14
Aug

ကိုကိုမကောင်းဘူးလို့ ဆိုရလေမလားကွယ်





ဆေးလိပ်ကို
လက်က မချစတမ်း သောက်တတ်တဲ့ ယောက်ျားကြောင့် ဆေးလိပ် မသောက်တတ်တဲ့ ဇနီးသည်ဟာ အဆုတ်ကင်ဆာနဲ့
သေရတဲ့ သတင်းတွေ ကြားမိသလို အပျော်ရှာ စိတ်အလို လိုက်မိတဲ့ ခင်ပွန်းသည်ကြောင့် သစ္စာထား
ပေါင်းသင်းတဲ့ အိမ်ထောင်ဖက်မှာလည်း ရောဂါပိုး ကူးစက်ခံရပြီး မရှူ့မလှ သေကြရတာတွေဟာ
မကြာခဏ ကြားလာရပါပြီ။ မျက်ကွယ်မှာ ဘာဖြစ်လာမှန်းမသိ လိုက်ရပဲ နောက်ဆုံး မရှူနိုင်မကယ်နိုင်
အခြေရောက်မှတော့ မျက်ကလဲဆန်ပြာဖြစ်ပြီး အိမ်ထောင် ရှင်မတွေမှာလည်း သူတို့ ယောက်ျားတွေရဲ့
ဆိုးမွေကို တနင့်တပိုးကြီး ခံလိုက်ရတော့ပါပဲ။

ဒီလိုအဖြစ်တွေကို
တားဆီးနိုင်အောင်လို့ စင်္ကာပူ အစိုးရက ကြိုးပမ်းအားထုတ်ပုံကို ၂၀၀၅ ဒီဇင်ဘာလ ၆ရက်နေ့ထုတ်
The Straits Times သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ သတင်းရေးသူ Lee Huo Chieh နဲ့
Theresa Tan တို့ ရေးသားတဲ့ “Your Husband has HIV” “သင်၏ ခင်ပွန်းတွင် HIV ရှိနေသည်”
ဆိုတဲ့ သတင်းဆောင်းပါးကို အများအတွက် တနည်းတဖုံ အကျိုးရှိစေမယ်လို့ ယူဆ မိတဲ့အတွက်
သင့်တော်ရာကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီး
ဌာက အရာတွေဟာ အိမ်ရှေ့ကို စာတစ်စောင်နဲ့အတူ ရောက်လာတဲ့ အချိန်အထိ အမျိုးသမီး ၄၃ ယောက်ရာ
သူတို့ခင်ပွန်းသည်တွေမှာ အိတ်ခ်ျအိုင်ဗွီ ရှိနေပြီဆိုတာကို လုံးဝ မသိခဲ့ရပါဘူး။

သူတို့
အိမ်ထောင်ဖက်တွေ ပြောပြတာကို ကြားရမယ့်အစား သူတို့ဟာ အဲဒီအကြောင်းမှာ စာထဲမှာ ဖတ်လိုက်ရပါတယ်။
လူကိုယ်တိုင် လက်ကမ်းဖြန့်ဝေလာတဲ့ မှတ်ချက် (စာ) ထဲမှာ သူတို့ကို ပြောထားတာကတော့ နှစ်သိမ့်ဆွေးနွေးရေးလုပ်ဖို့
ကူးစက်ရောဂါဌာနမှာ လာရောက်တွေ့ဆုံ နိုင်ကြောင်းနဲ့ အေအိုင်ဒီအက်စ် ဖြစ်စေတဲ့ အိတ်ခ်ျအိုင်ဗွီပိုး
ရှိ၊ မရှိစမ်းသပ် စစ်ဆေးမှုတွေ လုပ်ဖို့ကိုလည်း အကြံပေးထားပါတယ်။

သူတို့တွေထဲက
အမျိုးသမီးနှစ်ဦးမှာတော့ ရောဂါပိုး ကူးစက်ခံရပြီးသား ဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ဦးကတော့
သူတို့ အမျိုးသားတွေနဲ့ ကွာရှင်ထားပြီးသား ဖြစ်နေပါတယ်။

ဒီနှစ်ကုန်မှာတော့
နောက်ထပ် အမျိုးသမီး ရှစ်ယောက်ဆီကို အိမ်ရှေ့တံခါးခေါက် လာရောက်ပြီး သူတို့ ခင်ပွန်းတွေဆီမှာ
အိတ်ခ်ျအိုင်ဗွီ ရှိနေပါပြီ ဆိုတဲ့ အသိပေး အကြောင်းကြားစာ ရောက်လာတော့မှာ ဖြစ်ပါတယ်။

အိမ်ထောင်ရှိတဲ့
အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေကို သူတို့ အိမ်ထောင်ဖက်ကို အကျိုးအကြောင်း ပြောပြဖို့
အားပေးထားပြီး အများစုကတော့ လိုက်နာကြပါတယ်လို့ ဝန်ကြီးဌာက ပြောကြားပါတယ်။ ဒါပေမဲ့
အိမ်ထောင်ရှင် ဝေဒနာ သည်တွေဟာက သူတို့ အိမ်ထောင်ဖက်ကို ဖွင့်ပြောဖို့ရာ ငြင်းဆန် လာရင်တော့
ကျန်းမာရေးဝန်ကြီးဌာနက အရာရှိတွေဟာ အိမ်တိုင်ရာရောက် သွားရောက်ပြီး သူတို့ရဲ့ အိမ်ထောင်ဖက်တွေဆီ
အကြောင်းကြားစာတွေ ဖြန့်ဝေပေးသွားမှာဖြစ်တယ်။

ဒီနှစ်
ဇူလိုင်လက စလို့ ကျန်းမာရေး ဝန်ကြီးဌာနဟာ ရောဂါပိုးရှိသူတွေရဲ့ ဇနီးသည်တွေကို စုံစမ်းပြီး
အကြောင်းကြားမှုကို စတင်ခဲ့ပါတယ်။ ကူးစက်ပိုးရှိသူ ဝေဒနာရှင်ရဲ့ သူဘောတူ ခွင့်ပြုချက်ရပြီးမှ
အိမ်ထောင်ဖက်တွေဆီ အကြောင်းကြားရမယ်ဆိုတဲ့ စည်းမျဉ်းအဟောင်းကို ဖျက်သိမ်းပြီး ခုလို
ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

ဒီလို
ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့နှစ်က အေအိုင်ဒီအက်စ တိုက်ဖျက်ရေးအတွက် ကြိုပမ်းချက် အသစ်
တစ်ရပ်ကနေ ပေါ်ထွက်လာတာဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မီးမဖွားမှီ ပုံမှန်
စစ်ဆေးမှု ပြုလုပ်ပေးတာအပြင် အေအိုင်ဒီအက်စ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Aids
Business Alliance) ဆိုတာ ပေါ်ထွက်လာပြီး လုပ်ငန်းခွင်မှာ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး
အသိပေးမှုတွေလည်း ပါဝင်လာပါတယ်။

ဒီနှစ်
ဇန်နဝါရီ လကနေ အောက်တိုဘာလအထိ လူပေါင်း ၁၉၈ ယောက်မှာ အိတ်ခ်ျအိုင်ဗွီ ရှိတယ်ဆိုတာ စစ်ဆေး
တွေ့ရှိရပြီး သူတို့တွေထဲမှာ အမျိုးသမီးဦးရေ အတွက်ကတော့ ၁၀% လျော့လျော့ ရှိပါတယ်။

နိုင်ငံ့
ကျန်းမာရေး စောင့်ရှောက်မှု ဝန်ကြီး Dr Balaji Sadasivar က “တရားဝင် လက်ထပ် ထားပြီး
လင်ယေက်ျားအပေါ် ကိုယ်တိုင် သစ္စာ စောင့်သိမှုဟာ အမျိုးသမီးတွေ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှု
ကနေ ကာကွယ်ပေးဖို့ရာ မလုံလောက်တော့ပါဘူး။ အများစုဟာ သူတို့ အိမ်ထောင်ဖက်တွေ အပေါ်မှာ
သစ္စာရှိရှိ နေထိုင်ပေမဲ့ ရောဂါ ကူးစက်ခံရတာပါပဲ” လို့ ပြောသွားပါတယ်။

ဒါဟာ
Ms Nair လို့ပဲ လူသိခံချင်တဲ့ အသက် ၃၇ နှစ်အရွယ် အိမ်ထောင်ရှင်မကိုယ်တိုင် ကြုံခဲ့ရတဲ့
ဖြစ်ရပ်နဲ့ ထပ်တူ ကိုက်ညီနေပါတယ်။

လွန်ခဲ့တဲ့
ငါးနှစ်က သူ့ယောက်ျားဟာ ပင်လယ်ရပ်ခြားမှာ ရှိစဉ် အပျော်မယ်ကလေးတွေနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ
မိခဲ့လို့ အေအိုင်ဒီအက်စ် ရှိနေပြီဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ သူယောက်ျား ကိုယ်တိုင်
ဝန်ခံပြောပြဖို့ရာ ခံနိုင်ရည် သတ္တိမရှိလို့ ဆရာဝန်က ပြောပြမှပဲ သူ သိလိုက် ရပါတော့တယ်။

သူက
“ကျွန်မ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ ကျွန်မ အမြဲတမ်းတွေးထင်ခဲ့တာက ဒီလိုရောဂါ မျိုးဟာ
ခန္ဓာကိုယ် ရောင်းချပြီး အသက်မွေး သူတွေမှာသာ ဖြစ်တာ။ ကျွန်မလို အိမ်ထောင်နဲ့ သား၊သမီးတွေရှိတဲ့
မိန်းမတွေမှာ ဖြစ်မှာ မဟုတ်ဘူး” လို့ဆိုပြီး ပြောပါတယ်။

ကံကောင်းထောက်မစွာနဲ့
အသက် ငါးနှစ်ကနေ ၁၄ နှစ်အတွင်းရှိကြတဲ့ သူတို့ရဲ့ သားနှစ်ယောက်နဲ့ သမီးသုံးယောက်တို့ဟာ
ဒီရောဂါကနေ လွတ်မြောက်ကြတာ တွေ့ရပါတယ်။

ဒေါသ
အမျက်နဲ့ နာကျင်ခံစားရပေမဲ့ သူဟာ မနှစ်က သူ့ယောက်ျား သေဆုံးသွားခဲ့တဲ့ အချိန်အထိ ပြုစုပေးခဲ့ပါတယ်။
ဒီနေ့ထိတိုင်အောင် သူ့မိသားစုကတော့ သူ့မှာ အိတ်ခ်ျအိုင်ဗွီ ရှိတဲ့အကြောင်း မသိကြပါဘူး။

သူက
“သူတို့အမေကို ဆုံးရှုံးလိုက်ရမှာကို ကြောက်ရတဲ့ ခံစားမှုမျိုး ကျွန်မ ကလေးတွေ မခံစား
စေချင်ပါဘူး။ ဒါကြောင့် ကျွန်မကတော့ ကျွန်မ တတ်နိုင်သလောက် အချိန်ကြာကြာ နေသွားရုံပါပဲ”
လို့ ပြောသွားပါတယ်။

ဖေါ်ပြပါ
ဆောင်းပါးမှာပါတဲ့ အတိုင်း ကိုယ်တိုင်က ကောင်းကောင်းမွန်မွန် နေပါလျက်နဲ့ အပျော်ရှာ
ရမ္မကြီးသူ တစ်ယောက်ကြောင့် ဘုမသိ ဘမသိနဲ့ Ms Nair လို အဖြစ်မျိုး ကမ္ဘာအနှံ့မှာ အများအပြား
တွေ့ကြုံခံစား နေကြရပါပြီ။

တစ်လွှာခြားရင်
တစ်ကမ္ဘာခြားတယ်လို့ ထင်တတ်ကြတဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံမှု ပြုကြတဲ့ ကိုကို ကာလသားတွေကြောင့်
မိသားစု ကမ္ဘာလေး ပြိုကွဲ ပျက်စီးနေကြရပါတယ်။ မဆင်မခြင် လုပ်မိလို့ သူ့ဒဏ် သူခံပြီး
သေသူက သေသွားရပြီဆိုပေမဲ့ ဝါး အစည်းပြေသလို ကျန်ရစ်ခဲ့တဲ့ ဘဝတွေကို စာနာ ငှဲ့ ညာကြပါ။
“မင်းရဲ့ အမျိုးသားမှာ အိတ်ခ်ျအိုင်ဗွီ ရှိနေပြီ” လို့ သိလိုက်ရတဲ့ အချိန်မှာ ဖြစ်လာရမယ့်
ထိတ်လန့် တုန်လှုပ်မှုကို ဘာနဲ့ နှိုင်းယှဉ်ပြရမလဲ။

သေချာတာကတော့
မလှုပ်နိုင်အောင် တုပ်နှောင်ခံထားရပြီး ရန်သူက နဖူးတည့်တည့်မှာ သေနတ်တေ့ပြီး ချိန်ထားသလိုမျိုးပါ။
အမျိုးသားများကိုယ်တိုင် ဝင်ခံစားကြည့်ကြပါ။ ကျန်ရစ်သူတွေ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့်
အဖြစ်တွေက သေတာထက် ပိုဆိုးပါတယ်။ ဒါကြောင့် ထိန်းချုပ် စောင့်စည်းပါ။ သတိနဲ့ ဆင်ဆင်ခြင်ခြင်
ရှိကြပါလို့ နှိုးဆော်နေကြတာ ဖြစ်ပါတယ်။

“အေးမြချမ်း - ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top