2
Apr

ကမ္ဘာကြီးက စောင့်ကြည့်နေရတဲ့ AIDS



AIDS သည် ၂၀၀၇ အတွင်း လူသားနှစ်သန်းကျော်၏ အသက်ကို
ဆုံးပါးစေခဲ့ကြောင်း UNAIDSနှင့် WHO တို့၏ ပူးတွဲ အစီရင်ခံစာအရ သိရှိရသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ လူသား ၃၃သန်းကျော်တို့သည်လည်း HIV/AIDS ရှိနေကြသူများဖြစ်သည်။
ဤအခြေအနေက AIDS ကိုကမ္ဘာကြီးက စောင့်ကြည့်ဖို့ တွန်းအားပေးလာပြီ ဖြစ်သည်။

 

လေ့လာတွေ့ရှိချက်များအရ ၁၉၅၉ ခုနှစ်က
ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံရှိ လူတစ်ဦးထံမှ တွေ့ရသော HIV ဗိုင်းရပ်စ်
နမူနာမှာ အစောဆုံး ဖြစ်ကြောင်းသိရသည်။ဤအခြေအနေကို အထိရောက်ဆုံး ကုသရန်
စွမ်းဆောင်နေပြီ ဖြစ်သော်လဲ လက်တွေ့တွင် ကုသခြင်းထက် ကာကွယ်ခြင်း ကသာ အဓိကထား
ဆောင်ရွက်နိုင်သော အဆင့်သာလျှင် တတ်နိုင်ကြသေးသည်။

 

မည်သို့ပင်ဖြစ်စေ ကုလသမဂ္ဂ အဖွဲ့အစည်းများ အပါအဝင်
သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ အစိုးရများနှင့် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ AIDS
ကိုတိုက်ဖျက်ရန် ကြိုးပမ်းနေကြပါသည်။

 

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ သိသိသာသာ တိုးတက်လာကြောင်းနှင့် လိုအပ်သည့်
ရန်ပုံငွေများ လုံလုံလောက်လောက် ရရှိပါက စီမံချက်များကို ပိုမို
အကောင်အထည်ဖေါ်နိုင်မည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ် ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့်
NGO များမှတာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

 

မြန်မာနိုင်ငံတွင် HIV/AIDS ကာကွယ်တားဆီးရေး
လုပ်ငန်းများကို စီမံကိန်းချပြီး ဆောင်ရွက်လျက်ရှိရာ ၂၀၀၆ ခုနှစ်တွင် လိင်လုပ်သား၊
ကွန်ဒုံး ဖြန့်ဝေမှု၊ လိင်တူဆက်ဆံမှု စသည့် စီမံချက်များတွင် ရည်မှန်းထားသည်ထက်
ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အခြားစီမံချက်များ ဖြစ်သည့် မူးယစ်ဆေးဝါး
သုံးစွဲသူများ စီမံချက်တွင် drop-in-centers ၁၉ခု တည်ထောင်ဖွင့်လှစ်ထားကာ
၂၆၄ဦးအား methadone maintenance therapy ကုထုံးဖြင့် ကုသပေးလျက်ရှိပြီး အပ်ပေါင်း
၁ ဒသမ ၈သန်းကျော်အား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း STI ကုသ စီမံချက်တွင် NGO
ကထောက်ပံ့ထားသည့် နေရာများနှင့် အစိုးရ ပြည်သူ့ဆေးရုံများတွင် SIT ရှိသူ
တစ်သိန်းကျော်အား ကုသပေးနိုင်ခဲ့ကြောင်း VCCT စီမံချက်တွင် အစိုးရ ၅၇
ရာခိုင်နှုန်းနှင့် NGO ၄၇ ရာခိုင်နှုန်းပါဝင်သည့် နေရာပေါင်း ၂၈၉ ခုမှ လူပေါင်း
၂၇၃၁၂၉ ဦးအား pre-test counseling ပြုလုပ်နိုင်ခဲ့ပြီး လူပေါင်း ၁၆၆၃၆၅ ဦးအား
pre-test counseling ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

ထို့အတူ PMTCT စီမံချက်တွင် ကိုယ်ဝန်ဆောင်မခင် ၁၈၂၀၀၀
ဦးအား pre-test counseling
ပြုလုပ်နိုင်ခဲ့ပြီး ၈၂၀၀၀ ဦးအား
post-test
counseling
ပြုလုပ်ပေးနိုင်ခဲ့ကြောင်း နာဗီရာတင်း ဆေးဝါးလက်ခံရရှိသည့် မိခင်-ကလေး
စုံတွဲဦးရေသည် ၉၂၄ စုံတွဲဖြစ်ကြောင်း အဆိုပါ စုံတွဲဦးရေသည် နာဗီရာတင်း
ဆေးဝါးတိုက်ကျွေးရန် ရည်မှန်းချက်၏ ၁၂ ရာခိုင်နှုန်းဖြစ်ကာ အဆိုပါဆေးဝါးအများစု
၈၆ရာခိုင်နှုန်းမှာ အစိုးရ ဆေးရုံဆေးခန်းများမှ ရရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့အပြင်
အစိုးရဆေးရုံများနှင့် NGO ဆေးခန်းများမှ ARV ဆေးဝါးလက်ခံရရှိသူ ဦးရေသည် ၆၄၇၆
ဦးရေသို့ မြင့်တက်လာခဲ့ပြီး အဆိုပါဦးရေသည် ၂၀၀၆ခုနှစ်အတွက် ရည်မှန်းထားသည် ဦးရေ
၆၀၀၀ ကိုကျော်လွန်သွားခဲ့ကြောင်း သိရှိရသည်။ ဆေးဝါးလက်ခံရရှိသူ ၆၃ရာခိုင်နှုန်းသည်
အမျိုးသားများဖြစ်ကာ ၄ ဒသမ ၈ရာခိုင်နှုန်း ၃၁၇ဦးသည် ၁၃နှစ်အောက်
ကလေးငယ်များဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ARV ဆေးဝါးများကို ဆေးရုံဆေးခန်း
၂၈ခုမှပေးလျက်ရှိရာ အစိုးရဆေးပေးခန်း ၁၄ခုလည်းပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်
ARV ဆေးလိုအပ်သူပေါင်း ၆၆၀၀၀ ခန့်ရှိသည်ဟု fund for HIV/AIDS for Myanmar
နှစ်ပတ်လည် အစီရင်ခံစာအရ သိရပြီး ၂၀၀၄ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်သည့်
ကျန်းမာရေးဝန်ကြီးဌာနနှင့် ဂျနီဗာရှိ UNAIDSနှင့် WHO ဌာနချုပ်မှ
ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်သော ခန့်မှန်းတွက်ဆခြင်း
အလုပ်ရုံဆွေးနွေးပွဲ၏ ခန့်မှန်းတွက်ဆမှုများအရ မြန်မာနိုင်ငံတွင် HIV
ကူးစက်ခံထားရသူနှင့် AIDS ရှိသူပေါင်း ၃၃၈၉၁၁ ဦးရှိသည်ဟု သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်
ပူးပေါင်း၍ ၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော HIV/AIDS Projection and
Demographic Impact Analysis Workshop တွင်တွေ့ရှိချက်မျာအရ HIV
ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ပြည့်နှစ်တွင် ၀ ဒသမ ၉၄ ရာခိုင်နှုန်းမှ ၂၀၀၇ခုနှစ်တွင် ဝ
ဒသမ ၆၇ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်းသိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်
တွေ့ရှိချက်များအရ ကလေး လူကြီးအပါအဝင် HIV ရှိသူနှင့် AIDS နှင့်နေထိုင်သူ
စုစုပေါင်း ၂၃၆၀၀၀ ရှိသည်ဟုသိရသည်။

 

၂၀၀၇
ခုနှစ်တွင် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် အစိုးရအနေဖြင့်
အမေရိကန်ဒေါ်လာ ၂၈.၁သန်းရှိကြောင်း သို့သော် လိုအပ်သည်မှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ
၇သန်းဖြစ်ကြောင်းကို ၂၀၀၇ခု သြဂုတ်လတွင် ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် အာရှ
ပစိဖိတ်ဒေသ အတွက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံ (ICCAAP) တွင် အမျိုးသား
အေအိုင်ဒီအက် စီမံချက်မန်နေဂျာ ဖြစ်သူ ဒေါက်တာမင်းသွယ်၏ ပြောကြားချက်ကို ကိုးကား၍
အင်တာနက်သတင်းများ ဖေါ်ပြချက်အရသိရသည်။


HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက်
၂၀၀၈ ခုနှစ်တွင် အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၃သန်းလိုအပ်ကြောင်း
သို့သော်ရန်ပုံငွေ ရရှိထားသည်မှာ အမေရိကန်ဒေါ်လာ ၂၆ သန်းသာဖြစ်ကြောင်း
ဒေါက်တာမင်းသွယ်၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါ သတင်းများ၏ ဖေါ်ပြချက်များအရ
သိရသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV/AIDS
ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ အများအပြား
လိုအပ်နေကြောင်းနှင့် စီမံချက်လုပ်ငန်းများအတွက် လိုအပ်သော ခန့်မှန်းရန်ပုံငွေများ
အပြည့်အဝရရှိမှသာ စီမံချက်လုပ်ငန်းများကို ပိုပြီးအကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်
ဟုသိရသည်။

 

“မြန်မာနိုင်ငံဟာ
ကမ္ဘာပေါ်မှာ နိုင်ငံခြားအကူအညီ အနည်းဆုံးရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေး
ဖိအားကြောင့်ဘဲ အကူအညီတွေဟာ ပြည်သူတွေဆီ မရောက်ဘူးလို့ ပြောကြတာတွေရှိပါတယ်။ ဒီလို
ပြောကြတာတွေကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမှု တွေကို အတားအဆီး
ဖြစ်စေသလို မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုလဲ တိုးပွားစေပါတယ်။”
ဟုမြန်မာနိုင်ငံ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဟော်လန် (AZG)၏ ခေါင်းဆောင် Frank Smithuis
ကဆိုပါတယ်။

 

“နိုင်ငံခြား
အကူအညီတွေဟာ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်တယ်ဆိုတာ ကျတော်တို့ ဆောင်ရွက်နေတဲ့
အစီအစဉ်များအရ သိရပါတယ်။ ဒါပေမဲ့ အများပြည်သူ အကျိုးရှိမရှိ သိရဖို့ထောက်လှမ်း
လေ့လာရန်လဲ မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် အကူအညီ ပေးမှုတွေဟာ
အများပြည်သူကို အကျိုးရှိစေတယ် ဆိုတာနဲ့ လှူဒါန်းသူတွေရဲ့ ငွေတွေ မှန်မှန်ကန်ကန်
အသုံးချတယ်ဆိုတာကို အာမခံပေးရာ ရောက်ပါမယ်။”ဟု Frank Smithuis ကပြောကြားခဲ့သည်။

 

ARV
ဆေးဝါးလိုအပ်သူပေါင်း ခြောက်ထောင်ကျော်ကို ARV ဆေးဝါးများ ဆက်လက် တိုက်ကျွေးနေသည့်
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဟော်လန်(AZG) သည်မြန်မာနိုင်ငံတွင် ARV ဆေးများ
အများဆုံးတိုက်ကျွေလျက်ရှိရာ ARV ဆေးဝါးလိုအပ်သည့် ဝေဒါနာရှင် ၂၀၀၀ ကို ထပ်မံ
တိုးချဲ့ တိုက်ကျွေးသွားရန် စီစဉ်နေသည်ဟု သိရသည်။

 

HIV/AIDS
ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် Myanmar Business Coalition on AIDS
မှတာဝန်ရှိသူ တစ်ဦးက “မြန်မာနိုင်ငံရဲ့ HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများကို
ဆောင်ရွက်နေမှုဟာ တိုးတက်လာပါတယ်။ ကူးစက်မှု နှုန်းထားကကိုလဲ လျော့ချနိုင်ခဲ့ပါပြီ။
ခုဆိုရင်လူတွေကြားမှာ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်လာနိုင်ပါတယ်။ လူတွေရဲ့ အမြင်ဟာလဲ ပြောင်းလဲလာပါပြီ အားလုံးရဲ့
ကြိုးပမ်းမှုကြောင့်ပါ” ဟုပြောကြားခဲ့သည်။

 

“အများစုကြုံတွေ့
နေရတဲ့ အခက်အခဲကတော့ ရန်ပုံငွေပါ။ ရန်ပုံငွေတွေ အပြည့်အဝရမယ်ဆိုရင်
ဒီလုပ်ငန်းတွေကို ပိုပြီးတော့ လုပ်ဆောင်လာနိုင်မှာပါ။” ဟုယင်းက
ဆက်လက်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ
ဆရာဝန်အသင်း၏ HIV/AIDS ပညာပေး တာဝန်ခံ ဒေါက်တာမြင့်ဇော်က “HIV/AIDS
ကာကွယ်တားဆီးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေတွေ ဒီထက်မက အများကြီးလိုပါတယ်။
ကျတော်တို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းက ဆောင်ရွက်နေတဲ့ အစီအစဉ် အတွေ့အကြုံအရ
ပြောရမယ်ဆိုရင် ကျတော်တို့လူမျိုးတွေဟာ ရောဂါပိုးကူးစက် ခံထားရသူ အပေါ်မှာ
စာနာထောက်ထား နားလည်မှု နည်းနေသေးတယ်။ ရောဂါပိုးကူးစက် ခံထားရသူဟာ လိင်ကိစ္စကြောင့်
ကူးစက်တယ်လို့ဘဲ ယူဆကြသေးတယ်။ ရောဂါပိုး ကူးစက်ခံထားရသူဟာ တခြားနည်းလမ်း တွေနဲ့လဲ
ကူးစက်နိုင်တယ်ဆိုတာ အစဉ်းစားကြဘူး” ဟုပြောကြားသွားသည်။

 

ကမ္ဘာပေါ်တွင်
နေ့စဉ်နှင့်အမျှ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ၆၈၀၀ ခန့်ရှိပြီး AIDS ရောဂါဖြင့်
၅၇၀၀ ခန့်သေဆုံးနေကြောင်း ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် နှင့်နေသူ
၃၃ သန်းခန့်ရှိကြောင်း ကုလသမ္မဂမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ထို့အပြင်
HIV/AIDS ရောဂါရှိသူ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည်။

 

ထိုသို့
အမျိုးသမီးဦးရေ ထက်ဝက်ကျော် များပြားလာရခြင်းမှာ အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ
အားနည်းချက်နှင့် လူမှုရေးဆိုင်ရာ အားနည်းချက်များကြောင့် ဖြစ်ကြောင်းသိရှိရသည်။ ခန္ဓာကိုယ်
တည်ဆောက်ပုံ အားနည်းချက် ဆိုသည်မှာ အမျိုးသမီးများ၏ လိင်အင်္ဂါမှာ အမျိုးသားများ၏
လိင်အင်္ဂါထက် ရောဂါလက်ခံမှု ဧရိယာ ပိုမိုကျယ်ဝန်း သောကြောင့်ဖြစ်ပြီး လူမှုရေးဆိုင်ရာ
အားနည်းချက်ဆိုသည်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတနည်းပါးခြင်း လိင်မှုကိစ္စတွင်
ယေက်ျားကသာ အဓိကဆုံးဖြတ်ရခြင်း၊ ယုံလွယ်ခြင်း၊ အားနာတတ်ခြင်း၊ လူမှောင်ခို
ကူးခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းနှင့် ဖိအားပေးခံရခြင်း တို့ကြောင့်ဖြစ်သည်။

 

သို့ဖြစ်သောကြောင့်
မိန်းကလေးများနှင့် အရွယ်ရောက်ပြီး အမျိုးသမီးတိုင်းသည် ရောဂါကူးစက်ပုံ
နည်းများကိုသာမက မိမိတို့အား ကူးစက်လာနိုင်သည့် အခြေအနေများကိုပါ ရှင်းလင်းစွာ
နားလည်သဘောပေါက်ရန် လိုအပ်ပြီး ရောဂါကူးစက် မခံရစေရန်လဲ သတိပြုကာကွယ်
တတ်အောင်လေ့လာ၍ လိုက်နာနေထိုင်ဖို့ လိုအပ်ကြောင်းသိရသည်။

 

၂၀၀၇
ဒီဇင်ဘာလတွင် ကမ္ဘာတစ်ဝန်းတွင် HIV/AIDS ကူးစက်ခံရမှု

 

HIV/AIDS
ကူးစက်ခံရသူဦးရေ

စုစုပေါင်း                                              ။ ၃၃.၂ သန်း

အရွယ်ရောက်သူ                                   
၃၀.၈ သန်း

အမျိုးသမီး                                            ။ ၁၅.၄ သန်း

၁၅
နှစ်အောက်          ။                            ။ ၂.၅ သန်း

 

၂၀၀၇
ခုနှစ်တွင် HIV/AIDS ထပ်မံကူးစက်ခံရသူ ဦးရေ

 

စုစုပေါင်း                                             
၂.၅ သန်း

အရွယ်ရောက်သူ                                   
၂.၁ သန်း

၁၅
နှစ်အောက်                                      ။ ၄၂၀၀၀၀

 

၂၀၀၇
ခုနှစ်တွင် HIV/AIDS ဖြင့်သေဆုံးသူ ဦးရေ

 

စုစုပေါင်း                                              ။ ၂.၁ သန်း

အရွယ်ရောက်သူ                                   
၁.၇ သန်း

၁၅
နှစ်အောက်                                      ။ ၃၃၀၀၀၀

 

၂၀၀၇
တွင် ကမ္ဘာတစ်ဝန်းလုံးတွင် HIV/AIDS ရှိနေသူ တစ်နေ့လျင် ၆၈၀၀ ကျော်ရှိရာတွင်

 

♥ ၉၆
ရာခိုင်နှုန်းမှာ ဝင်ငွေအနည်းဆုံးနှင့် အလယ်အလတ်ရှိနိုင်ငံများ

♥ ၅၀
ရာခိုင်နှုန်း နီးပါးမှာ အမျိုးသမီးများ

♥ ၄၀
ရာခိုင်နှုန်းမှာ ၁၅နှစ် နှင့် ၂၄နှစ် လူငယ်များ


၁၂၀၀ ခန့်သော လူဦးရေမှာ ၁၅နှစ်အောက် ကလေးများ


၅၈၀၀ ခန့်သော လူဦးရေမှာ ၁၅နှစ်အထက် ကလေးများဖြစ်သည်။

 

၂၀၀၇
ခုနှစ်တွင် ဒေသအလိုက် HIV/AIDS ဖြစ်ပွားမှု စာရင်းဇယား

ကူးစက်ခံနေရသူ ထပ်မံကူးစက်ခံရသူ ၁၅နှစ်နှင့်
၄၉နှစ်ကြား
သေဆုံးသူ
အာဖရိကဆာဟာရဒေသ ၂၂.၅သန်း ၁.၇သန်း ၅.၀% ၁.၆သန်း

အရှေ့အလယ်ပိုင်းနှင့်
မြောက်အာဖရိက

၃၈၀၀၀၀ ၃၅၀၀၀ ၀.၃%  ၂၅၀၀၀
တောင်အာရှနှင့်
အရှေ့တောင်အာရှ
၎.၀ သန်း ၃၄၀၀၀၀ ၀.၃%  ၂၇၀၀၀၀
အရှေ့အာရှ  ၈၀၀၀၀၀  ၉၂၀၀၀  ၀.၁%  ၃၂၀၀၀
လက်တင်အမေရိက ၁.၆သန်း ၁၀၀၀၀၀  ၀.၅% ၅၈၀၀၀
ကာရစ်ဘီယံဒေသ  ၂၃၀၀၀၀ ၁၇၀၀၀ ၁%  ၁၁၀၀၀
အရှေ့ဥရောပနှင့်
ဗဟိုအာရှ
၁.၆သန်း ၁၅၀၀၀ ၁.၉% ၅၅၀၀၀
အနောက်ဥရောပနှင့်
ဗဟိုဥရောပ
၇၆၀၀၀၀ ၃၁၀၀၀ ၀.၃%` ၁၂၀၀၀
မြောက်အမေရိက ၁.၃သန်း ၄၆၀၀၀ ၀.၆% ၂၁၀၀၀
သမုဒ္ဒရာပိုင်း ၇၅၀၀၀ ၁၄၀၀၀ ၀.၄% ၁၂၀၀
စုစုပေါင်း ၃၃.၂သန်း ၂.၅သန်း ၀.၈% ၂.၁သန်း



Source:
unaids.org

No.8-
Vol.3 (5/12/2007)

Weekly
Eleven News

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top