လွတ်လပ်သောအာရှအသံ
မြန်မာဌာန၊ သတင်းများ
2007-12-01
ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ
ကာကွယ်တိုက်ဖျက်ရေးနေ့မှာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံက အစိုးရပိုင်
သတင်းစာမျက်နှာဖုံးတွေမှာ တရုတ်သမ္မတ မစ္စတာ ဟူဂျင်းတောင်ဟာ အေအိုင်ဒီအက်စ်
ရောဂါရှင် အမျိုးသမီးတဦးကို လက်ဆွဲနှုတ်ဆက်တဲ့ပုံ ဖော်ပြထားပါတယ်။ ဒါဟာလည်း
တရုတ်နိုင်ငံမှာ လူသန်းပေါင်း ငါးဆယ်လောက်ထိ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ
ကူးစက်ခံရဖို့ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးချက်ထွက်ပေါ်လာပြီး နောက်တရက်မှာ
သတင်းစာ မျက်နှာဖုံးမှာ ခုလိုဖော်ပြတာပါ။ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့်
လူခြောက်ထောင်လောက်နေ့စဉ် သေဆုံးနေတယ်လို့လည်းဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာရှတိုက်မှာ
အိပ်ခ်ျအိုင်ဗွီ ရောဂါကူးစက်ပြန့်ပွားတာ အမြန်ဆုံးပဲလို့ ကုလသမဂ္ဂက ပြောထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တနိုင်ငံလုံး ကွန်ဒုံးသုံးရေး လူထုလှုပ်ရှားတရပ်ကို
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်အနေနဲ့ ပထမဆုံးစတင်လိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျော့ဘုရှ်ကလည်း တကမ္ဘာလုံး
ဒီရောဂါတိုက်ဖျက်ဖို့ နောက်ငါးနှစ်အတွက် အမေရိကန် ဒေါ်လာသန်းသုံးထောင်
လျာထားသတ်မှတ်ဖို့ ကွန်ဂရက်ကို မနေ့က တိုက်တွန်းလိုက်ပါတယ်။ သူ့အစိုးရအနေနဲ့
အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးကို အလေးပေးတာကို ပြသဖို့ အာဖရိကတိုက်ကို
လာမယ့်နှစ် အစောပိုင်းမှာ သွားရောက်မယ်လို့လည်း ကြေညာလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ အေအိုင်ဒီအက်စ်နေ့နဲ့
ပတ်သတ်လို့လည်း ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ဟာ အမှန်တော့
ဝမ်းနည်းစရာကောင်းတဲ့နေ့ဖြစ်ပြီး မျှော်လင့်ချက်ထားရမယ့်နေ့ တနေ့ဖြစ်ရမှာပါ။
ဒီရောဂါနဲ့ သေဆုံးရသူတွေကို ၀မ်းပန်းတနည်း သတိရနေမှာပါလို့ သမ္မတဘုရှ်က
ပြောသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း
အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအတွက် ၂၀၁၀ခုမှာ တကမ္ဘာလုံးအေအိုင်ဗွီ ရရှိရေး
ကုလသမဂ္ဂ ရည်မှန်းချက်ပြည့်မှီရေး အရှိန်အဟုတ်မြှင့်ဆောင်ရွက်ဖို့ သောကြာနေ့က
တိုက်တွန်းလိုက်ပါတယ်။
ဒီရောဂါ ကူးစက်ပျံ့ပွားနေတာ
အစိုးရခေါင်းဆောင်ပိုင်းအားလုံးက အပြည့်အ၀ နားလည်ထားဖို့ တောင်းဆိုပါတယ်။ ၂၀၁၀
ခုမရောက်ခင် တကမ္ဘာလုံး အိပ်ခ်ျအိုင်ဗွီ ရောဂါကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်
ရှောက်ရေးကို ရှေးရှုပြီး ခေါင်းဆောင်ပိုင်း အဆင့်ဆင့်က ဆောင်ရွက်ဖို့လည်း
ဆော်သြပါတယ်လို့ မစ္စတာ ဘန်ကီမွန်းက ထည့်သွင်းပြောကြားပါတယ်။
http://www.rfa.org/burmese/news/world_aids_day-20071201.html?searchterm=None




