွားဘဲ ပြင်ပ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှု
ခံယူနေကြတာ တွေ့ရတယ်တဲ့။ အဲဒီတော့ နောက်ဆက်တွဲ ပြဿနာတွေက ကုထုံးတွေ အမျိုးမျိုးကြောင့်
သော်လည်းကောင်း၊ သက်သာသွားလို့၊ ပိုက်ဆံ ခါးပြတ်သွားလို့ ဆေးဆက်ဝယ် မသောက်ရင်သော်
လည်းကောင်း၊ တိုက်ရိုက် ကြည့်ရှုတဲ့ နည်းဗျူဟာ မသုံးတာကြောင့် လည်းကောင်း၊
ပျက်ကွက်လူနာ ဖြစ်လာပြီး ဆေးယဉ်ပါးတာ ဖြစ်လာနိုင်တဲ့ အသက် ဆုံးရှုံးနိုင်တဲ့
အန္တရာယ် ရှိတယ်။ လူနာလည်း ဆေးအခမဲ့ ရနိုင်တဲ့ အခွင့်အရေး ဆုံးရှုံးမယ်။
ဒီအားနည်းချက်တွေ ပြင်နိုင်ဖို့ အစိုးရ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေးနဲ့
တိုက်ရိုက် ကြည့်ရှု အချိန်တိုကုထုံး မဟာဗျူဟာ ချမှတ်ခဲ့တာပါ။ ကမ္ဘာ့ ကျန်းမာရေး
အဖွဲ့က ချမှတ်ခဲ့တဲ့ ဒီဗျူဟာကို မြန်မာနိုင်ငံ ဆရာဝန် အသင်းက 'ရွှေပြည်သာ' မြို့နယ်မှာ (၁၉၉၈)ခုနှစ်က တစ်ကြိမ် (၂ဝဝ၂)ခုနှစ်၊
ကျောက်ဆည်မြို့မှာ တစ်ကြိမ်၊ စမ်းသပ် အောင်မြင် ပြီးတော့မှ တစ်ပြည်လုံး
ဖြန့်ကြက်ဖို့ လုပ်ငန်းလမ်းစဉ် ချမှတ်ခဲ့ပါတယ်။
ppm ထဲမှာက
ကျွန်တော်တို့ ဆရာဝန် အသင်းက ပြင်ပ ဆရာဝန်တွေနဲ့ အစိုးရ ကျန်းမာရေး ဌာနနဲ့
ပေါင်းကူးတံတားလို ဆောင်ရွက် ပေးရတဲ့ တာဝန် ဖြစ်တယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့
လူပေါင်းများစွာ မြို့ပေါင်းများစွာ၊ လုပ်ငန်း ညှိနှိုင်း ရတာတွေ၊ ယုံကြည်မှု
တည်ဆောက် ရတာတွေ၊ ပူးပေါင်း ဆောင်ရွက် ရတာတွေ ရှိပါတယ်။ တူညီတဲ့ ပန်းတိုင်
ရှိတော့လည်း ppm က
အခက်အခဲတွေကို စိတ်ရှည်သည်းခံ ဇွဲသန်သန် ဆိုတဲ့ စကားလို အားလုံးကို ကျော်ဖြတ်
နိုင်တာပါပဲ။ တီဘီစီမံချက် အကောင်အထည် ဖော်တဲ့ မြို့နယ်တိုင်းမှာ ဆရာဝန် အသင်းရဲ့
မြို့နယ် စည်းရုံးရေး အခြေခံအားကို ယူတယ်။ ဆေးပညာကို အဆက်မပြတ် ဆည်းပူးရေးနဲ့
ပြည်သူလူထုကို အကျိုးပြုရေးကို ဆက်စပ်ပေးတယ်။ တစ်ဦးချင်း ဆေးကုသရေးနဲ့ ပြည်သူ့
ကျန်းမာရေး အမြင်တွေကို ပူးပေါင်းပေးတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အမျိုးသား တီဘီ
တိုက်ဖျက်ရေး စီမံကိန်းတွေ လက်ခံ ချမှတ်ထားတဲ့ ကုထုံးတွေ ကိုသာ 'စံ'ကုထုံး အဖြစ် တိကျစွာ လိုက်နာရန်နဲ့ တစ်ဦး
တစ်ယောက်ကောင်းထက် အဖွဲ့ (Team Partnership) တို့နဲ့ လုပ်ကိုင် လာအောင် စည်းရုံးတယ်။
တိုတိုနဲ့ အချက်အချို့ကို
ပြောရရင် ppm အဖွဲ့ဝင်ရဲ့
အင်အား အရင်းအမြစ် တွေကို စုစည်း အသုံးချလို့ ရတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ
ရှိတဲ့ (ထွေ/ကု) ဆရာဝန် တစ်သောင်းကျော်ကို သင်တန်းတွေ ဆက်ပေးသွားမယ်
ဆေးတိုက်ကျွေးတဲ့ အဆင့် တစ်ခုခုမှာတော့ ပါဝင် ဆောင်ရွက်ကြအောင်။ ဆက်လက်
စည်းရုံးသွားမယ့် ppm မဟာဗျူဟာကို
တီဘီရောဂါတင် မက ငှက်ဖျား HIV-AIDS မျိုးဆက်ပွား စတဲ့ ရောဂါ တိုက်ဖျက်ရေး တွေမှာလည်း (Apply)
လက်တွေ့ အသုံးချနိုင်အောင် အစိုးရ၊
ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက် သွားနိုင်အောင် ppm အင်အားကြီး တည်ဆောက်နိုင်အောင် ဆရာဝန် အသင်းက ဆက်လက်
ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း တီဘီစီမံချက် တာဝန်ခံ
ဒေါက်တာ ဦးတင်အေးမှ စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောပြပါတယ်။
ကမ္ဘာ့တီဘီရောဂါ
တိုက်ဖျက်ရေးနေ့ (၂ဝဝ၉) မြန်မာနိုင်ငံ ဆရာဝန် အသင်း၌ ကျင်းပ ပြုလုပ်ခြင်း




