2
Dec

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ထိုင်းမြန်မာနယ်စပ်နဲ့ လိုင်ဇာမြို့မှာ ပြုလုပ်



ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့
အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မယ်တော်ဆေးခန်း၊ World
Vision/ Social Action for Woman (SAW) နဲ့ Map Foundation စတဲ့အဖွဲ့တွေက ကမကထပြုပြီး
လမ်းလျှောက်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့မနက်
အစောပိုင်းက ရာနဲ့ချီတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေနဲ့ မြန်မာ ကျောင်းသားလူငယ်တွေ
ပါဝင်ပြီး လမ်းလျှောက်ချီတက်ပွဲကို မဲဆောက်မြို့ ဆေးရုံကြီးကနေ ၄ ကီလိုမီတာ လောက်ဝေးတဲ့
ကမ္ဘာ့ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်ရာ မယ်တော်ဆေးခန်းအထိ ချီတတ်ခဲ့ကြတာ
ဖြစ်ပါတယ်။

လမ်းလျှောက်လှုပ်ရှားသူတွေဟာ
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး၊ ကာကွယ်ရေးစတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ပြီး အေအိုင်ဒီအက်စ်ရောဂါနဲ့
ပတ်သက်တဲ့ ပညာပေး လက်ကမ်း စာစောင်တွေ၊ လိင်ဆက်ဆံရာမှာ ကာကွယ်ဖို့ ကွန်ဒုံတွေကို လမ်းဘေးဝဲယာတလျှောက်က
ပြည်သူတွေကို အခမဲ့ ဝေငှခဲ့ပါတယ်။

မဲဆောက်ဒေသအတွင်း
လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာပြည်သားတွေ အကြား အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပြန့်ပွားမှုတွေ
ရှိနေသလို အေအိုင်ဒီအက်စ် ဝေဒနာ ခံစားနေရသူတွေလည်း ရှိနေတာနဲ့ ပတ်သက်လို့ မယ်တော်ဆေးခန်းက
သုတေသနဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာကိုအောင်သန်းဝေ ကအခုလို ပြောပါတယ်။

ကိုအောင်သန်းဝေ။    ။“ကိုယ်ဝန်သည်တွေ သွေးစစ်တဲ့အချိန်မှာ ၁၊၆ ပေါ့နော်
အိခ်ျအိုင်ဗွီပိုး တွေ့ရပါတယ်။ သွေးလှူရှင်မှာကျတော့လည်း သူက ၁၊၈ လောက်ရှိတယ်။ ဒီ ကိုယ့်ဘာသာကိုယ်
ဆန္ဒရှိလို့ သွေးလာစစ်တဲ့သူ တရာမှာ ၁၇ ယောက်လောက်ရှိတယ် ကူးစက်တာ။ ကျနော်တို့ မယ်တော်ဆေးခန်းက
တာဝန်ယူနေတဲ့ အိခ်ျအိုင်ဗွီ ကူးစက်ခံနေရတဲ့ မယ်တော်ဆေးခန်း စာရင်းအရ ဆိုရင် သုံးရာပေါ့နော်။
မဲဆောက်တဝိုက်နဲ့ မြ၀တီပါ တချို့ပါတယ်”

မြန်မာရွှေ့ပြောင်း
အလုပ်သမာတွေးကြားမှာသာမက ပြည်တွင်းမှာပါ နှစ်စဉ် အိခ်ျအိုင်ဗွီပိုး ကူးစက်ခံရပြီးနောက်
အေအိုင်ဒီအက်စ်ရောဂါ ရသွားတဲ့ အဆင့်ကိုရောက်သွားတာ များလာရတဲ့ အကြောင်းရင်းတွေထဲမှာ
ဆင်းရဲနွမ်းပါးမှုအပြင် လူနာတွေအပေါ် ခွဲခြားဆက်ဆံ ခံရမှုတွေဟာ အဓိက ဖြစ်သလို အိခ်ျအိုင်ဗွီပိုး
ရှိသူတွေအတွက် ကုသရေးပိုင်းမှာ အဓိက လိုအပ်တဲ့ အေအာရ်ဗွီ ဆေးဝါးတွေ မလုံလောက်လို့ဖြစ်ကြောင်း
အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေက
ပြောပါတယ်။

ဒီကနေ့
ကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်တွေကို နိုင်ငံတကာ နေရာအနှံ့မှာ ကျင်းပကြသလို
တရုတ်မြန်မာနယ်စပ်က ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိမ်းချုပ်ရာ လိုင်ဇာမြို့မှာလည်း
ကျင်းပနေရာမှာ အခုနှစ် လိုင်ဇာနဲ့ အနီးပတ်ဝန်းကျင်မှာ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုကလည်း
မနှစ်ကထက် နှစ်ဆနီးပါး တိုးလာတယ်လို့ အခမ်းအနားမှာ တင်ပြတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ကေအိုင်အို
ကျန်းမာရေးအဖွဲ့နဲ့  Health Unlimited ခေါ် အင်န်ဂျီအိုအဖွဲ့တို့
ပူးပေါင်းပြီး မနှစ်က စစ်တမ်း ကောက်ခဲ့ရာမှာ လိုင်ဇာ၊ မိုင်ဂျာယန် အပါဝင် ကချင်နယ်စပ်တကြော
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နေသူ ၁၀၁၄ ဦး တွေ့ရှိခဲ့တယ်လို့ ကေအိုင်အို ဒုတိယ ကျန်းမာရေးတာဝန်ခံက
ပြောပါတယ်။ ဒါကြောင့် ကူးစက်သူအရေအတွက်ဟာ နှစ်ဆနီးပါး တိုးလာတယ်လို့ ဆိုနိုင်ပါတယ်။



တရုတ်နယ်စပ်မှာ
ဖြစ်ပွားနေတဲ့ အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်မှုဟာ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းတာနဲ့
လိင်ဆက်ဆံတာက တဆင့် အများဆုံး ကူးစက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA -

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့
ထိုင်းမြန်မာနယ်စပ်နဲ့ လိုင်ဇာမြို့မှာ ပြုလုပ်





Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top