4
Dec

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ် ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ''ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART (အေအာတီ) ဖြင့် ကုသပေး'' ဆောင်ပုဒ်နှင့်အညီ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြကြောင်း သိရသည်။

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့သည် ဒီဇင်ဘာ ၁ ရက်နေ့ဖြစ်ရာ အထိမ်းအမှတ် လှုပ်ရှားမှုများ အနေဖြင့် ရောဂါတိုက်ဖျက်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများတွင် အစိုးရ ဝန်ကြီးဌာနများနှင့် လူမှုရေး အသင်းအဖွဲ့များ၊ ရောဂါ ကူးစက်ခံရသူ မိသားစုများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် အတွက် ''ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART (အေအာတီ) ဖြင့် ကုသပေး'' ဆောင်ပုဒ်နှင့် အညီ လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင် ပေါ်ပေါက်ခဲ့သော လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် AIDS ရောဂါဆိုးကြီး ဆက်လက် မပြန့်ပွား မကူးစက်နိုင်ရန် အတွက် ART ဆေးကို အသက်ရှင်နေသရွေ့  နှစ်ရှည် သောက်သုံးပြီး ကုသမှု အစီအစဉ်များ ဝိုင်းဝန်း ကူညီရမည် ဖြစ်ရာ ART ဆေး တိုက်ကျွေးမှုမှာ တစ်နိုင်ငံလုံး အနေဖြင့် ၆၁၆၇၃ ဦး ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ ၁၆၄၁ ဦးရှိပြီး မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ဟုမ္မလင်း နှင့် ကလေး မြို့ကြီးများမှ ပြည်သူ့ ဆေးရုံကြီး များတွင် ဆေးတိုက်ကျွေးလျက် ရှိကာ တဖြည်းဖြည်း ခရိုင်/ မြို့နယ် ဆေးရုံများသို့ တာဝန်ပေး စောင့်ရှောက်သွားမည် ဖြစ်သည်။ AIDS ရောဂါသည် ပြည်သူလူထု အားလုံးတွင် ယခုအခါ သုည ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားသော်လည်း မူးယစ်ဆေး သုံးစွဲသူ များအတွင်း ယခင် ၆၅ ရာခိုင်နှုန်း ရှိရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်း အထိ ရှိနေဆဲဖြစ်ကြောင်း ဆေးမှတ်တမ်း များအရ သိရသည်။

မုံရွာ ဒီဇင်ဘာ (၁)

မြဝတီ - ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top