Stop
AIDS. Keep The Promise.
SCALING
UP-PREVENTION,
TREATMENT
& CARE
၂၀၀၈ခုနှစ်၊
ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့
(WORLD AIDS DAY) အတွက် သတ်မှတ်
လှုံ့ဆော်လိုက်တဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ်
ရောဂါ တိုက်ဖျက် ရေးမှာ ကမ္ဘာ့လူသား အားလုံးရဲ့ အလေးထားမှုနဲ့ သွေးစည်း ညီညွတ်မှုကို
ပြသနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျန်းမာရေး ၀န်ကြီးများ တွေ့ဆုံကာ
၁၉၈၈ခုနှစ်မှ စတင်လို့နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ်
သတ်မှတ် ကျင်းပခဲ့ကြတာ ဆိုရင် ၂၀၀၈ခုနှစ်မှာ နှစ် ၂၀ တိုင်ခဲ့ပါပြီ။ အနှစ် ၂၀ ကာလ
အတွင်း အေအိုင်ဒီအက်စ်ရောဂါ တားဆီး ကာကွယ်ရေး နယ်ပယ်မှာ အေအိုင်ဒီအက်စ်
ရောဂါပြုစုကုသဖို့ နည်းပညာနဲ့ ဆေးဝါးတွေ ပိုမို တိုးတက်ကောင်းမွန် လာခဲ့ပေမယ့်
စရိတ်စက ကြီးမားမှုကြောင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှု နည်းတဲ့ နိုင်ငံတွေနဲ့
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆေးဝါး လိုအပ်နေတဲ့ HIV ပိုးရှိသူများရဲ့
သုံးပုံတစ်ပုံခန့်သာ ထိရောက်တဲ့ ကုသမှုကို ရရှိလျက် ရှိကြောင်း ၂၀၀၇ ခုနှစ်ရဲ့
စာရင်းဇယား များမှာသာ ဖော်ပြထားပါတယ်။ နိုင်ငံ အသီးသီးမှာ HIV ကာကွယ်ရေး လုပ်ငန်းတွေ
တိုးမြှင့် လုပ်ဆောင် နေပေမယ့် ရောဂါ ကူးစက်မှုနှုန်းမှာ ဆက်လက် မြင့်မားလျက်
ရှိဆဲဖြစ်ပြီး အကြမ်းအားဖြင့် လူ ၂ ဦး ဆေးကုသမှု ခံယူခွင့် ရရှိတိုင်း လူ ၅ ဦး
ထပ်မံရောဂါ ကူးစက်မှု ခံနေရပါတယ်။
ကမ္ဘာပေါ်ရှိ
လူသား အားလုံးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသော ကူးစက် ရောဂါဆိုးကြီး ဖြစ်တဲ့ အေအိုင်ဒီအက်စ် ရောဂါကြောင့်
လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း လူပေါင်း ၂၅ သန်းကျော် သေကျေ ပျက်စီးခဲ့သလို၊
ယနေ့အချိန်အခါ ကာလမှာလည်း လူပေါင်း ၃၃ သန်းခန့်ဟာ HIV ပိုး ကူးစက်
ခံနေရပါတယ်။ ရောဂါပျောက်ကင်း အောင် ကုသနိုင်တဲ့ ဆေးဝါးတွေကို အဖိုးအခ နည်းနည်းနဲ့
ဝေဒနာရှင်တွေ အားလုံးရဲ့ လက်ထဲကို ရောက်ရှိနိုင်အောင် ကြိုးပမ်း နေကြတဲ့ အချိန်မှာ
တစ်နေ့တခြား တိုးပွားလာတဲ့ အေအိုင်ဒီ အက်စ် ရောဂါ အတွက် ကာကွယ်ခြင်းဟာ အဓိက ကျတဲ့
အခန်းကဏ္ဍက နေပြီး ပါဝင်နေဆဲပါ။ အေအိုင်ဒီအက်စ် ရောဂါ တားဆီး ကာကွယ်ရေးဟာ လူသား
အားလုံးရဲ့ တာဝန်ဖြစ်တဲ့ အတွက် လူတိုင်း မိမိကိုယ်ကို HIV ပိုး
မကူးစက်နိုင်ဖို့ သိရှိ ကာကွယ်ရန် လိုအပ်သလို ရောဂါပိုး ကူးစက် ခံနေရသူများကိုလည်း
စာနာ ကြင်နာစွာ လက်တွဲ ကူညီသွားဖို့ အရေးကြီး လှပါတယ်။ မိမိသိရှိထားတဲ့
ဗဟုသုတတွေကို တတ်နိုင်သမျှ လက်ဆင့်ကမ်း ဆင့်ပွားဖြန့်ဝေပေးခြင်းဟာ ရောဂါ
အန္တရာယ်ဆိုးကို တားဆီး တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေမှာ အမှန်ပါပဲ။
အေအိုင်ဒီအက်စ်
ရောဂါဟာ လူ့ကိုယ်ခံ စွမ်းအားကျ ကူးစက်ရောဂါပိုးလို့ အဓိပ္ပာယ်ရတဲ့ HIV ပိုးကြောင့်
ဖြစ်ရတာပါ။
A-I-D-S
ဆိုတဲ့ စကားလုံးတွေဟာ-
A = Acquried
= မွေးရာပါ မဟုတ်၊ ကူးစက်ခြင်းဖြင့် ရရှိလာသော
I = Immune
= ခုခံအား (ကိုယ်ခံအား)
D = Deficiency =လျှော့နည်း
ကျဆင်းမှု
S = Syndrome
= ရောဂါ လက္ခဏာစု
ဆိုတဲ့
အဓိပ္ပာယ် ကိုယ်စီနဲ့ပါ။ ဒါ့ကြောင့်လည်း AIDS ရောဂါကို ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုပြီး
ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ အေအိုင်ဒီအက်စ် ရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ၊
ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်တွေ့ရှိဖော် ထုတ်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် မတိုင်မီ
ကတည်း က ဒီရောဂါဟာ ကမ္ဘာပေါ်ရှိ နေရာ ဒေသ အနှံ့ အပြားမှာ ရှိနေခဲ့ပြီး
နောက်ပိုင်းနှစ်တွေမှာ ကပ်ရောဂါ အသွင်နဲ့ အာဖရိက၊ အမေရိက နိုင်ငံ အပါအ၀င် နိုင်ငံတော်တော်
များများမှာ ဖြစ်ပွား ခဲ့ပါတယ်။
ရောဂါပေါ်ခါစ
အချိန်က အနောက်နိုင်ငံသား ယောက်ျားချင်း လိင်တူဆက်ဆံတဲ့ လူတွေမှာ အများဆုံး
တွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ဖိုမ ဆက်ဆံခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း
တို့ကနေ ကူးစက် ကုန်ကြပါတယ်။ အာရှနိုင်ငံတွေမှာတော့ မူးယစ်ဆေး အကြောထဲ ထိုးသုံးတဲ့
လူတွေထဲမှာ ရောဂါပိုး စတွေ့ခဲ့ပါတယ်။ HIV ပိုးဟာ သွေး၊
သုက်ရည်နဲ့ မိန်းမအင်္ဂါက ထွက်တဲ့ အရည်တွေထဲမှာ အများဆုံး ရှိနေပါတယ်။ ဒါ့ကြောင့်
ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ် ဆိုရင် တစ်ကြိမ်တစ်ခါတည်း ဆက်ဆံရုံမျှနဲ့လည်း
ကူးစက်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (လိင်တူ/ လိင်ကွဲ)၊ သွေးသွင်းတာ၊ ပိုးမသတ်ထားတဲ့ ဆေးထိုးအပ်တွေနဲ့ ဆေးထိုးတာ
စတဲ့ အချက်တွေဟာ HIV ပိုးကူးစက်နိုင်တဲ့ အဓိက အကြောင်း အရင်းတွေပါ။ HIV ပိုး
ကူးစက်ခံရပြီးသူ ၆၀% -၈၀% ဟာ ၅ နှစ်မှ ၁၀ နှစ်အတွင်း ဆိုးဝါးတဲ့ အေအိုင်ဒီအက်စ် ရောဂါ
ဖြစ်လာပြီး အသက် ဆုံးရှုံးရလေ့ ရှိပါတယ်။ အေအိုင်ဒီအက် ရောဂါရဲ့ အဓိက လက္ခဏာတွေကတော့
ကိုယ်အလေးချိန် ၁၀% ထက်
ပိုလျော့ကျခြင်း၊ တစ်လထက်ပိုပြီး ၀မ်းဆက်တိုက်သွားခြင်း၊ တစ်လထက် ပိုပြီး အဖျား
ဆက်တိုက် တက်နေခြင်းတို့ဖြစ်ပြီး သာမည လက္ခဏာတွေကတော့ တစ်လထက်ပိုပြီး
ချောင်းဆိုးခြင်း၊ ရေယုန်များ ခန္ဓာကိုယ် အနှံ့ပေါက်ခြင်း၊ အကြိတ်များ တစ်ကိုယ်လုံး
အနှံ့အပြား ထွက်ခြင်း၊ တစ်ကိုယ်လုံး အရေပြား ယားယံရောင်ရမ်းခြင်းတို့ ဖြစ်ပါတယ်။
အခုအခါ လူငယ်၊
လူရွယ်တွေကြားမှာ HIV/AIDS ရောဂါ
ပိုမိုတွေ့ရှိလာတာဟာ အနာဂတ် လူ့ဘောင်လောက အတွက် စိုးရိမ်စရာ ဖြစ်ပြီး၊ အချိန်မီ
တိုက်ဖျက်နိုင်ဖို့ အထူးပင် လိုအပ်လှပါတယ်။
HIV ပိုးဟာ
နေ့စဉ်လူမှုရေး ကိစ္စတွေဖြစ်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ယမ်းနှုတ်ဆက်ခြင်း၊
အတူနေထိုင် စားသောက်ခြင်း၊ ကစားခြင်းတို့မှ တစ်ဆင့် မကူးစက် နိုင်သလို အစားအစာ၊
ရေ၊ ပိုးကောင်မွှားကောင်၊ အိမ်သာ၊ တံခါးလက်ကိုင်၊ ဇွန်း၊ ပန်းကန်ခွက်ယောက်၊
အများသုံး တယ်လီဖုန်း၊ အများသုံး ရေကူးကန်၊ ခန္ဓာကိုယ်ထွက် အရည်များထဲမှ တံတွေး၊
ချွေး၊ မျက်ရည်၊ ဆီး၊ မစင်များမှ တစ်ဆင့်လည်း မကူးစက်နိုင်ပါဘူး။ HIV ပိုးဟာ
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်ပြန့်ပွားနိုင်ပြီး တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်
ထဲမှာ အသက်မရှင်နိုင်တဲ့ အတွက် အိမ်မွေး တိရစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ကြမ်းပိုးတို့မှ
တစ်ဆင့်မှလည်း ကူးစက်နိုင်စွမ်း မရှိပါဘူး။
HIV ပိုးရှိတာနဲ့
ချက်ချင်း အေအိုင်ဒီအက်စ် မဖြစ်တဲ့ အတွက် မကြာခင် သေရတော့မှာပဲလို့ တွေးပြီး
စိတ်ဓာတ် မကျသင့်ပါဘူး။ အာဟာရ ပြည့်ဝတဲ့ အစားအစာ(သား၊ ငါး၊ အသီးအရွက်) တွေကို
အလေးထားပြီးစားမယ် ဆိုရင်၊ ဆေးလိပ်၊ အရက်တို့ကို ရှောင်ကြဉ်လိုက်မယ် ဆိုရင်၊
အကောင်းဘက်ကို တွေးပြီး စိတ်ပျော်အောင်နေမယ် ဆိုရင်၊ သင့်တော်တဲ့
ကိုယ်ကာယလေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်ပြီး အအိပ်အစား မှန်အောင် နေမယ်ဆိုရင်၊
တရားထိုင်တာ၊ ဘုရားဝတ်ပြု တာစတဲ့ ဘာသာတရားရေးဘက်ကို အာရုံစိုက် ထားလို့ပဲဖြစ်ဖြစ်၊
ကိုယ်တတ်နိုင်တဲ့ ဘက်ကနေပြီး ပရဟိတ အလုပ်တွေကို လုပ်ကိုင်ပေးလို့ပဲ ဖြစ်ဖြစ် နေမယ်
ဆိုရင် မိသားစု၊ သူငယ်ချင်းတွေနဲ့ မှန်မှန်တွေ့ဆုံကာ နွေးထွေးတဲ့ မေတ္တာတရားကို
ခံယူပြီး ဆရာဝန်တွေ လမ်းညွှန်တဲ့ အတိုင်း လိုက်နာမယ် ဆိုရင် တခြား နောက်ဆက်တွဲ
ရောဂါတွေ အဖြစ်နည်းပြီး အသက်ရှည်ရှည် နေနိုင်မှာပါ။
HIV ပိုးဟာ
လူမရွေး၊ အရွယ်မရွေးဖြစ် ပွားနိုင်တဲ့ အတွက်ကြောင့် လူတစ်ယောက်ရဲ့
ရုပ်ရည်ကိုကြည့်ပြီးတော့ HIV ပိုး ရှိ၊ မရှိ
မခန့်မှန်းနိုင်ပါဘူး။ ရောဂါပိုးရှိ၊ မရှိ သိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဆရာဝန်နဲ့
ဆွေးနွေးပြီး သွေးအစစ်ခံခြင်းပဲ ဖြစ်ပါတယ်။ အိမ်ထောင် မပြုခင် အမျိုးသား၊
အမျိုးသမီး နှစ်ယောက်စလုံး HIV ရှိ၊ မရှိ
သွေးစစ်ဆေးခြင်းဟာ တစ်ယောက်မှာ ရောဂါပိုး ရှိနေခဲ့ရင် နောက်တစ်ယောက်ကို မကူးအောင်
ကြိုတင်ကာကွယ် နိုင်တာမို့ လက်ထပ်တော့မယ့် ဇနီးမောင်နှံတိုင်း မဖြစ်မနေ သွေးစစ်ဆေး
သင့်ကြပါတယ်။
အေအိုင်ဒီအက်စ်
ဝေဒနာရှင် တစ်ဦးဟာ မကြာခဏ မမာမကျန်း ဖြစ်တာ၊ စိတ်မချမ်း သာတာ၊ စိတ်ညစ်တာ၊ ၀မ်းနည်းအားငယ်တာ
တွေကို ကြုံတွေ့ ရတတ်ပါတယ်။ အထူးသဖြင့် မိသားစုနဲ့ ပတ်ဝန်းကျင် အသိုက်အ၀န်းရဲ့
ကြင်နာမှုကို မရရင်ဖြစ်ဖြစ်၊ စနစ်တကျ ကုသတာကို မခံရရင်ဖြစ်ဖြစ်၊ ကိုယ်စိတ် နှစ်ပါးလုံး
ပိုမို ခံစားရတတ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံး လုပ်ဆောင်
ပေးနိုင်တာကတော့ သူတို့တွေရဲ့ နာကျင် ကြေကွဲရမှုတွေကို မေတ္တာတရားနဲ့ မျှဝေ ခံစားကြဖို့ပါပဲ။
ရောဂါကူးစက် ခံနေရသူအပေါ် ခပ်ရှောင်ရှောင်နေတာ၊ လျစ်လျူရှုပြီး ပစ်ပယ် ထားတာတွေဟာ စိတ်ဓာတ်
ကျအောင် ထိုးနှက်မှု တစ်မျိုးဖြစ်ပြီး လူ့အသိုက်အ၀န်း အပြင်ဘက်ကို
တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။ တကယ်တော့ သူတို့တွေဆီမှာလည်း စွမ်းဆောင်နိုင်တဲ့
အရည်အချင်း ကိုယ်စီနဲ့ပါပဲ။ အသိအမှတ် ပြုလိုက်ရင် တအားဖြစ်စေမှာပါ။ ကိုယ့်ကိုယ်ကို
တိုးတတ်အောင် ကြိုးပမ်းကျရာမှာ လွယ်ကူအောင် လုပ်ချင်စိတ်တွေ အရှိန် မကျအောင်၊
စိတ်ဓာတ်ကျပြီး ရောဂါနဲ့လောကကို အရှုံးပေးချင်တဲ့ စိတ်တွေ လွှမ်းမိုး မသွားအောင်
အားလုံးရဲ့ ဖေးကူ နှစ်သိမ့်မှုတွေက စွမ်းဆောင်နိုင်ပါတယ်။
HIV ပိုးရှိသူတွေကို
ပြစ်တင် ရှုတ်ချခြင်း၊ ခွဲခြား ဆက်ဆံခြင်းတွေဟာ ကမ္ဘာ့ခေါင်းဆောင်တွေ ရည်မှန်း
သဘောတူညီထားတဲ့ "၂၀၁၀ခုနှစ်တွင်
လူတိုင်း ပြည့်စုံ ထိရောက်သော HIV ကာကွယ်ရေး၊
ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး အစီစဉ်များနှင့် လက်လှမ်းမီစေရမည်" ဆိုတဲ့ "Universal
Access" ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ အဟန့်အတား ဖြစ်နေပါတယ်။
တစ်နိုင်ငံချင်း အလိုက် ၂၀၁၀ ခုနှစ်မှာ မိမိတို့လုပ်ဆောင်နိုင်မယ့် အရည်အသွေး
ပြည့်မီ ကာကွယ် ကုသပြုစုရေး ၀န်ဆောင်မှု လုပ်ငန်းတွေ အတွက် ရည်မှန်းချက်
ကိန်းဂဏန်းတွေကို တွက်ချက်ပြီး Universal Access ပန်းတိုင်အဖြစ်
သတ်မှတ်ကာ ပြည့်မီအောင် လုပ်ဆောင် ကြရမှာပါ။ အဲဒီအတွက် လုပ်ဆောင်ဖို့ အချိန် ၂ နှစ်ခန့်သာကျန်တော့တဲ့ အတွက် နယ်ပယ်ကဏ္ဍ အသီးသီးက
လူတိုင်း ပူးပေါင်း ပါဝင်မှသာ ရည်မှန်းချက် ပြည့်ဝနိုင်မှာပါ။
နယ်ပယ်ကဏ္ဍ
အသီးသီးက လူသားတိုင်း မေတ္တာကရုဏာ တရား ရင်မှာထားပြီး HIV
Positive တွေ အတွက်
ကူညီနိုင်မယ့် အကျိုးပြု လုပ်ငန်းတွေမှာ အတူ လက်တွဲပါဝင်ကာ တတ်နိုင်သမျှ ၀ိုင်းဝန်း ဖေးမကြမယ် ဆိုရင်၊ စိတ်ဓာတ်
ခွန်အားနဲ့အတူ နွေးထွေးတဲ့ မေတ္တာတွေကို မျှဝေပေးကြမယ် ဆိုရင် HIV
Positive ဆိုတဲ့ ခံစားမှုဟာ မှေးမှိန်ပြီး တတ်ကျွမ်းတဲ့ ထူးချွန်မှု
တစ်ခုခုနဲ့ လူ့ဘောင် လောကကို အကျိုးပြုနိုင်တဲ့သူ တစ်ဦး ဖြစ်စေနိုင်မှာ အသေအချာပါ။
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးမှာ လူသားတိုင်း ပိုမို ပူးပေါင်း ပါဝင်လာပြီး ၂၀၁၀ ခုနှစ်
Universal Access ပန်းတိုင်ကို ရောက်ရှိ
ပြည့်မီနိုင်စေဖို့ ဆန္ဒပြု ဆုတောင်းလိုက်ပါသည်။
“ဤနေရာတွင်” လည်းသွားရောက်ဖတ်ရှု့နိုင်ပါသည်။




