1
Dec

ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ



ရိုးမသတင်းဌာန

ဘုန်းခိုင်။
ဒီဇင်ဘာ ၁၊ ၂၀၀၈

ကမ္ဘာ့AIDS
ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းတွင် ယနေ့ နံနက်ပိုင်းက
ကျင်းပပြုလုပ်ခဲ့ပြီး ဒေသဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု အဖွဲ့အစည်းများ၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ
တက်ရောက်ခဲ့ကြသည်။

 

AIDS
ရောဂါတိုက်ဖျက်ရေးကို ကျန်းမာရေးကဏ္ဍ တခုတည်းအတွက်မဟုတ်ဘဲ လူမှုအသိုင်း အဝိုင်းအတွင်း
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများဖြစ်ပေါ်လာရန် နိုင်ငံတကာက AIDS
တိုက်ဖျက်ရေးနေ့အဖြစ် ခေါင်းစဉ်ထုတ်ကာ အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံတိုင်းတွင်
လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

“ဒီအထိမ်းအမှတ်နေ့ကို
ကမ္ဘာပေါ်မှာ စတင်ကျင်းပခဲ့စဉ်က လူသားအားလုံးသတိရှိကြဖို့နဲ့ AIDS ရောဂါနဲ့
ဆုံးပါးသွားသူတွေကို အမှတ်ရနေစေဖို့ ပြုလုပ်ခဲ့တာပါ၊ ရောဂါသည်တွေကို စာနာနားလည်ဖို့၊
ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့နဲ့ အသိပညာကို ဖြန့်ဝေပေးဖို့ပဲ ရည်ရွယ်ခဲ့ပါတယ်၊
၂၀၀၅ ခုနှစ်က စတင်ပြီးတော့ “AIDSရောဂါရပ်တန့်ဖို့ ဒို့တွေ ကတိခိုင်မြဲစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့
ဆက်လက်ကျင်းပလာတာ ဖြစ်တယ်” ဟုအခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ဝေါလ်ဗွီးရှင်းမှ
တာဝန်ရှိသူတဦးက ပြောသည်။

 

AIDS
ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ မဲဆောက်ဒေသ ရွှေ့ပြောင်းမြန်မာပြည်သားများနှင့်
ထိုင်းဒေသ ဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်သည်
(၁၀) နှစ်ခန့်ရှိကြောင်းနှင့် ထိုင်းနိုင်ငံထဲကို ရောက်လာသည့်
မြန်မာပြည်သားများအနေဖြင့် AIDS ရောဂါနှင့်ပတ်သက်သည့် အသိအမြင်၊ ဗဟုသုတများကို
ဖလှယ်နိုင်ခဲ့ပြီဟုယူဆခဲ့သော်လည်း တနေ့တခြား ရောဂါသည်များပြားလာမှုကို တွေ့ရကြောင်း
မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

 

“၉၅
ခုနှစ်မှာ လူနာတွေကို သွေးလှူတဲ့လုပ်ငန်း စတင်လုပ်ခဲ့တယ်၊ အဲဒီမှာ
သွေးလှူရှင်တွေကို သွေးစစ်တယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေကိုလည်း သွေးစစ်လို့
ရောဂါတွေ့ရင် မိခင်ဆီကနေ ကလေးဆီကို မကူးအောင် ကာကွယ်တားဆီးတာတွေလုပ်တယ်၊အဲဒီတုန်းက
ရောဂါသည် ၁% အောက်မှာပဲ ရှိပါတယ်၊ အခု သာမာန်အလုပ် သမားကြားမှာ ၂% နဲ့
လိင်ဖျော်ဖြေရေးလုပ်သား တွေကြားမှ ၁၀% တိုးလာတာတွေ့ရတယ်၊ ကုသရေးနဲ့ ဆေးဝါးရနိုင်ဖို့အပိုင်းမှာတော့
အကန့်အသတ်တွေ များနေသေးတယ်”ဟု ဒေါက်တာစင်သီယာမောင်ကပြောသည်။

 

AIDS
ရောဂါပိုးကို တွေ့ရှိရပြီးနောက် ဆေးဝါးကုသမှုကိုခံယူပြီး ဆေးသောက်သုံးသည့်အချိန်မှ
စတင်ကာ သာမန်လူတယောက်ကဲ့သို့ နေထိုင်နိုင်ခဲ့ပြီး မိမိကိုယ်ကို
ရောဂါရှိကြောင်းသိရှိပါက ကိုယ့်ကိုယ်ကို ထိန်းသိမ်းကာ သူများကို မကူးစက်အောင် နေထိုင်သင့်ကြောင်း
အသက် (၂၉)နှစ်အရွယ် AIDS ဝေဒနာရှင် အမျိုးသမီးတဦးက ပြောသည်။

 

“ဒီရောဂါရှိမှန်းသိလိုက်ရတာ
(၂) နှစ်ကျော်ပါပြီ၊ ကျမကဗဟုသုတလဲ နည်းခဲ့တယ်ဆိုတော့ စိတ်ထဲမှာ အားငယ်နေပြီး
လူတောမတိုးတော့ဘူးဆိုပြီး ထင်ခဲ့ပေမဲ့ အရှုံးတော့မပေးဘူးလို့တော့ ဆုံးဖြတ်ထားပါတယ်၊
ကျမအနေနဲ့ပြောချင်တာက ကျမလိုဘဝတူတွေ လောကကြီးမှာ အများကြီးရှိပါတယ်၊ ကိုယ်ခံစားသလို
သူများကိုလည်း မခံစားစေချင်ဘူးပေါ့၊ အဲဒီတော့ ကျမနေနဲ့ ပြောချင်တာကတော့
သမီးရည်းစားဘဝမှာ အမှားကို ကျူးလွန်မိမယ်ဆိုရင်တောင် ကွန်ဒုံးကိုတော့ ဆောင်ထားရင်
ကူးစက်ဖို့ မလွယ်ပါဘူး”ဟု ၎င်းက ပြောသည်။

 

ဒီနေ့ကျရောက်သည့်
ကမ္ဘာ့AIDS ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မဲဆောက် ဒေသရှိ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ကျောင်းသားလူငယ်များ တထောင်နီးပါးက
မဲဆောက်ဆေးရုံကြီးမှာ (၄)ကီလိုမီတာဝေးသည့် မယ်တော်ဆေးခန်းသို့ လမ်းလျှောက်ချီတက်၍
လမ်းတလျှောက်တွင် AIDS ရောဂါ ကာကွယ်ရေးနှင့်သက်ဆိုင်သည့် ပညာပေး လက်ကမ်းစာစောင်များနှင့်
ကွန်ဒုံးများ အခမဲ့ပေးဝေခဲ့သည်၊။

 

မြန်မာနိုင်ငံတွင်
လူမှုရေးနှင့် လူ့အခွင့်အရေးများ မြင့်မားလာပါက AIDS ရောဂါကူးစက်မှု ကျဆင်းလာမည် ဖြစ်ကြောင်း
ဒေါက်တာ စင်သီယာမောင်က ပြောသည်။

“ဆင်းရဲနွမ်းပါးမှု၊
ခွဲခြားဆက်ဆံမှုဆိုတဲ့ အချက်နှစ်ချက်ကို ကာကွယ်နိုင်မယ်ဆိုရင် ဒီရောဂါက တော်တော်လေး
ကျဆင်းသွားမှာ ဖြစ်ပါတယ်၊ ဆေးဝါးတွေ ဘယ်လောက်ပေါ်လာနေပါစေ ကာကွယ်တာဆီးမှု
မလုပ်နိုင်ပါဘူး၊ လူတဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်မှာဖြစ်စေ၊
မိမိတိုင်းပြည်ထဲမှာဖြစ်စေ လေ့လာ စောင့်ကြပ်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ကို
အားလုံးဝိုင်းဝန်းကြိုးပမ်းမှသာလျှင်ဒီရောဂါ တကယ်ပပျောက်မှာ ဖြစ်ပါတယ်”ဟု သူမကဆက်လက်ပြောဆိုသည်။

 

AIDS
ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ်မှစတင်ကာ ဒီဇင်ဘာလ (၁) ရက် နေ့တွင်နှစ်စဉ်
ကမ္ဘာနှင့်အဝှမ်း ကျင်းပခဲ့ရာ ယနေ့သည် အကြိမ် (၂၀) မြောက်ဖြစ်သည်။


ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ-သတင်း- ရိုးမ ၃ သတင်းဌာန

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top