3
Dec

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့



ဒီဇင်ဘာလ တစ်ရက်နေ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့
ပြည်သူတွေကို HIV/AIDS နဲ့ပတ်သက်ပြီး သတိမူကြဖို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့ခုခံအား ကျဆင်းမှုရောဂါ
တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာမှာ HIVနှင့် နေထိုင်သူပေါင်း ၃၃ သန်းကျော်ရှိနေပြီး
မြန်မာနိုင်ငံမှာတော့ နှစ်သိန်းလေးသောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့
UNAIDS ကခန့်မှန်းပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာ HIV နှင့်နေထိုင်သူ အသစ် ၂.၇ သန်းတိုးပွားလာကာ
ဒီရောဂါနဲ့ ဆက်စပ်ပြီးတော့ အသက် ၁၅နှစ်အောက် ကလေးငယ်ပေါင်း ၂၈၀၀၀၀ အပါအဝင် လူပေါင်း
၂သန်းလောက် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လူပေါင်း ၂၄၀၀၀
လောက် ဒီရောဂါနဲ့ မနှစ်က သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက HIVနဲ့ အတူနေသူတွေထဲမှာ
အများစုကတော့ လူငယ်လူရွယ်တွေ ဖြစ်ကြပြီး လိင်တူ ဆက်ဆံတဲ့ အမျိုးသား ၂၉ရာခိုင်နှုန်းနဲ့
အမျိုးသမီးပြည့်တန်ဆာ ၁၈ရာခိုင်နှုန်းလောက်မှာ HIV 
ပိုးကူးစက်ခံနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မူးယစ်ဆေး အကြောထဲ ထိုးသွင်းမှုကလည်း
မြန်မာနိုင်ငံမှာရောဂါ ကူးစက်ခံရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။

ဒါကြောင့် လူငယ်လူရွယ်တွေကို အပျော်အပါး
ရှောင်ရှားကြဖို့နဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးမှာ လူငယ်လူရွယ်တွေ အချင်းချင်း ကူညီရိုင်းပင်းပြီး
ကူညီကြဖို့ HIV ပညာပေး ဆောင်းပါးတွေ ရေးသားနေတဲ့ စာရေးဆရာမ သန်းမြင့်အောင်က

“ကျမ လူငယ်တွေကို ပြောချင်တာက ကာရာအိုကေတို့
ဗွီစီဒီတို့ လူမှုဆက်ဆံရေးနယ်ပယ်မှာ လုံးဝမလိုလား အပ်တဲ့ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အပျော်အပါးလေးတွေကို
ရှောင်စေချင်ပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် ကြားထဲက လူငယ်လူရွယ်တွေကိုလည်း ဒါမျိုးလေးတွေ
တားဆီးပေးဖို့။ ကိုယ်နဲ့ရွယ်တူ HIV ပိုးနဲ့အတူနေသူ တွေကို တွေ့ရင်လည်း နွေးနွေးထွေးထွေးနဲ့
ဆက်ဆံကြဖို့ ပြီးတော့ HIV တိုက်ဖျက်ရေး အဝိုင်းအဝန်းထဲမှာ ပါဝင်လာကြဖို့ ဆွဲဆောင်စေချင်ပါတယ်။
စည်းရုံးစည်ချင်ပါတယ်”

HipHop အဆိုတော် အနဂ္ဂကတော့

“HIV ကိုဟန့်တားနိုင်ဖို့ ကျတော်တို့
အရင်ဆုံး ပညာရှာဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက ဘဝရည်မှန်း ချက်တစ်ခုရှိဖို့ အရေးကြီးပါတယ်။
ကာမနဲ့ ပတ်သက်တာပဲဖြစ်ဖြစ် ဆေးထိုးအပ်နဲ့ပဲဖြစ်ဖြစ် အဲဒါမျိုးတွေကနေ မကူးစက်ဖို့ သတိထားသင့်ပါတယ်။
တချို့လည်း မသိလို့ ကူးစက်သွားကြတယ်။ တချို့လည်း သိလျက်နဲ့ ကူစက်သွားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
အားမငယ်ပါနဲ့ ဘေးနားမှာ ကူညီမယ့်သူတွေရှိတယ် ကျတော်တို့ ရှိတယ်။ အားမငယ်ကြပါနဲ့”

တကယ်တော့ HIV နဲ့ နေထိုင်သူတွေကို ခွဲခြားဆက်ဆံတာတွေ
ရှိနေပါသေးတယ်။ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက HIV/AIDS နဲ့နေထိုင်သူတိုင်း ဆေးဝါး
အကူအညီနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင်ရှောက်မူတွေ လိုအပ်တဲ့အပြင် သူတို့ရဲ့ အခြေခံ
လူ့အခွင့်အရေးတွေကို အသိမှတ်ပြုကြဖို့ ကုလသမဂ္ဂက ဆော်သြော်ထားပါတယ်။ မြန်မာပြည်က
HIV နဲ့ အတူနေထိုင်သူတစ်ဦးကတော့

“ကျမလည်း တန်းတူ ဆက်ဆံတာကိုပဲ လိုချင်ပါတယ်။
တချို့လူတွေက နားမလည်ဘူး၊ သဘောမပေါက်ဘူး၊ ဆက်ဆံတဲ့နေရာမှာ ခွဲခြားဆက်ဆံတယ်။ လူလူချင်းပဲ
မခွဲခြား စေချင်ပါဘူး”

HIV နဲ့ အတူနေထိုင်သူတွေကို ပစ်ပါယ်
မထားကြဖို့ကိုလည်း အဆိုတော် ဆောင်းဦးလှိုင်က

“ကျတော်တို့ မြန်မာပြည်မှာရှိတဲ့
HIV နဲ့ အတူနေသူတွေကိုလည်း မြန်မာလူထုက ပစ်ပါယ်မထားပဲနဲ့ ကိုယ်နဲ့ တစ်သွေးတည်း တစ်သားတည်း
အတူထားပြီးတော့ ကိုယ်ချင်းစာ ညာတာထောက်ထားပြီးတော့ လူသားအားလုံး အသက်ရှင်နေထိုင်နေတဲ့
အချိန်အတွင်းမှာ အားလုံးချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်နေသေးတဲ့ အချိန်မှာ
ဆက်လက်ပြီးတော့ အတူတူကျော်ဖြတ်ကြပါစို့လို့ ကျတော် အဲဒီလို ပြောချင်ပါတယ်။”
စာရေးဆရာမ သန်းမြင့်အောင်ကတော့ HIV နဲ့ အတူနေသူတွေအနေနဲ့ ရှက်ကြောက်သိမ်ငယ် အားငယ်
မနေကြပဲ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ကြဖို့ကိုလည်း သူက အကြံပြုပါတယ်။

“လူသားအားလုံးက ရောဂါတစ်ခုမဟုတ် တစ်ခုနဲ့
သေဆုံးကြမှာပါ။ အဲဒီအတွက်ကို HIV ကူးစက်ခံနေရလို့ ကိုယ့်ကိုယ်ကို အရမ်းရှက်ကြောက်ပြီး
သိမ်ငယ်မနေသင့်ပါဘူး။ ကိုယ်လည်း လူထဲက လူတစ်ယောက်ပါပဲ အဲဒါကြောင့်မလို့ လူ့အကျိုးပြုလုပ်ငန်းတွေ
ဝင်ပြီးတော့ကူညီနိုင်ပါတယ် ကျမတို့ကလည်း ဘေးပတ်ဝန်းကျင် ကနေ အဲဒီလူတွေကို နွေးထွေးတဲ့
လက်တွေနဲ့ ကြိုဆိုနေမှာပါ။”

အလားတူ အဆိုတော် ဇော်ဝင်းထွဋ်ကလည်း

“HIV နဲ့နေထိုင်သူတွေ အနေနဲ့ သူတို့ကို
ခွဲခြားပြီး မဆက်ဆံဘူး။ ဒါကတော့ အရေးကြီးပါတယ်။ ကျတော်တို့ တတ်နိုင်သမျှတော့ သွားတယ်၊
တွေ့တယ်၊ တွေ့ရင် နှုတ်ဆက်တယ်။ သူတို့နဲ့ ဖက်လှဲတကင်းနေတယ်။ အဲဒါမျိုးတွေလုပ်တယ် ကျတော်
ပြောချင်တာကတော့ လူတိုင်းက ဒီလိုပဲ ဘဝကို မေ့မေ့လျော့လျော့ နေကြတာပဲ။ ကျတော်လည်း ခု
သွားစစ်ကြည့်ရင် HIV ရှိချင်လည်းရှိနေနိုင်တယ်။ ပြောလို့တော့ မရပါဘူး။ ဒီလိုဖြစ်သွားတဲ့အတွက်
ဘာမှ အားငယ်စရာလည်း မရှိဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်က ဆက်ပြီးတော့ အသုံးဝင်နေသေးတယ်။
အကျိုးပြုနေသေးတယ်ဆိုရင် လူသားအားလုံးက တန်ဖိုးရှိတာပဲ။ အဲဒီတော့ ရောဂါဆိုတာကတော့ လူတိုင်းက
ဘယ်ရောဂါမဆို ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ ရောဂါဖြစ်သွားတဲ့အခါမှာ ဒီလိုရောဂါ ဖြစ်သွားတဲ့အခါကျတော့
ဘာမှမဖြစ်တဲ့လူက ကိုယ့်ကိုယ်ကို ကျန်းမာတယ်ထင်ပြီးတော့ မေ့မေ့လျော့လျော့နဲ့ ဒီလိုပဲနေမှာကိုး
သူက ဒီလိုရောဂါ ဖြစ်သွားတဲ့အတွက် သူက ပိုပြီးတော့တောင် စည်းနဲ့ ကမ်းနဲ့ သူများတွေအတွက်
တိုင်းပြည်အကျိုးအတွက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်လေ။”

ရုပ်ရှင်မင်းသား ကျော်သူကတော့

ကမ္ဘာပေါ်မှာ HIV နဲ့ နေထိုင်သူတွေပဲဖြစ်ဖြစ်၊
အခြားနည်းနဲ့ သန်စွမ်းသူများပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကျတော်တို့ကအစပေါ့ သေခြင်းတရားဆိုတာ
ဘယ်သူမဆို အချိန်မရွေးဖြစ်သွားနိုင်တာပဲ။ ကျတော်လည်း ခုပြောနေဆိုနေရင်းနဲ့ သေရင်သေသွားနိုင်တယ်။
အဲဒီတော့ ကျတော်တို့က မသေခင်ကလာလေးမှာ ငြိမ်းချမ်းမှုတွက် ကိုယ့်ဘာသာအလျောက်ပေါ့လေ မေတ္တာရှေ့ထားပြီးတော့
နေထိုင်သွားတယ်ဆိုရင် ကိုယ့်နောက်ပါမယ့် ကိစ္စတွေပါပဲ။ ကိုယ့်နောက်ပါမယ့် ကိစ္စတွေကို
လုပ်ကြဖို့ ကျတော် တိုက်တွန်းချင်ပါတယ်”

HIN ပညာပေးရေးနဲ့ အကူအညီပေးရေးတွေ လုပ်ကိုင်နေတဲ့
ရုပ်ရှင်မင်းသမီး ဆွေဇင်ထိုက်က ရောဂါ ကာကွယ်ရေးတင်မကပဲ ကုသရေးနဲ့ စောင့်ရှောက်ရေးအတွက်
အထူးသဖြင့် ကလေးသူငယ်တွေအတွက် လိုအပ်နေပြီဖြစ်တယ်လို့ ပြောပါတယ်။

“ကျမထင်တာတော့လေ HIV နဲ့ပတ်သက်ပြီး
ဒီတိုင်းပြည်မှာကတော့လေ ကာကွယ်ရေးနဲ့တင်မကပဲ ကုသရေးနဲ့ စောင့်ရှောက်ရေးအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့်လေး
လုပ်ဖို့လိုတယ်လို့ထင်ပါတယ်။ အဲဒီနေရာမှာလည်း ကလေးတွေအတွက်ပါ စဉ်းစားပေးဖို့လိုပါတယ်။
ကလေးတွေအတွက်က HIV နဲ့နေထိုင်တဲ့ မိဘတွေက မွေးပြီးတော့၊ မိဘတွေကလည်း ဆုံးသွားတဲ့အခါကျတော့
တချို့လည်း မိဘမဲ့အဖြစ်နဲ့ ကျန်ခဲ့ရတာကိုး”

လာမည့် ၂၀၁၀ မှာ HIV နဲ့ နေထိုင်သူတိုင်း
ကာကွယ်ကုသ စောင့်ရှောက်မှုတွေရဖို့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတွေက ကတိကဝတ်တွေ ပြုနေကြပါတယ်။
နိုင်ငံ အစိုးရတွေအနေနဲ့ ပေးထားတဲ့ ကတိတွေ တည်ကြဖို့နဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်ပွားနေတဲ့
HIV နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ဖုံးကွယ်မထားပဲ ရဲရဲရင့်ရင့် ရင်ဆိုင်ကြဖို့ အချိန်ရောက်နေပါပြီ။
ဒါကြောင့် ရောဂါအသစ် ကူးစက်မှုတွေ ထပ်ပြီးတော့ ဖြစ်မလာရအောင် တစ်ဖက်က ကြိုတင်ကာကွယ်မှုတွေ
လုပ်ကိုင်ရင်းနဲ့ တစ်ဖက်ကလည်း HIV နဲ့ နေထိုင်သူတွေအတွက် အစိုးရကော ပြည်သူတွေပါ တတ်အားသရွေ့ဖေးမ
ကူညီကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

DVB -  ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top