27
Feb

ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ

အစဆုံးပေါ်ခဲ့တဲ့ ကိုယ်ဝန်တားဆေး Enovid ကို ၁၉၆ဝ မှာစသုံးခဲ့တယ်။ မိသားစုစီမံကိန်းမှာ တော်လှန်ရေးတရပ်လို့ သတ်မှတ်နိုင်ခဲ့တယ်။ နောက်နှစ် ၅ဝ လောက်အတွင်းမှာ တခြား တားနည်း-တားဆေး မျိုးစုံပေါ်လာပေမဲ့ Pill လို့ လူသိများတဲ့ ကိုယ်ဝန်တား-စားဆေးကတော့ ထိပ်ဆုံးမှာသာ ဆက်ရှိပါတယ်။ တကမ္ဘာလုံးမှာ အမျိုးသမီးကြီးငယ် သန်းပေါင်း ၁ဝဝ သုံးနေကြတယ်။ နောက်ပေါ် စားဆေးထဲမှာ အဟောင်းတွေထက် ဟော်မုန်းလျှော့ထည့်ထားလို့ တခြား ဘေးထွက်-ဆိုးကျိုးတွေ နည်းစေတယ်။ ထိရောက်မှုလဲ ရှိပါတယ်။

• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)

တခြား တားနည်း-တားဆေးတွေ -
1. Contraceptive patch အရေပြား ကပ်ထားရသည့် ဆေးကပ်ခွါ၊
2. Condoms (Male and female) ကျား-မ (ကွန်ဒွမ်) များ၊
3. Diaphragms and caps သားအိမ်အဝ အဖုံးများ၊
4. Progestogen-only pill (ပီ-အို-ပီ) ဆေးလုံး၊
5. Contraceptive implant အရေပြားအောက် ထည့်ထားရသည့် ဆေးချောင်း၊
6. Depo Provera သုံးလခံ ထိုးဆေး၊
7. Emergency contraception အရေးပေါ်တားဆေး၊
8. Intrauterine device (IUD)သားအိမ်ထဲထည့် ပစ္စည်း၊
9. Intrauterine system (IUS)သားအိမ်ထဲထည့် တာရှည်ခံဆေး၊
10. Spermicides ကျားသုတ်ပိုး သတ်ဆေး၊

ကိုယ်ဝန်တား စားဆေးထဲမှာ အခြေခံအားဖြင့် (၃) မျိုးရှိတယ်။
၁။ Combination pills (Estrogen + Progestin) ဟော်မုန်း နှစ်မျိုးတွဲဆေး၊
၂။ Minipill (Progesterone) ဟော်မုန်းတမျိုးထဲဆေး နဲ့
၃။ Emergency contraceptive pill အရေးပေါ်တားဆေးတွေ ဖြစ်တယ်။

Combination pills ပေါ်ပြုလာအဖြစ်ဆုံး ဟော်မုန်း နှစ်မျိုးတွဲဆေးကနေ (၁) မျိုးဥထွက်မှာကို တားပေးတယ်။ (၂) သားအိမ်ဝက ချွဲကိုလဲ စေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။ (၃) သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။

Estrogen (အီစထိုဂျင်) ဟော်မုန်းကိုတော့ Ethinyl estradiol အဖြစ်ဘဲသုံးကြပြီး၊ Progesterone (Progestin) ကတော့ သုံးတာမတူကြဘူး။ ဥပမာ Mircette ဆေးထဲမှာ Desogestrel ပါပြီး၊ Yasmin ထဲမှာ Drospirenone ပါတယ်။

ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကပ် နဲ့ ၂၈ လုံးပါဆေးကပ်တွေနဲ့ရှိတယ်။ ၂၁ လုံးဆိုတာ ဟော်မုန်း ပါတာတွေချည်း ဖြစ်တယ်။ ကျန် ၇ လုံးမှာ ဟော်မုန်းမပါဘူး။ ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန် မှာ နောက်ဆေးကပ်သစ် သောက်ဘို့ သိသာတယ်။ ၂၁ လုံးပါဆေးကပ် သောက်သူက ကြားထဲမှာ ၇ ရက်တိတိ နားထားရမယ်။

ဟော်မုန်း နှစ်မျိုးတွဲဆေးထဲမှာလဲ (၃) မျိုးရှိတယ်။ Monophasic (မိုနိုဖေးဆစ်)၊ Biphasic (ဘိုဖေးဆစ်) နဲ့ Triphasic (ထရွိုင်ဖေးဆစ်) တွေလို့ ခေါ်တယ်။
1. Monophasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ တူကြတယ်။ ဆရာဝန်အများစုက ဒီအမျိုးအစားကို ပိုသဘောကျတယ်။ Brand names ဆေးနာမည်တွေကတော့ Alesse, Beyaz, Brevicon, Demulen, Desogen, Levlen, Loestrin, Norinyl, Ortho-Cept, Ortho-Cyclen, Ortho-Novum, Yasmin နဲ့ Yaz (၂၄ + ၄ ပါတယ်) တွေဖြစ်တယ်။
2. Biphasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ မတူတဲ့ ၂ မျိုးပါကြတယ်။ ဆေးနာမည်တွေကတော့ Jenest-28, Mircette, Necon 10/11 နဲ့ Ortho-Novum 10/11 တွေဖြစ်တယ်။
3. Triphasic တွေထဲက ၂၁ လုံးမှာ ဟော်မုန်းအဆ မတူတဲ့ ၃ မျိုးပါကြတယ်။ ဆေးနာမည်တွေကတော့ Ortho-Novum 7/7/7, Ortho Tri-Cyclen, Tri-Levlen, Tri-Norinyl နဲ့ Triphasil တွေဖြစ်တယ်။

ကောင်းချက်တွေက -
နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။

ဘေးထွက်-ဆိုးကျိုးတွေကတော့ -
ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြော ပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။

ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသဲ မကောင်းသူတွေနဲ့ မသင့်ဘူး။

Minipill (Progestin-Only) (မီနီ-ပီးလ်)
• Progestin-only pill (POP) လဲခေါ်တယ်။
• မျိုးဥ ထွက်မှာကို တားပေးတယ်။ သားအိမ်ဝက ချွဲကိုလဲ ပိုပြီးစေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။ သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။
• အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။
• ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ် ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ်။ သွေးတိုးရှိလဲ ဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါ ရှိလဲ သောက်နိုင်တယ်။
• ရာသီဆင်းတာ နည်းတယ်။ ရာသီလာလို့ နာတာသက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။
• ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ်။ ဆေးသောက်ဘို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာသောက်သင့်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေက ဗိုက်နာတတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူး၊ အိပ်ရေးပျက်။
• Brand names ဆေးနာမည်တွေက Micronor, Nor-QD နဲ့ Ovrette တွေဖြစ်တယ်။

Extended-Cycle Pills/Continuous Use Pills ကိုယ်ဝန်နဲ့ရာသီကို တလမက တားပေးတဲ့ဆေး
• ဆေးသစ်ဖြစ်တယ်။ ရာသီလာရင် နာချင်သူတွေ သုံးနိုင်တယ်။ ရာသီကို မလာစေချင်သူတွေလဲ သုံးတယ်။
• Combination pills လိုဘဲ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးလုံးပါတယ်။ ဆေးလုံးတိုင်းမှာ ဟော်မုန်းတွေ ပါနေလို့ ဆေးသောက်နေသမျှ ရာသီသွေး မဆင်းစေပါ။
• Seasonale ဆေးက ၈၈ ရက်သောက်ရတယ်။ ၈၁ ရက်သောက်တာထဲမှာ ဟော်မုန်းတွေ ပါတယ်။ နောက် သောက်ရမဲ့ ၇ ရက်ဆေးမှာ ဟော်မုန်းမပါဘူး။ ရာသီက ၃ လတခါသာ လာလိမ့်မယ်။
• Seasonique ဆေးကတော့ ၈၄ ရက်ဆေးထဲမှာ ဟော်မုန်းတွေ အတူတူပါတယ်။ နောက် ၇ ရက်ဆေးထဲမှာ (အီစထိုဂျင်) နည်းနည်းလေးပါတယ်။ ၄ လမှတခါသာ ရာသီလာမယ်။
• Lybrel ဆေးကတော့ ၃၆၅ ရက်တွက် ဟော်မုန်းတွေ အတူတူပါတယ်။ တနှစ်လုံးလုံး ရာသီမလာစေပါ။
• အလားတူ တခြားဆေးနာမည်တွေက Lybrel, Seasonale နဲ့ Seasonique တွေဖြစ်တယ်။
• ရာသီလာမဲ့ရက်မှာ မင်္ဂလာဆောင်၊ မွေးနေ့ ခရီးထွက်စရာ၊ အရေးကြီးကိစ္စရှိတာ၊ အလုပ်များတာဆိုရင် သောက်သင့်တယ်။ ရာသီလာရင်ဖြစ်ချင်တာတွေ သိပ်ဆိုးသူတွေ သောက်သင့်တယ်။ ရာသီလာခါနီး စိတ်မူပြောင်းလဲတာ ဆိုးသူတွေအတွက် ကလေးလဲ မယူချင်သေးရင် ဒီဆေးမျိုးက ကောင်းတယ်။
• ဘေးထွက်-ဆိုးကျိုးတွေက ကြားရက်မှာ သွေးဆင်းတတ်တယ်။ ပုံမှန် ဟော်မုန်း ၂ မျိုးတွဲတားဆေးတွေအတိုင်း ဖြစ်နိုင်တယ်။

Emergency contraceptive pill အရေးပေါ်တားဆေး
• FDA က အမေရိးကားမှာ အသိအမှတ်ပြုဆေးတွေက Plan B, Next Choice, Plan B One-Step နဲ့ Ella တွေ ဖြစ်တယ်။
• အသက် ၁၇ နှစ်ကျော်ရင် ကိုယ့်ဖါသာ ဝယ်နိုင်တယ်။ Ella ကိုတော့ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။
• Plan B pill (Next Choice) = (Progestin levonorgestrel 0.75 mg) ၁၂ နာရီခြား ၁ ပြားစီ၊
• Plan B One-Step = (Progestin levonorgestrel 1.5 mg) တခါတည်း ၁ ပြား၊
• မျိုးဥ ထွက်မှာကို တားပေးတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြင်ပေးတယ်။
• ဒါပေမဲ့ သန္ဓေဖြစ်နေပြီ (ကိုယ်ဝန်ရှိနေပြီ) ဆိုရင်တော့ ဆက်ကြီးထွားမှာကို မတားနိုင်ဘူး။
• ပဌမဆေးလုံးကို အကာကွယ်မဲ့လိင်ဆက်ဆံမှု ပြုပြီးတာနဲ့ မြန်မြန်သောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယ ဆေးလုံးသောက်ပါ။
• လိင်ဆက်ဆံအပြီး ၇၂ (၃ ရက်) နာရီအတွင်းမှာ ပဌမဆေးလုံးသောက်တာနဲ့ ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။

Plan B emergency contraceptive pills ဆေးရဲ့ အားသာချက်က ၈၉% ထိရောက်တယ်။ ကိုယ်ဝန် ရှိနေရင်လဲ ဆက်ယူလို့ ကလေးကို မထိခိုက်စေဘူး။ အားနည်းချက်ကတော့ ၇၂ နာရီအတွင်းမှာ သောက် ရတယ်။ ဘေးထွက်-ဆိုးကျိုးတွေက တခြား ဟော်မုန်းပါ တားဆေးတွေနဲ့ အတူတူဘဲ။

Ella တားဆေးထဲမှာ Ulipristal ပါတယ်။ ဟော်မုန်းမဟုတ်ဘူး။ သန္ဓေတည်ဘို့လိုအပ်တဲ့ ဟော်မုန်းတွေကို တားဆီးပေးတယ်။ ၁၂ဝ နာရီ (၅ ရက်အထိ) အချိန်ရတယ်။ တပြားထဲသောက်ရတယ်။ ဆရာဝန်လက်မှတ် လိုတယ်။ ဘေးထွက်-ဆိုးကျိုးတွေက တခြား ဟော်မုန်းပါတားဆေးတွေနဲ့ အတူတူဘဲ။ ကိုယ်ဝန်ရှိသလို ထင်နေရင် မသောက်ပါနဲ့။ Abortion drug ဖျက်ဆေးလို့လဲ ခေါ်နိုင်တယ်။

Yuzpe Regimen (ယုဇ်ပီ-ရီဂျင်းမ်) နည်း
• Plan B pill လဲမရှိဘူး၊ Plan B One Step လဲမရှိဘူးဆိုရင် ဒီနည်းသုံးနိုင်တယ်။
• နေရာတကာမှာ လွယ်လွယ်လေးဝယ်ရတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေးကို အဆတမျိုးနဲ့သောက်နည်းဖြစ်တယ်။ ၇၂ နာရီအတွင်း သတ်မှတ်ချက်က အတူတူဘဲ။
• တချို့ဆေးက ၂ ပြား တခါတည်းသောက်၊ နောက် ၁၂ နာရီမှာ နောက်ထပ် ၂ ပြားတွဲသောက်။ တချို့ဆေးက ၅ ပြား တခါတည်းသောက်၊ နောက် ၁၂ နာရီမှာ နောက်ထပ် ၅ ပြားတွဲသောက်။
• Yuzpe Regimen နည်းမှာ အကောင်းဆုံးက (Ethinyl estradiol 50 µg + Levonorgestrel 250 µg) ပါတဲ့ ဆေးပြား ၂ ပြား တခါတည်းသောက်ပြီး နောက် ၁၂ နာရီအကြာမှာလဲ အတူတူ ၂ ပြား ထပ်သောက် ရတယ်။
• ထိရောက်မှု အကောင်းကြီး မဟုတ်ပါ။
• Rifamycin တီဘီဆေး နဲ့ Amobarbital, Butabarbital, Mephobarbital, Secobarbital, Phenobarbital, Phenytoin, Carbamazepine (Tegretol)ဆေးတွေသောက်နေသူတွေက ဆေးပိုများများပေး ရတယ်။ ဒီလိုအမျိုးသမီးတွေက ဆေးသောက်မဲ့အစား IUD သုံးသင့်တယ်။

နောက်တနည်းကတော့ အရေးပေါ် ကိုယ်ဝန်တားဘို့ Mifepristone 100 mg တလုံးသောက်ရတယ်။ အမှန်က ဒီဆေးဟာ ကိုယ်ဝန်ဖျက်ဆေးအဖြစ် သုံးတဲ့ဆေး ဖြစ်တယ်။

ကိုယ်ဝန်ကို ဆေးသုံးဖျက်ခြင်း
• အမေရိကန်နည်း = ၄၉ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 600mg ပါးစပ်ကသောက်ပါ။ ၄၈ နာရီ အကွာမှာ Misoprostol 400µg ပါးစပ်ကနေ သောက်ခိုင်းတယ်။
• ပြင်သစ်နည်း = ၄၉ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 600mg ပါးစပ်ကသောက်ပါ။ ၃၆-၄၈ နာရီ အကွာမှာ Misoprostol 400µg ပါးစပ်ကသောက်တာဖြစ်ဖြစ်၊ Gemeprost 1mg ကို (ဗဂျိုင်းနား) ထဲ ထည့်တာ ဖြစ်ဖြစ် လုပ်ခိုင်းတယ်။
• တခြားနိုင်ငံတွေမှာ သုံးတဲ့နည်း = ၄၉-၅၆-၆၃ ရက်အထိ ကိုယ်ဝန်အတွက် Mifepristone 200mg တလုံးထဲ Orally ပါးစပ်ကနေ သောက်စေတယ်။ ၂ ရက်အကြာမှာ Misoprostol 800µg ကို Vaginally (ဗဂျိုင်းနား) ထဲ ထည့်တာဖြစ်ဖြစ် Buccally ပါးစောင်မှာ ငုံတာဖြစ်ဖြစ် လုပ်ခိုင်းတယ်။

ဒေါက်တာတင့်ဆွေ (၂၅-၂-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်တားစားဆေး ဘယ်ဟာရွေးမလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top