30
Nov

ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့

ဒီနေ့(ဒီဇင်ဘာ ၁ ရက်)နေ့ဟာ World AIDS Day ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ပါ။ ကမ္ဘာသူ ကမ္ဘာသား သန်းလေးဆယ်လောက်ဟာ HIV(ခုခံအားကျဆင်းစေတဲ့ဗိုင်းရပ်စ်ပိုး) ကူးစက်ခံနေရပါတယ်။ UNAIDS နဲ့ WHO တို့ရဲ့ ၂၀၀၆ ခုနှစ်အစီရင်ခံစာအရ ၂၀၁၀မှာ AIDS(ခုခံအားကျရောဂါ)ကြောင့် မိဘမဲ့ကလေး ၂၅သန်းလောက်အထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုအဖြစ်ဆိုးတွေကို ကာကွယ်ဖို့ World AIDS Day ကို သတ်မှတ်ပြုလုပ်ခဲ့ကြတာဟာပါ။

AIDS ရောဂါဟာ ဒီနေ့အထိ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမတွေ့သေးတဲ့ရောဂါပါ။ ဒါပေမဲ့ ကာကွယ်နိုင်တဲ့ ရောဂါပါ။ အကောင်းဆုံးကာကွယ်ရေးဒိုင်းလွှားဟာ ကိုယ်ကျင့်တရား လို့ပဲ ဆိုရပါလိမ့်မယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ဆေးထိုးအပ်သုံးခြင်းတို့ကတစ်ဆင့် ရောဂါကူးပါတယ်။ သွေးကနေတစ်ဆင့် ကူးတဲ့ရောဂါမို့ တခြားတခြားသော သွေးချင်း ကူးလူး ထိစပ်ခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါဖြစ်တိုင်း ကိုယ်ကျင့်တရားဖောက်ပြန်သူလို့ သမုတ်ဖို့တော့ အလွန်ခက်ပါတယ်။

တစ်ချိန်က မွတ်စလင်နိုင်ငံတော်တော်များများဟာ AIDSရောဂါနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကို မဆိုင်သလိုနေခဲ့ကြတာ ရှိပါတယ်။ အကြောင်းပြချက်ကတော့ မူးယစ် ဆေးဝါးသုံးစွဲတာ၊ လိင်တူဆက်ဆံတာ၊ လက်မထပ်မီအတူနေတာတွေကို အစ္စလာမ်က တားမြစ်ထားပြီးဖြစ်တဲ့အတွက် အစ္စလာမ့်တရားတော်အရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကိုလိုက်နာရင် ဒီရောဂါဟာ မွတ်စလင် တွေနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ဘူးလို့ ယူဆနေလို့ပဲဖြစ်ပါတယ်။ အခုတော့ တခြားအကြောင်းတွေ ရှိနေသေးတယ်ဆိုတာကို သိလာတဲ့ အခါမှာ AIDS ရောဂါပညာပေးလုပ်ငန်းတွေကို မွတ်စလင် အဖွဲ့အစည်းတော်တော်များများ ပါဝင်လုပ်လာကြပါတယ်။

အထူးသဖြင့် မိန်းကလေးတွေဆိုရင် အပြစ်မဲ့ရောဂါရကြရတာများပါတယ်။ ထုံးတမ်းဓလေ့ အစဉ်အလာတွေအရ လူကြီးမိဘတွေစီစဉ်နေရာချပေးတာကို အသာတကြည် ခေါင်းညိတ်လက်ခံပြီး လက်ထပ်ပေါင်းသင်းခဲ့ကြပေမယ့် ကိုယ်နဲ့လက်ထပ်တဲ့သူရဲ့ နောက်ကြောင်းရာဇ၀င်၊ ကိုယ်ကျင့်တရား အခြေအနေကိုမသိတော့ နေရင်းထိုင်ရင်း ရောဂါကံစမ်းမဲပေါက်သွားကြရတာမျိုးတွေဟာ ရင်နာဖို့ ကောင်းပါတယ်။ နောက်တော့ လောကကို မယောင်မလည်ရောက်လာဦးမယ့် အပြစ်မဲ့ကလေးပါ ကံဆိုးသူစာရင်း ၀င်ရပါတော့တယ်။ ဒါကြောင့် နိကဟ်ထိမ်းမြားလက်ထပ်မှုလုပ်မယ်ဆိုရင် နှစ်ဦးစလုံး သွေးစစ်သင့်ပါတယ်။

အိပ်ခ်ျအိုင်ဗွီပိုးဟာ အခုအခါမှာ ကိုယ်ကျင့်တရားနဲ့မဆိုင်တဲ့နည်းနဲ့ အကူးစက်ခံရတာတွေ ရှိနေပေမယ့် ကူးစက်ခံရပြီးသူကတော့ ဆက်လက် မပြန့်ပွားစေဖို့ ကိုယ်ကျင့်တရားနဲ့ ထိန်းသိမ်းပေးဖို့ အရေးကြီးပါတယ်။ တချို့က စာနာစိတ်မရှိဘဲ သေဖော်ညှိပြီး ရောဂါဖြန့်ကြသူတွေလည်းရှိပါတယ်။ အဲဒီလိုတစ်ဆင့်ကူးစေမှုပြဿနာကို ကာကွယ်ရအောင် ရောဂါရှိသူရဲ့အရေပြားအတွင်းမှာ ကွန်ပျူတာ ချိ(ပ်)ထည့်ပေးထားပြီး စောင့်ကြည့်အရေးယူဖို့အထိ ကမ္ဘာမှာ စဉ်းစားလာကြပါပြီ။ တကယ်တော့ “ကိုယ်မလို ချင်တာကို သူများကိုမပေးဘူး”ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ရှိကြရုံနဲ့တင် ဒီပြဿနာဟာ တော်တော်ငြိမ်းအေးသွားမှာပါ။

မွတ်စလင်အသိုင်းအ၀ိုင်းကြားမှာ အိပ်ခ်ျအိုင်ဗွီပညာပေးလုပ်ငန်းတွေလုပ်ဖို့ အခက်အခဲလေးတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုမတူတဲ့ ကာကွယ်နည်း လမ်းညွှန်တွေ ကြောင့်ပါ။ ကွန်ဒုံသုံးခြင်းဟာ ရာနှုန်းပြည့်သေချာတဲ့ ကာကွယ်နည်းလို့ မဆိုနိုင်သေးပေမယ့် စိတ်အချရဆုံးနည်းတော့ ဖြစ်တယ်။ ဒါပေမဲ့ ဇေနာကို ကွန်ဒုံသုံးပြီး လုပ်ပါဆိုတာမျိုး ဖြစ်နေလေတော့ လက်မခံနိုင်စရာဖြစ်လာရတာပါ။ တကယ်တော့လည်း လူမှုရေးဖောက်ပြန်မှု၊ကိုယ်ကျင့်တရားဖောက်ပြန်မှုကို တားဆီးတာက ဘာသာ ရေးကိစ္စဖြစ်ပြီး ကပ်ဆိုးကြီး တစ်ခုလို ရောဂါဝေဒနာဆိုးကြီး မကူးစက်မပြန့်ပွားရေး ကာကွယ်တာက ကျန်းမာရေးကိစ္စပါ။ ဒီလိုခွဲမြင်ရင် ပြသနာမရှိလောက်ဘူးထင်ပါတယ်။

နောက်တစ်ခုက ရောဂါရှိသူတွေအတွက် ကိုယ့်အိမ်ထောင်ဘက်ကို မကူးရလေအောင် ကွန်ဒုံက သုံးဖို့လိုပါတယ်။ ဇေနာကို အားပေးသလိုမဖြစ်အောင်ကတော့ အစ္စလာမ့်နည်းကျ ကာကွယ်ရေး လမ်းညွှန်တွေချပေးနိုင်ဖို့၊ ပညာပေးဖြန့်ချိဖို့အတွက် မွတ်စလင် NGO အဖွဲ့အစည်းတွေ များများလိုအပ်ပါတယ်။ လက်ရှိလုပ်နေတဲ့ မွတ်စလင်NGOတချို့ရဲ့ အဆိုအရ မြန်မာမွတ်စလင်တွေထဲမှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံနေရသူတွေ တော်တော်များများကို ရှိနေပြီလို့ သိရပါတယ်။

ဒီရောဂါရတိုင်း ကိုယ်ကျင့်တရားပျက်ယွင်းသူမဟုတ်တဲ့အတွက် သူတို့ကို နှစ်သိမ့်ဆွေးနွေး ပညာပေးပြီး ၀ိုင်းဝန်း လက်တွဲဖေးမကြဖို့လည်း လိုအပ်ပါတယ်။ နှာခေါင်းရှုံ့ကြ၊ အကြည့်ရိုင်းတွေနဲ့ ကြည့်ကြ၊ အသိုင်းအ၀ိုင်းထဲက စွန့်ကြဉ်ပစ်လိုက်ကြမယ်ဆိုရင် လူမဆန်ရာကျပါလိမ့်မယ်။ နောက်ပြီး လုပ်ငန်းအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ် ဆိုရင်လည်း မွတ်စလင်အဖွဲ့အစည်းပီပီ အစ္စလာမ်သာသနာရဲ့ ဂုဏ်သိက္ခာကိုထိန်းပြီး ရောဂါသည်၊ ဒုက္ခသည်တွေရဲ့ အခွင့်အရေးရပိုင်ခွင့်တွေကို အလွဲသုံးစား မလုပ်မိဖို့၊ လုပ်မစား မိစေဖို့ အထူးသတိပြုစေချင်ပါတယ်။

ဖြူစင်တဲ့ လက်တွေနဲ့ ၀ိုင်းဝန်းဖေးကူကြပါစို့။

သန်းမင်းထိုက်(မြန်မာစာ)

MMSY - ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top