ဂျိုဟန်နက်စဘာ့ဂ်- ပြီးခဲ့သည့် ဆယ်စု နှစ်အတွင်း ကမ္ဘာ့လူငယ်များ အတွင်း အိပ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှု ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ သို့သော် ကမ္ဘာ့ ခေါင်းဆောင်များ ချမှတ်ပေးခဲ့သည့် ရည်မှန်းချက်ထက် ၂၅ ရာခိုင် နှုန်းလျော့နေသေးသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ ဇွန်လ ၁ ရက်နေ့က အစီရင်ခံလိုက်သည်။
အာဖရိကတိုက် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းဆိုင်ရာ ကုလ ကလေး များရန်ပုံငွေအဖွဲ့ ဒါရိုက်တာ အယ်လ်ဟတ်ခ်ျ အက်စ်စိုင်က အစီရင် ခံစာအရ တိုးတက်မှု ရှိခဲ့သော်လည်း လုံလောက်မှုမရှိသေးကြောင်း ဆက်လက် ပြောကြားသွားခဲ့သည်။
အသက် ၁၅ နှစ်မှ ၂၄ နှစ်ရှိ လူ ငါးသန်းသည် အိပ်ခ်ျအိုင်ဗီရောဂါ ဖြစ် လျက်ရှိပြီး နေ့စဉ် ရောဂါကူးစက်သူ ၂,၅၀၀ ရှိနေကြောင်း၊ ၂၀၀၁ ခုနှစ်စာရင်း အရ ၁၂ ရာခိုင်နှုန်းကျဆင်းလာ ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ပြီးခဲ့သည့်လက သုတေသနအသစ် တစ်ခု ၏တွေ့ရှိချက်အရ အိပ်ခ်ျအိုင်ဗီ ရောဂါရှိသူတို့အနေဖြင့် Anti-retroviral ဆေးဝါးသုံးစွဲခဲ့သော် အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ၉၆ ရာခိုင်နှုန်းအထိ ကာကွယ်ပေးကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် အိပ်ခ်ျအိုင်ဗွီ ကူးစက်နေ ကြသည့် လူငယ်များက ၎င်းကိစ္စကို မသိနားမလည်ကြ တာကို တွေ့ရှိခဲ့ရသည်။
ယခုသုတေသနသည် အိပ်ခ်ျအိုင်ဗီကူးစက်နေသည့် လူငယ်များနှင့်ပြုလုပ်ခဲ့သည့် ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ၎င်း သုတေသနကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ခုနစ်ခု တို့က ထုတ်ပြန်ခဲ့သည်။ လာမည့်ရက် သတ္တပတ်အတွင်း အေအိုင်ဒီအက်စ်ကို နှစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ရာတွင် တိုးတက် မှုများကို လေ့လာဆန်းစစ်မည့် အဆင့် မြင့် ကုလအစည်းအဝေးပြုလုပ်သွား မည်ဟု သိရသည်။
(အေအက်ဖ်ပီ)
ရဲလင်း (အတွဲ ၂၇ ၊ အမှတ် ၅၂၁)
မြန်မာတိုင်းမ် - ကမ္ဘာ့လူငယ်များ အိပ်ခ်ျအိုင်ဗီကူးစက်မှု ၁၂ ရာခိုင်နှုန်းလျော့ကျ ကြောင်း ကုလအဖွဲ့ ကြေညာ




