8
Jan

ကိုယ်ခံစွမ်းအားစနစ် တိုးမြှင့်ခြင်းဖြင့် ကင်ဆာရောဂါ တိုက်ဖျက်နိုင်ဖွယ်ရှိ

ကင်ဆာရောဂါနှင့် HIV ရောဂါများကို တိုက်ခိုက်နိုင်သော ဆဲလ်များကို ဓာတ်ခွဲခန်း၌ စမ်းသပ် တွေ့ရှိပြီးနောက် ၎င်းဆဲလ်များသည် ရောဂါများကို တိုက်ဖျက်ရာ၌ အသုံးဝင်နိုင်ဖွယ် ရှိသည်။

သဘာဝအားဖြင့် ၎င်းဆဲလ်များသည် အရေအတွက် အနည်းငယ်သာ တွေ့ရှိရ သော်လည်း လူနာ တစ်ဦးထံသို့ ၎င်းဆဲလ် အရေအတွက် အများအပြားကို ထည့်သွင်းပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား စနစ်ကို အရှိန်မြှင့်တင် ပေးနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်းရသည်။

အဆိုပါ အချက်အလက်များအား ဂျပန်သုတေသီ တစ်ဦးက Cell Stem Cell ဂျာနယ်တွင် ဖော်ပြထားသည်။ စမ်းသပ် တွေ့ရှိသော ရလဒ်များသည် အလားအလာ ကောင်းမွန်သော်လည်း အဆိုပါ ရောဂါ ကုထုံး သည် ဘေးအန္တရာယ် ကင်းရှင်း၍ စိတ်ချရသည်ကို ပြသရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားထားသည်။ သုတေသီများသည် cytotoxic T- cell ဟု ခေါ်သော သွေးဖြူ ဆဲလ်တစ်မျိုးကို စွမ်းအား မြှင့်တင်ခဲ့ကြသည်။ ၎င်းဆဲလ်သည် သာမန် ဆဲလ်များ၏ မျက်နှာပြင်ပေါ်တွင် ရောဂါပိုး ဝင်ရောက်မှု (သို့မဟုတ်) ကင်ဆာ ဖြစ်ပွားမှုကို ဖော်ထုတ်နိုင်ပြီး ၎င်းရောဂါပိုးနှင့် ကင်ဆာဆဲလ်အား မှတ်သား ထားရှိသည်။ ရောဂါပိုး (သို့မဟုတ်) ကင်ဆာဆဲလ်အား မှတ်သား ထားပြီးနောက် ၎င်းဆဲလ်က ရောဂါပိုးများအား တိုက်ဖျက်မှု လုပ်ငန်းကို စတင်နိုင်သည် ဟုလည်း သုတေသီများက သုံးသပ်ခဲ့ကြသည်။

တိုကျို တက္ကသိုလ်နှင့် Riken သုတေ သနဌာနရှိ ဓာတ်မတည့်မှုနှင့် ရောဂါပြီးစနစ် ပညာရပ် ဆိုင်ရာအဖွဲ့များသည် T-cells များကို ပိုမိုဖန်တီး ပြုလုပ်နိုင်ရန် အတွက် အဆင့်မြင့် ပင်မဆဲလ် နည်းပညာများကို အသုံးပြုခဲ့ကြသည်။ အဖွဲ့ တစ်ဖွဲ့သည် လူနာတစ်ဦး၏ အရေပြား ကင်ဆာရောဂါကို အဓိကထား တိုက်ဖျက်သွားမည့် T-cells များကို ထုတ်ယူခဲ့ပြီး အခြားအဖွဲ့ တစ်ဖွဲ့ကမူ HIV ဗိုင်းရပ်စ်ပိုး အတွက် ပစ်မှတ်ထား တိုက်ဖျက်သွားမည့် T-cells များကို ထုတ်ယူခဲ့သည်။

အဆိုပါ T-cells များကို ပင်မဆဲလ်များ အတွင်း ထည့်သွင်းပြီးနောက် ဓာတ်ခွဲခန်း အတွင်း၌ မွေးမြူခြင်းဖြင့် ဆဲလ်များ အများအပြား တိုးပွားလာနိုင် ပေသည်။ ထိုကဲ့သို့ တိုးပွားလာသည့် ဆဲလ်များမှ T-cells အား ပြန်လည် ထုတ်ယူခြင်းဖြင့် ၎င်း T-cells များသည် ကင်ဆာ သို့မဟုတ် HIV ရောဂါတို့အား တိုက်ဖျက် နိုင်သည့် စွမ်းရည်များ ရှိသည်။

အဆိုပါ T-cells များသည် လူတို့အတွက် အန္တရာယ်ရှိ၊ မရှိဆိုသည်နှင့် ၎င်းဆဲလ်များက ကင်ဆာဆဲလ်ကို တိုက်ဖျက် နိုင်မည် ဆိုပါက ရောဂါ မတူသော အခြား ကင်ဆာများတွင် မည်ကဲ့သို့ ဖြစ်လာ နိုင်သည်ကို မသိရှိ နိုင်သေးပေ။ နောက်တစ်ဆင့် အနေဖြင့် T-cells များသည် ခန္ဓာကိုယ်ရှိ အခြားဆဲလ်များကို တိုက်ခိုက်ခြင်း မပြုဘဲ ကင်ဆာဆဲလ် များကိုသာ ရွေးချယ် တိုက်ဖျက်နိုင်ခြင်းရှိ၊ မရှိဆိုသည်ကို စမ်းသပ် သွားမည် ဖြစ်သည်။ ။

မြဝတီ

Royal Hero - ကိုယ်ခံစွမ်းအားစနစ် တိုးမြှင့်ခြင်းဖြင့် ကင်ဆာရောဂါ တိုက်ဖျက်နိုင်ဖွယ်ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top